တယ်လီနောနဲ့ အူရီဒူး ပြန်ထွက်မှုကြောင့် ဆက်သွယ်ရေးလုံခြုံမှုအခြေအနေ ပိုဆိုးလာနိုင်

ကာတာနိုင်ငံအခြေစိုက် အူရီဒူးဆက်သွယ်ရေးကုမ္ပဏီရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီလို့ အူရီဒူးဆက်သွယ်ရေး ကုမ္ပဏီက စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
စင်ကာပူရှိ Ooredoo Asian Investments ကုမ္ပဏီ (OAI) က မြန်မာပြည်တွင်းက သူ့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းကို မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်တဲ့ စင်ကာပူက Nine Communications ကုမ္ပဏီထံ အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူ လိုက်တာပါ။
“စီးပွားရေး ပြန်ထွက်တယ်ဆိုကတည်းကိုက အကုန်နစ်နာမှာပဲလေ"
လက်ရှိ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူတွေဘက်က အမျိုးသားအကျိုးစီးပွားရှု့ထောင့်ကနေ ကိုင်တွယ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီး အခုလို ပြန်ထွက်သွားတာလို့ စီးပွားရေးဆောင်းပါးတွေ ရေးသားနေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) က RFA ကို ပြောပါတယ်။
“အခုလို အကျပ်အတည်းတွေ ဘာတွေဖြစ်တဲ့အခါကျတော့ ကိုယ့်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား ရှု့ထောင့်ကနေ ပြန်ကိုင်တွယ်တဲ့အခါမှာ ပွတ်တိုက်မှုတွေဖြစ်တာပေါ့။ ပွတ်တိုက်မှုဖြစ်လို့ ထွက်သွားတာပါ။ Investment Trust နိမ့်တယ်မြင့်တယ်ဆိုတာ ကတော့ ပြောဖို့စောပါသေးတယ်။ နိုင်ငံတကာက တိုင်းတဲ့ Indicator တွေကို လေး ငါးဆယ်ခုလောက် ကျနော်တို့ ကြည့်ရဦးမယ်။ Governance လား၊ Company Index လား၊ နောက်ပြီး Doing Business လား ဆိုတဲ့ ဟာတွေက အများကြီး ရှိသေးတယ်။ အဲဒီဟာတွေနဲ့ အကုန်လုံး တိုင်းပြည်တော့မှ ဒါမှသာ Investment Trust နဲ့ ပတ်သက် ပြီးတော့ ဒီလိုတော့ ဖြစ်နေပြီဆိုတာ ပြောရမှာဖြစ်ပါတယ်”
ဆက်သွယ်ရေးကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်း ရှယ်ယာအပြည့်အဝကို ပိုင်ဆိုင်လိုတာဖြစ်ပြီး အခုနောက်ပိုင်းမှာ မြန်မာဘက်ကလည်း ရှယ်ယာတွေကို အချိုးကျ ခွင့်ပြုပေးဖို့ တောင်းဆိုလာတဲ့အခါ နိုင်ငံခြားကုမ္ပဏီတွေဘက်က လက်မခံနိုင်ဘဲ ပွတ်တိုက် မှုတွေ ဖြစ်လာတာလို့ ဦးသန်းစိုးက ရှင်းပြပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ စီးပွားရေးနဲ့ မူဝါဒရေးရာ ပညာရှင်တစ်ဦးကလည်း တယ် လီနောနဲ့ အော်ရီဒူးတို့လို ဆက်သွယ်ရေးကုမ္ပဏီကြီးတွေ ပြန်ထွက်သွားတာဟာ နိုင်ငံရေး ဖိအားတွေကြောင့် မဟုတ်ဘဲ အကျိုးအမြတ်နည်းလို့ ပြန်ရုပ်သွားတာလို့ RFA ကို ပြောပါ တယ်။
အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုသူတွေကလည်း မြန်မာပြည်ကို ယုံကြည် မှုကျဆင်းနေချိန် ပြည်တွင်းမှာ လုပ်ရကိုင်ရ ခက်ခဲလာတာ၊ ချုပ်ကိုင်မှုတွေ ပိုများလာတာနဲ့ နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ မှုတွေကိုပါ ကြုံတွေ့လာနိုင်တာကြောင့် စောစောစီး စီး ပြန်ထွက်သွားကြတာလို့ သူက ဆိုပါတယ်။
