ကပ်ရောဂါကာကွယ်ရေးနည်းတွေကို မသန်စွမ်းတွေ သုံးဖို့ခက်နေ
2020.12.03
ဒီနေ့ ဒီဇင်ဘာ ၃ နေ့ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်မှာ ရောဂါပိုး ကူးစက်မခံရအောင် သတိကြီးကြီးထားပြီး နေထိုင်နေရပါတယ်။ မသန်စွမ်းတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေကို လိုက်နာပြီး လှုပ်ရှားသွားလာဖို့ အခက်အခဲတွေရှိနေပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မသန်စွမ်း အယောက် ၃၀ ကျော်ရှိနေပြီး စောင့်ကြည့်စင်တာတွေမှာ နေထိုင်နေရသူ ၆၀ နီးပါးရှိနေပါပြီ။ သေဆုံးသူ နှစ်ယောက်ရှိပါတယ်။
မသန်စွမ်းကြသူတွေဟာ နေ့စဉ်လိုလို တပါးသူရဲ့ အကူညီ၊ ဘီးလှည့်တွန်းလှည်း၊ လက်ကိုင်တုတ်လို ပစ္စည်း အကူညီတွေကို ယူနေကြရတာပါ။
လှိုင်သာယာမြို့နယ်ကနေ အင်းစိန်ကို နေ့တိုင်းအသွားအပြန် လိုင်းကားစီးနေတဲ့ ကိုမျိုးအောင်က အမြင်အာရုံ မသန်စွမ်းသူ တစ်ယောက်ပါ။
သူက အရင်တုန်းကတော့ ကားလမ်းကူးတဲ့အခါ တခြားတစ်ယောက်ရဲ့ အကူညီတွေယူလို့ရပေမဲ့ အခုကာလ မှာတော့ ထိတွေ့မှုကို ရှောင်ရတဲ့အတွက် သွားလာရ ခက်ခဲနေပါတယ်။
မသန်စွမ်းမှုတွေထဲမှာ ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ အကြားအာရုံနဲ့ ဉာဏ်ရည် မသန်စွမ်းအမျိုးအစားတွေ ရှိနေပါတယ်။
ကပ်ရောဂါကြောင့် ခပ်ခွာခွာနေရမယ်၊ ထိတွေ့မှုနည်းအောင် နေကြရမယ်ဆိုတဲ့ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို မသန်စွမ်းသူတွေ လိုက်နာဖို့ အခက်ခဲရှိနေသလို၊ အဲဒီနည်းလမ်းတွေကို လိုက်နာရင်လည်း သွားလာလှုပ်ရှားဖို့ အခက်ခဲဖြစ်နေကြရပါတယ်။
ဥပမာအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနကနေ ရောဂါပိုးမကူးအောင် လှေကားလက်ရမ်းတွေကို မကိုင်တွယ်ဖို့ ပြောထားတဲ့ကိစ္စဟာ အမြင်အာရုံ မသန်စွမ်းတွေနဲ့ ခြေထောက်မကောင်းတဲ့ ကိုယ်အင်္ဂါမသန်စွမ်းတွေ ကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။
ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုသန့်ဇော်ဦးက လှေကားလက်ရမ်းတွေကို မကိုင်တွယ်ဘဲနေဖို့ မဖြစ်နိုင်ဘူးလို့ သူ့အတွေ့အကြုံကို ရင်ဖွင့်ပါတယ်။
“လှေကား လက်ရမ်းတွေကို မကိုင်ရတာမျိုးတွေရှိတယ်ပေါ့။ အဲဒါကျတော့ ကျနော်တို့က ကိုယ်အင်္ဂါမသန် စွမ်းဖြစ်တဲ့အတွက် ကျန်းမာရေးဌာနက လက်ရမ်းတွေ၊ တံခါးလက်ကိုင်တွေ မကိုင်ဖို့ စည်းကမ်းချက်တွေ ထုတ်ထားပေမဲ့လေ မကိုင်ရင်အဆင်မပြေတော့ ကိုင်ရတာမျိုးတွေရှိတယ်။ အခုဆိုရင် ကိုယ်အင်္ဂါမသန် စွမ်းတွေ စောင့်ကြည့်စင်တာတွေ ရောက်သွားရင်လည်း လှေကားထစ်တက်ရတဲ အခက်အခဲတွေ အဆင်မပြေတာတွေ ကြားနေရတယ်။”
