ထိုင်းနိုင်ငံ ဦးဆောင်ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဝေဖန်ခံနေရ
2023.06.21

ဇွန်လ ၁၉ ရက် ထိုင်းနိုင်ငံ ပတ္တရားမြို့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အာဆီယံဆုံးဖြတ်ချက်နဲ့ ပိတ်ပင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပေးခဲ့တာ ဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်း ဝီနိုင်း ဦးဆောင်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အတူ အာဆီယံထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ပါတယ်။ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနဲ့အတူ မလေးရှားနဲ့ စင်ကာပူနိုင်ငံ ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ပါဘူး။
"ဒါက ဘာလဲဆိုတော့ အာဆီယံအဖွဲ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေ မူဝါဒတွေကို ချိုးဖောက်တာပဲ"
ဒီဆွေးနွေးပွဲဟာ အာဆီယံရဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သလို အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်စွက်ဖက်ရာ ရောက်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော် က ထောက်ပြဝေဖန်ပါတယ်။
"ဒါက ဘာလဲဆိုတော့ အာဆီယံအဖွဲ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေ မူဝါဒတွေကို ချိုးဖောက်တာပဲ။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဆိုရင်လည်း ဒီလိုမျိုး အလွတ်သဘော ထိတွေ့မှုတွေ လုပ်နေတယ်။ တရားဝင် ထိတွေ့မှုတွေလည်း လုပ်နေတယ်။ အဲဒီထဲမှာ သူတို့ထိတွေ့ဆက်ဆံတဲ့ ဆွေးနွေးတဲ့ အထဲမှာ စစ်တပ်လည်း ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလည်းပါတယ်။ တခြား သက်ဆိုင်တဲ့၊ အရေးကြီးတဲ့ အဖွဲ့အစည်းတွေလည်း ပါတယ်။ အာဆီယံ အထူး ကိုယ်စားလှယ်ရုံးလည်း ဖွင့်ထားတယ်။ အာဆီယံ အထူးကိုယ်စားလှယ်လည်း ရှိတယ်။ အဲဒီအလုပ်က အာဆီယံက တာဝန်ပေးထားတဲ့ အထူးကိုယ်စားလှယ်ရုံး၊ အထူးကိုယ်စားလှယ်ကနေပြီးတော့ လုပ်ရမယ့်ကိစ္စလို့ မြင်မိပါတယ်"
မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ထိထိရောက်ရောက် အကောင်အထည် မဖော်တဲ့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာဘက်က အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက်ခွင့်ကို အာဆီယံအသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပိတ်ပင်ထားတာပါ။
ထိုင်းနိုင်ငံက ဒီဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ခဲ့ရုံမက လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားလုပ်ရမယ့်အလုပ်ကို ကျော်လွန်လုပ်ဆောင်တဲ့အပေါ် မြန်မာနိုင်ငံနဲ့ အာဆီယံဒေသတွင်းမှာပါ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။
ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ အိမ်ရှင် ထိုင်းနိုင်ငံနဲ့ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့တဲ့ မလေးရှား၊ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနတွေထံ RFA က အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ထိုင်းဘက်ကတော့ မြန်မာနိုင်ငံကို ပြန်လည်စေ့စပ်ညှိနှိုင်းရမယ်၊ ခေါင်းဆောင်ပိုင်းအဆင့် မှာ အပြည့်အ၀ ပြန်လည်ဆက်ဆံသင့်တယ်လို့ သူ့ရဲ့ အစည်းအဝေးဖိတ်ကြားစာမှာ ဖော်ပြပါတယ်။
ထိုင်းဟာ မြန်မာနဲ့ မိုင်ပေါင်း နှစ်ထောင်ကျော် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံ မတည်ငြိမ်တဲ့အတွက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဒုက္ခသည်ပြဿနာကို တခြားနိုင်ငံတွေထက် ပိုခံစားနေရ ပါတယ်လို့ ဒေသတွင်းမီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အကြောင်းပြခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်းထားတဲ့ လက်ရှိ ထိုင်းအိမ်စောင့်အစိုးရက သူ့မှာ အာဏာ ရှိနေသေးတယ် ဆိုတာကို ပြချင်ရုံ သက်သက်လုပ်တဲ့ ဆွေးနွေးပွဲပါလို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။
"ထိုင်းအစိုးရက သူ့အစိုးရ မျက်နှာအတွက် လုပ်နေတယ်လို့ ကျွန်မထင်တယ်။ တကယ်တော့ သူ့အနေနဲ့ ဘာမှ လုပ်စရာမရှိတော့ဘူး၊ ရွေးကောက်ပွဲလည်း ရှုံးထားပြီ၊ ထိုင်းအစိုးရသစ် ဖွဲ့ရမယ့်အနေအထားမှာ ဒီဆွေးနွေးပွဲ ကောက်လုပ်တာက အခုကတော့ နယ်စပ်တွေမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းချင်တာပါမယ်၊ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းအစိုးရဟာ သူတို့ အခုထိအာဏာရှိနေပါတယ်ဆိုပြီး နိုင်ငံတကာကို ပြချင်တဲ့ပုံစံ။ အာဆီယံကလည်း အကုန်မတက်ဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကလည်း ရှိနေပြီးသားပဲ"