အူရီဒူးမြန်မာကို ဝယ်ယူလိုက်တဲ့ Nine Communications ကုမ္ပဏီကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှာ နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိတဲ့ ဦးဉာဏ်ဝင်းက ပိုင်ဆိုင်ကြောင်း စက်တင် ဘာ ၈ ရက် Ooredoo ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ပြည်တွင်း သတင်းမီဒီယာအချို့ကတော့ အူရီဒူးမြန်မာကို နောက်ကွယ်ကနေ ဝယ်ယူလိုက် သူဟာ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန် ဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။
အူရီဒူးမတိုင်ခင်မှာ နော်ဝေးအခြေစိုက် တယ်လီနော ကုမ္ပဏီလည်း မြန်မာနိုင်ငံကနေ အပြီးပြန်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခု ၂၀၂၂ နှစ်လယ်ပိုင်းမှာ စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီကနေ Atom ဆိုတဲ့ အမည်သစ်နဲ့ ဆက်လက်လုပ်ကိုင်နေပါတယ်။
နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူ အချို့ကတော့ လူတစ်ဦးချင်းစီရဲ့ ဒေတာအချက် အလက် လုံခြုံမှုနဲ့ လွတ်လပ်စွာ သတင်းသိပိုင်ခွင့် အပါအဝင် အခြေခံလူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာတဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေ ပြန်ထွက်သွားတာဟာ မြန်မာပြည်သူတွေအတွက် ထိခိုက်နစ်နာတယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးဖြစ်သူ မဇာခြည်ကတော့ အရင်က ဆက်သွယ်ရေးကဏ္ဍမှာ ရွေးချယ်စရာများစွာရှိပေမယ့် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာတော့ ဘောင်ကျဉ်းလာ တယ်လို့ RFA ကို ပြောပါတယ်။
“အော်ပရေတာတွေက အရင်တုန်းကဆိုရင် ရွေးချယ်စရာ အများကြီးရှိတယ်ပေါ့နော်။ ကျမတို့က အခုဆိုရင် Mytel လည်း မသုံးဘူးဆိုတော့ အော်ရီဒူးတို့ တယ်လီနော်တို့က နိုင်ငံခြားကနေဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတော့ အဲဒီဖုန်းတွေကိုတော့ စိတ်ချလက်ချနဲ့ သုံးတယ်ပေါ့။ နောက်ပိုင်းကျတော့ သူတို့ရင်းနှီးမြုပ်နှံမှုကို ထားပြီးတော့ Local မှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကပဲ တဖက်လှည့်နဲ့ ပြန်ဝယ်တဲ့ပုံစံမျိုး လုပ်တဲ့အခါကျတော့ ကျမတို့ ပြည်သူတွေအနေနဲ့ ဖုန်းသုံးရတဲ့အနေအထားမှာ လုံခြုံမှုဘောင်ကျဉ်းလာတဲ့ သဘောပေါ့နော်”
အရင်တုန်းက ဖုန်းကတ်တစ်ခုကို မကြိုက်တော့ဘူးဆိုရင် တခြားတစ်ကတ်ခု လွယ်လွယ် ကူကူ ပြောင်းကိုင်လို့ရပြီး အခုနောက်ပိုင်းမှာတော့ လက်ရှိသုံးနေတဲ့ ဆင်းမ်ကတ်က အဆင်မပြေတော့ဘူးဆိုရင် နောက်ဘယ်လိုကတ်မျိုးကို စိတ်ချလုံခြုံစွာ သုံးရမလဲဆိုတာ အတော်စဉ်းစားနေရပြီလို့ သူက ပြောပါတယ်။
နောက်ထပ် ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘယ်ဖုန်းလိုင်းမဆို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားလို့ လုံခြုံမှု မရှိနိုင်တော့ ဘူးလို့ RFA ကို ပြောပါတယ်။
“စပြီးတော့ အာဏာသိမ်းပြီ ဆိုကတည်းက အကုန်လုံး သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ ဆိုကတည်းက ကျမ အထင်ပေါ့နော်။ ဘယ်အော်ပရေတာမှတော့ တစ်ခု မှ Save ဖြစ်မယ်မထင်ဘူး။ ထားပါတော့ ကျမဖုန်းနံပါတ်နဲ့ ပတ်သက်တဲ့ Data လိုချင် တယ်ဆိုရင် အလွယ်တကူပဲ ရနိုင်တယ်လို့ ထင်တယ်။ အဲဒီတော့ ဘယ်ဖုန်းနံပါတ်၊ ဘယ်လိုင်းကိုမဆို ကျမ အယုံအကြည် မရှိဘူးရှင့်”