ရောဂါပိုးကူးစက်ခံထားရတာ သို့မဟုတ် ပိုးရှိသူနဲ့ ထိတွေ့မိတာကြောင့် သီးခြားစောင့်ကြည့်စင်တာတွေ ရောက်သွားတဲ့ ကိုယ်အင်္ဂါမသန်စွမ်းတွေမှာလည်း ဘီးတွန်းလှည်းနဲ့သွားဖို့ အခက်ခဲဖြစ်နေပါတယ်။
အကြားအာရုံ မသန်စွမ်းသူတွေက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကာကွယ်တားဆီးနည်းတွေ၊ သတင်းမီဒီယာတွေက လွှင့်နေတဲ့ သတင်းအချက်အလက်တွေကို ကြားသိဖို့ ခက်ခဲနေသလို စောင့်ကြည့်စင်တာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အဆက်အသွယ်ရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
မွေးကတည်းက အကြားအာရုံမသန်စွမ်းသူတွေက လက်သင်္ကေတ ဘာသာစကားနဲ့ ဆက်သွယ်ကြပါတယ်။ အသက်အရွယ်တစ်ခုရောက်မှ အကြားအာရုံ မသန်စွမ်းဖြစ်သွားသူတွေကတော့ စကားပြောနိုင်ပေမဲ့ လက်ရေးတွေ ဖတ်ပြီးမှသာ ဆက်သွယ်နိုင်ကြတာပါ။
အဲဒါကြောင့် ဆေးရုံရောက်နေတဲ့ အကြားအာရုံမသန်စွမ်းတွေအတွက် ကြားခံပြောပေးနိုင်မယ့် အကူအညီ တစ်ခု လိုအပ်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ရဲ့ အမှုဆောင်တစ်ယောက်လည်းဖြစ် အကြားအာရုံ မသန်စွမ်းသူလည်းဖြစ်တဲ့ ဒေါ်ရတနာအောင်က ပြောပါတယ်။
“နားမကြားသူတွေအတွက် အဓိကအခက်ခဲက ဘာသာစကားပါ။ နားမကြားသူတွေရဲ့ အထောက်ပံ့က တခြားသူတွေလိုမျိုး ပစ္စည်းကိရိယာမဟုတ်ဘဲ လူသား အထောက်ပံ့ဖြစ်နေတယ်။ အဲဒါကြောင့် ဆေးရုံတို့ စင်တာတွေမှာ သူတို့ကို ဘာသာပြန်ပေးဖို့လိုတယ်။ အခုချိန်မှာ သူတို့ကို ဘာသာပြန်ဖို့ လူကသွားလို့ မရတော့ သူတို့အဆင်ပြေနိုင်မယ့် Zoom နဲ့ ပြန်ပေးဖို့ဆိုလည်း လိုအပ်တာတွေ ထည့်ပေးဖို့လိုမယ်။”
အကြားအာရုံ မသန်စွမ်းတွေက ပါးစပ်အလှုပ်ကိုကြည့်ပြီး ဘာပြောတယ်ဆိုတာ ခန့်မှန်းပြီး နားလည်ရတာပါ။ ကပ်ဘေးကာလမှာ လိုအပ်ချက်အရ နှာခေါင်း စည်းတွေတပ်ပြီး ပြောကြတဲ့အခါ ဘာပြောတယ်ဆိုတာ ခန့်မှန်းလို့မရနိုင်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။
ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်လက် ရယူနိုင်ဖို့ နိုင်ငံပိုင်သတင်းမီဒီယာတွေအပါအဝင် ပုဂ္ဂလိကမီဒီယာတွေမှာပါ လက်သင်္ကေတဘာသာစကား ထည့်ပေးဖို့ သူတို့က လိုလားနေကြပါတယ်။