ဒီဆွေးနွေးပွဲအပေါ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့အပေါ် အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ဇွန်လ ၁၉ ရက် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ထိုင်းနိုင်ငံက ဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ကြောင်းနဲ့ မြန်မာနဲ့ ထိုင်း အပါအဝင် အာဆီယံ ခုနစ်နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထိုင်းအစိုးရနဲ့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ အာဆီယံနိုင်ငံတွေရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုဟာ မှန်ကန်တဲ့ ချဉ်းကပ်မှုဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
"မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံအများစုက ပစ်ပယ်ထားလို့မရဘူး၊ ဆွေးနွေးဘက်အဖြစ် ရှိကိုရှိရမယ်ဆိုတဲ့ အမြင်မျိုးရှိတာက ဒါက ထူးခြားတဲ့ အပြုသဘောဆောင်တဲ့ ရွေ့ကွက်၊ အပြုသဘောဆောင်တဲ့ အရွေ့တစ်ခုလို့ ပြောရမှာပေါ့။ ဒီအရွေ့ကို ဘယ်လောက်အထိ အနာဂတ်မှာထိန်းထားနိုင်မလဲ၊ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်"
ဒီလို အလွတ်သဘော ဆွေးနွေးပွဲတွေမှာ အဆင့်မြင့်ကိုယ်စားလှယ် ပါဝင်ခွင့်ရတဲ့အတွက် မြန်မာ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့သဘောထားတွေကို ရှင်းပြခွင့်ရခဲ့တယ်လို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနထုတ်ပြန်ချက်မှာလည်း ဆွေးနွေးပွဲအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အာဆီယံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှု၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး ကိစ္စတွေအတွက် ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့အညီ ဆောင်ရွက်နေကြောင်း ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီဆွေးနွေးပွဲက မြန်မာ့အရေးအတွက် အာဆီယံအကြား နှစ်ခြမ်းကွဲမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသရာ ရောက်တယ်လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ကိုကြည်စင် က သုံးသပ်ပါတယ်။
"အာဆီယံနိုင်ငံတွေအတွင်းမှာ သဘောတူညီချက် ငါးခုကို အခြေခံပြီး ချဉ်းကပ်ချင်တဲ့ နိုင်ငံတွေရှိသလို တစ်ဖက်မှာကျတော့လည်း ဒီဇာတ်လမ်း မြန်မြန်ပြီးသွားဖို့အတွက် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြီးအောင် လုပ်လိုက်မယ်ဆိုတဲ့ နိုင်ငံတွေပေါ့၊ ဥပမာ ထိုင်းလို နိုင်ငံတွေလည်း ရှိတယ်။ ဒါကြောင့်မို့ အာဆီယံမှာ မြန်မာ့ အရေးနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲနေတာဟာ ကြာပြီ၊ ဒါပေမဲ့ အခုလိုမျိုး တရားဝင် လူသိရှင်ကြား သဘောထားကွဲလွဲမှုကို ပြတာကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ ဒါ ကန့်ကွက်တဲ့စာရော၊ မတက်နိုင်ဘူးလို့ ပြောတဲ့စာတွေရော၊ တရားဝင် ထွက်လာတဲ့ အနေအထားကတော့ ထင်ထင်ရှားရှား သဘောထား ကွဲလွဲမှုကို မြင်ရတယ်ဆိုတာမျိုး တွေ့ရတယ်"
မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၃၄၀ ကလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး အခုလို အလွတ်သဘော အစည်းအဝေးကျင်းပတဲ့အပေါ် ကန့်ကွက်ထားပါတယ်။
ထိုင်းအစိုးရရဲ့ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်တွေနဲ့ အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းတာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဆန့်ကျင်ရာ ရောက်ကြောင်း ဇွန်လ ၁၈ ရက်နေ့ ကတည်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာပေးပို့ပြီး ကန့်ကွက်ခဲ့တာပါ။
အာဆီယံနိုင်ငံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း ဒီဆွေးနွေးပွဲကို ပြစ်တင်ရှုတ်ချကြောင်း ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနဲ့ ပတ်သက်တဲ့ ဒီလိုဆွေးနွေးပွဲမျိုး ပြုလုပ်တာဟာ ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ပထမအကြိမ် ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှာလည်း အလားတူ ဆွေးနွေးပွဲမျိုး ပြုလုပ်ခဲ့ပြီး ထိုင်းနဲ့ အာဆီယံနိုင်ငံတချို့ အပြင် တရုတ်နိုင်ငံကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါတယ်။