အခုချိန်မှာ ဆက်သွယ်ရေးကုမ္ပဏီတွေကနေတဆင့် အရပ်သားတွေရဲ့ ကိုယ်ရေးအချက် အလက်တွေကို စစ်ကောင်စီက ထိန်းချုပ်ထားပြီးသား ဖြစ်နေပြီလို့ ရန်ကုန်မြို့က နည်း ပညာကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ပြောနေတာတွေ အကုန်လုံးက Recorded ဖြစ်နေမယ်။ ပြီးရင် သူတို့က Key Main Words လေးတွေနဲ့ Searching လုပ်နိုင်တဲ့ Capacity ရှိနေမှာပဲပေါ့နော်။ တဖက်က သူသိချင်တဲ့ Key Words တွေဖြစ်တဲ့ PDF တို့ NUG တို့ အဲဒီလိုမျိုး စကားလုံး တွေကို ပါလာတဲ့ဟာတွေကို ရှာလိုက်လို့ရှိရင် သူတို့မှာ ဖုန်းပြောတဲ့ Record တွေ ရှိနိုင် တယ်ပေါ့နော်။ အဲဒီဖုန်းပြောတဲ့ Record တွေကို ပြန်နားထောင်မယ်။ ကျနော်တို့သည် သာမန်ရိုးကျ ပြောတာမျိုးဆိုရင် သူတို့ အဲဒီ Recording ကို အရေးတယူ မလုပ်နိုင်ဘူး ပေါ့နော်။ တခြား Sensitive ဖြစ်တဲ့ဟာမျိုး ပြောမယ်ဆိုရင်တော့ ကျနော် ထင်တယ်။ သူတို့ Detail ဖတ်ပြီးတော့ Follow Up လိုက်နိုင်တယ်ပေါ့နော်”
အာဏာသိမ်းပြီးပြီးချင်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တည် ဆဲဥပဒေတွေထဲက နိုင်လွတ်လုံ လို့ခေါ်ကြတဲ့ နိုင်ငံသားတွေရဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနဲ့ လုံခြုံမှု ကာကွယ်ရေး ဥပဒေပုဒ်မ-၅၊ ၇ နဲ့ ၈ ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းလိုက် ကြောင်း လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံသားတွေရဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံမှု ကာကွယ်ရေး ဥပဒေပုဒ်မ-၅၊ ၇ နဲ့ ၈ တို့မှာ တစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်ရေးပစ္စည်း ကိရိယာတစ်မျိုးမျိုးနဲ့ ဆက်သွယ်ပြော ဆိုတာကို ကြားဖြတ်ဖမ်းယူ နားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်း၊ ဆက်သွယ်ရေး အော်ပရေတာတွေထံကနေ လူပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး သတင်းအချက်အလက်တွေ တောင်းယူခြင်း၊ ထုတ်ပေး ခြင်းမပြုရဆိုပြီး တားမြစ်ထားတာပါ။ အဲဒီတားမြစ်ချက်တွေကို အာဏာသိမ်းပြီးတဲ့နောက် မှာ စစ်ကောင်စီဥက္ကဋ္ဌက ပယ်ဖျက်လိုက်တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ အခုလို နိုင်ငံခြားသား ကုမ္ပဏီကြီးတွေ ပြန်ထွက်သွားတဲ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု အခွင့်အရေးတွေ အပြင် စီးပွားရေးအရပါ တိုင်းပြည်ရော ပြည်သူရော အားလုံးထိခိုက်နစ်နာတယ်လို့ မှတ်ချက်ပေးပါတယ်။
“စီးပွားရေး ပြန်ထွက်တယ်ဆိုကတည်းကိုက အကုန်နစ်နာမှာပဲလေ။ ပထမ စီးပွားရေး ဆိုတဲ့ဥစ္စာက နိုင်ငံအတွင်း ဝင်ငွေတိုးတယ်။ အလုပ်အကိုင် အခွင့်အလမ်းရတယ်။ ပြီးရင် အခြား နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေလည်း ပိုပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစရှိတယ်။ ဆိုတော့ စီးပွားရေးတွေ မရှိဘူးဆိုရင်တော့ ကျနော်တို့ တဖြည်းဖြည်းနဲ့ ဝင်ငွေလျော့ပါးလာမယ်။ အလုပ်အကိုင်အခွင့်အလမ်း လျော့ပါးလာမယ်။ ဆင်းရဲနွမ်းပါး လာမယ်။ ပြီးတော့ ခိုးဆိုးလုယက်တာတွေ ပိုများလာမှာပေါ့”
ပြည်တွင်းကို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေချင်ရင် ကိုယ့်ဘက်ကနေ ပြင်ဆင်မှု တွေလုပ်ဖို့ အများကြီးလိုအပ်နေပြီး ခိုင်မာတဲ့ ရင်နှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီး ပေးနိုင်မှသာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှာလို့လည်း နိုင်ငံရေး စီးပွားရေး ပညာရှင်တွေက ထောက်ပြအကြံပေးကြပါတယ်။