အဝေးပြေးယာဉ်လိုင်းတွေ ပိတ်ထားလို့ ရန်ကုန်ကပြန်မယ့် ခရီးသည်တွေ အခက်ကြုံ

ဝေယံမိုးမြင့်
2021.01.04

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်တွေကြောင့် ရန်ကုန်ကနေ တိုင်းနဲ့ပြည်နယ် အသီးသီးကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေဟာ ၂၀၂၀ မတ်လလောက်ကတည်းက စတင်ရပ်နားထားကြတာ အခုချိန်ထိ ပြန်လည်ပြေးဆွဲတာ မရှိသေးပါဘူး။

အစိုးရရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာကြောင့် ပြေးဆွဲမှုကို ရပ်နားလိုက်ကြတာမျိုး မဟုတ်ဘဲ ပိုးကူးစက်မှာ စိုးရိမ်လို့ စီးမယ့် ခရီးသည်မရှိတော့တာကြောင့် တဖြည်းဖြည်းနဲ့ ပြေးဆွဲမှုတွေ ရပ်ဆိုင်းသွားကြတာပါ။ ခရီးသည်တင် ယာဉ်လိုင်းတွေ မပြေးဆွဲပေမယ့် အရေးကြီးကိစ္စရှိလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်ကြသူ တွေလည်း ရှိပါတယ်။ ဒီလိုလူတွေအတွက်တော့ ကန့်သတ်စောင့်ကြပ်မှုတွေ ခံယူပြီး ပြန်ခွင့်ရှိပါတယ်။

ရောဂါကင်းရှင်းကြောင်း စစ်ဆေးချက်နဲ့အတူ ပြန်လာသူတွေကို ကြပ်မတ်စောင့်ကြည့်ကာလ တစ်ပတ် ထားပြီး ပြန်လာခွင့်ပြုထားတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောပါတယ်။

"ပြန်လာရင် စစ်တောင်းကို ဖြတ်မယ်ဆို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်လာရမယ် တကယ်လို့ စစ်မလာဘူးဆိုရင် စစ်တောင်းမှာ စစ်ပေးတယ်။ မော်လမြိုင်ရောက်ရင် ကွာရန်တင်းတစ်ပတ်ဝင်၊ မပြည့်ခင် ၆ ရက်မြောက် မှာ ပြန်စစ်လို့ နဂတစ်ဆိုရင် အိမ်မှာ ဟုမ်းကွာရန်တင်း တစ်ပတ်ဝင် အဲလိုမျိုးတော့ရှိတယ်။ စစ်တောင်း တံတား ပြန်ဖွင့်ချိန်က စလက်ခံနေတာ စစ်တောင်းတံတားဖွင့်ကာစကတော့ သိပ်မရှိဘူး။ နောက် ပွင့်လင်းရာသီရောက်တော့ ကုမ္ပဏီတွေ အလုပ်သမားတွေလာတာရှိတယ်။"

စစ်တောင်းတံတားဂိတ် ပြန်လည်ဖွင့်လှစ်တဲ့ စက်တင်ဘာလလောက်က စလို့ ပြန်လာသူတွေကို လက်ခံနေတာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးချက် မပါရှိသူတွေကို တံတားဂိတ်မှာ စစ်ဆေးပြီးမှ ပြည်နယ်ထဲကို ဝင်ခွင့်လက်ခံနေတာပါ။

ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရတာ အခက်အခဲတွေ အများအပြားရှိသလို ပုံမှန်ထက် အဆ ၂၀ လောက် ငွေကြေး ပိုမိုကုန်ကျတယ်လို့ မိခင်ဖြစ်သူကို ရန်ကုန်ကနေ မွန်ပြည်နယ် ပြန်ပို့ပေးခဲ့တဲ့ မအေးအေးဇင်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