တခြားမသန်စွမ်းတွေထက် ပိုပြီးဂရုစိုက်ဖို့လိုအပ်တဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေကိုတော့ ရောဂါပိုး ကူးစက်မခံရအောင် မိသားစုဝင်တွေက မျက်ခြေမပြတ် စောင့်ရှောက်ပေးနေရပါတယ်။
အသက် ၁၇ နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်းသူ မိန်းကလေးရဲ့မိခင် ဒေါ်မာလာဖြူကတော့ သူ့သမီးကို ရောဂါပိုး ကူးစက်မခံရအောင် အရင်ကာလတွေထက် ပိုပြီးဂရုစိုက်နေရတယ်လို့ ပြောပါတယ်။
“ဉာဏ်ရည် မသန်စွမ်းကလေးတွေကျတော့ သူတို့ကို အရမ်းရှင်းရတယ်။ အရမ်းလွယ်ကူရတယ်။ တစ်ခုခုကို ကိုင်ပြီး လက်ဆေးမယ်ဆိုရင် ဆပ်ပြာနဲ့လက်ကို သေသေချာချာဆေးမယ်၊ သူတို့ဘေးမှာ လွယ် လွယ်ကူကူဖြစ်အောင် ပေးရတယ်။ နောက်ပြီး သူတို့မှာ အများကြီး မစဉ်းစားနိုင်ဘူး။ အဲဒီမှာ သူတို့ ကို ပိုပြီး ဂရုစိုက်ဖို့လိုတာပေါ့၊ ဘာလို့ဆို သူတို့တစ်ခုခုကိုင်ပြီး မျက်လုံး၊ နားရွက် သွားကိုင်လိုက်မယ် ဆိုရင် ရောဂါကို ဖိတ်ခေါ်သလိုဖြစ်တယ်လေ။ အဲဒါကြောင့် တခြားအခြေအနေတွေထက် ပိုပြီး ဂရုစိုက်နေ ရတယ်။”
လက်ရှိအနေထားအရ စောင့်ကြည့်စင်တာတွေ၊ ဆေးရုံတွေမှာ မသန်စွမ်းတွေအတွက် သီးခြားကူညီ ပေးနိုင်တာ မရှိသေးဘဲ အဆင်ပြေသလို ကူညီပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်ကာလမှာ မရှိနွမ်းပါး မသန်စွမ်းတွေကို ထောက်ပံ့ပေးရာမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းသူများ ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီက ဒေါက်တာမျိုးမြတ်မောင်က ပြောပါတယ်။
“အခုလောလောဆယ် ဘာပြဿနာရှိလဲဆိုတော့ ပေါ့စတစ်နဲ့ စောင့်ကြည့်လူနာတွေက တိုးတိုးလာတယ် ပေါ့ဗျာ။ အရင်ကတော့ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေပြီးတော့ ထောက်ပံ့ တာမျိုးရှိတယ်ဗျ။ အခုက အခုကတော့ Proposal တင်ပေါ့ဗျာ၊ အဲဒါတင်ပြီးတော့မှ အတည်ပြုတာတွေ လုပ်တယ်။ ကျလာမှသာ ပေးနိုင်မယ့်အနေထားဆိုတော့ ပူးပေါင်းကော်မတီကနေ တခြားအလှူရှင်တွေရဲ့ အထောက်ပံ့နဲ့ ထိန်းပေးနေတာပေါ့။ ဖြစ်နိုင်ရင်တော့ အစိုးရကနေ ချက်ချင်းတက် ချက်ချင်းပေးနိုင်တဲ့ Channal တစ်ခု လုပ်ပေးထားရင် ကောင်းမယ်။”
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ၁ ဒဿမ ၂ သန်းကျော် ရှိပါတယ်။ ကပ်ဘေး ကာလမှာ အစိုးရဘက်က ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းတွေ၊ စောင့်ကြည့်စင်တာတွေနဲ့ ဆေးရုံတွေမှာ မသန်စွမ်းတွေကို ကူညီပေးဖို့ အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ မသန်စွမ်းတွေက လိုလားနေကြပါတယ်။