"အဲတုန်းက ကိုယ့်အစီအစဉ်နဲ့ ကိုယ် စစ်တောင်းဂိတ်အထိ ရန်ကုန်က ကားငှားတယ် စစ်တောင်းဂိတ် ရောက်ရင် ရန်ကုန်ကားသမားက ဟိုဘက်ကျော်လို့မရဘူး ဘာလို့လဲဆိုတော့ ကျော်လို့ရတယ် ပြန်တဲ့သူတွေနဲ့တူတူ ကားသမားကျူဝင် အဲလိုဆိုတော့ ဘယ်ကားသမားမှ ဟိုဘက်ကို မလိုက်ဘူး။ အဲတော့ စစ်တောင်းကတော့ မွန်ပြည်နယ် သံဖြူဇရပ်အထိ ဗော်လံဒီယာကားနဲ့ ချိတ်ရတယ် သူတို့က လာကြိုပေးတယ်။ အဲဒီမှာ ဘာပြသနာတက်လဲဆိုတော့ စစ်တောင်းဂိတ်ရောက်ဖို့ ပဲခူးမြို့ကို ဖြတ်ရတယ် ပဲခူးအစိုးရက လုံးဝဖြတ်ခွင့်မပေးဘူး။ နဂတစ်စာရွက်ရှိမှ ဖြတ်ခွင့်ပေးတယ်။ အမတို့က ဘယ်မှာ သွားစစ်ရမလဲ မသိဘူး။ စစ်တောင်းရောက်တော့ စစ်ပေးတယ်။ အဲမှာ မိနစ် ၂၀ ပဲကြာတယ် နဂတစ် ထွက်တယ်။ အဲမှာစစ်တာကိုစောင့်ပြီး ဟိုဘက်ကိုယ်နဲ့ ချိတ်ထားတဲ့ကားကိုစီးပြီး ပြန်ရတယ်။ ပိုက်ဆံလည်း အရမ်းကုန်တယ်။ ရိုးရိုးပြန်ရင် ၆၀၀၀ ၊ ၇၀၀၀ လောက်ကျမှာကို အဲလို ရိုးရိုး ပြန်ခွင့် မရတော့ ၁ သိန်းခွဲလောက် ကုန်တယ်။"

တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေရပ်ပြန်လာလိုသူတွေကို စေတနာ့ဝန်ထမ်းတွေက အစိုးရနဲ့ ချိတ်ဆက် ခေါ်ယူပေးတာတွေရှိနေပါတယ်။

အဲ့ဒီလိုအစီအစဉ်နဲ့ ပြန်မယ်ဆိုရင် သူတို့ခေါ်ယူမယ့်အချိန်ကို စောင့်ရပြီး ကိုယ်ပြန်လိုတဲ့အချိန် ပြန်ခွင့် မရပါဘူး။

စေတနာ့ဝန်ထမ်းတွေက အစိုးရနဲ့ ချိတ်ဆက်ပြီး အဲဒီလို ပြန်လည်ခေါ်ယူနေပေမယ့် ဒေသတွင်း ကြပ်မတ် စောင့်ကြည့်စခန်းတွေက လက်ခံနိုင်တဲ့ လူဦးရေအခြေအနေပေါ် မူတည်ပြီး ပြန်ခေါ်ယူရတာဖြစ်လို့ တစ်ခေါက်ပြီး နောက်တစ်ခေါက် ထပ်ခေါ်ဖို့ အချိန် ကြာတတ်ပါတယ်။

ရန်ကုန်ရောက်နေတဲ့ မွန်နဲ့ တနင်္သာရီက ဒေသခံတွေကို အဲဒီလိုအစီအစဉ်နဲ့ ပြန်ခေါ်တာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ အစိုးရအစီအစဉ်နဲ့ ပြန်ခေါ်တာ မရှိပေမယ့် ပြန်လာသူအားလုံးကို ကျန်းမာရေး စစ်ဆေးချက်တွေနဲ့ လက်ခံပေးနေတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပြောပါတယ်။

"ကျန်တဲ့တိုင်းတွေလိုပဲ ကျန်းမာရေးထောက်ခံချက် စစ်ဆေးချက်တွေ ပါလာမယ်။ အဲ့ဒါကို စစ်ဆေးမယ် ပြီးရင် တိုင်းတဲ့ဝင်လာမယ့် သတ်မှတ်ထားတဲ့အတိုင်း ကွာရန်တင်းဝင်မယ် ပြီးရင် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပေါ့ ဒါလေးပါပဲ။"

ခရီးသည်တင်မော်တော်ယာဉ်လိုင်း ပြေးဆွဲမှုတွေကို အစိုးရက ရပ်ခိုင်းခဲ့တာမဟုတ်ပေမယ့်လည်း ပြန်လည်ပြေးဆွဲဖို့ကို ဗဟိုက ညွှန်ကြားချက်ရမှ ပြေးဆွဲနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှုး ဒေါက်တာ မောင်အောင်က ပြောပါတယ်။

"စပိတ်တုန်းက ကျနော်တို့က မသွားရဘူးလို့ ပိတ်ခဲ့တာ မဟုတ်ဘူးဗျ။ တိုင်းနဲ့ ပြည်နယ် အသီးသီး မန္တလေး ကပိတ် ရှမ်းပြည်က ပိတ် အဲလိုနဲ့ သွားမရတော့တာ။ တိုင်းနဲ့ ပြည်နယ် အခြေအနေက ဗဟိုကပဲသိမှာ အားလုံးက ချိတ်ဆက်သွားတာဖြစ်တော့ ဗဟိုက ညွှန်ကြားချက်ရမှာ ပြည်ထောင်စုအစိုးရ ကိုဗစ်ဗဟိုက ညွှန်ကြားချက်လာမှ ပြေးလို့ရမှာ။ မြန်မာလေကြောင်းမှာ လုပ်သလိုဆို ဖြစ်နိုင်ပါတယ် ။ မျှော်မှန်းကြည့်တာ ။ စီးချင်တဲ့သူတွေ ယာဉ်မောင်းတွေ လိုက်မဲ့သူတွေတွေ သူတို့ကို ဘယ်လိုဆေးစစ်ပေါ့ စသဖြင့်ပေါ့ အဲလို။"

လက်ရှိအချိန်ထိ ကုန်ပစ္စည်း တင်ပို့တဲ့ကားတွေပဲ ပြေးဆွဲနေပြီး ခရီးသည်တင်ယာဉ်တွေ မပြေးဆွဲသေးသလို ညွှန်ကြားချက် တစ်စုံတစ်ရာလည်း မထွက်လာသေးဘူးလို့ အဝေးပြေးယာဉ်လိုင်းတစ်ခုဖြစ်တဲ့ JJ Express က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ခရီးသည်ကတော့ မတင်သေးဘူး။ အိတ်စ်ပရက်စ်ကားတွေနဲ့ပဲ ပစ္စည်းတင်ပြီး ပစ္စည်းပို့တာတော့ ရှိတယ်။"

ခရီးသည်တင်ယာဉ်တွေ ပြန်လည်ပြေးဆွဲရေး အခြေအနေတွေကို သိနိုင်ဖို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရန်ကုန်တိုင်းကို အခြေပြုပြီး အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာအဝေးပြေးကနေ ပြည်နယ်နဲ့ တိုင်း အသီးသီးကို ပြေဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၈၇ လိုင်း၊ ယာဉ်အစီးရေ ၃၇၀၀ ကျော်ရှိပါတယ်။ အဲဒီ ခရီးသည်တင်ယာဉ်တွေ အာလုံးပြန်မဖွင့်သေးပေမယ့် ကုန်စည်ပို့ဆောင်ရေး ယာဉ်တွေကတော့ အသွားအလာတွေရှိနေပါတယ်။

ရန်ကုန်ကနေထွက်တဲ့ ပြည်တွင်းလေကြောင်းခရီးတွေကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့က ပြန်လည်စတင် ပြေးဆွဲနေပြီဖြစ်ပြီး လေယာဉ်မစီးခင် ၃၆ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ကျန်းမာရေး စစ်ဆေးချက် ရယူထားရမှာဖြစ်တဲ့အပြင် သက်ဆိုင်ရာမြို့တွေကို ရောက်တဲ့အခါ ၇ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။