ပြည်တွင်းလောင်စာဆီဈေး ငါးရက်အတွင်း ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်
စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာန စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စာရင်းတွေအရ ဩဂုတ်လ ၇ ရက်ကနေ ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့အထိ လောင်စာဆီဈေးနှုန်းတွေ တစ်ဟုန်ထိုးမြင့်တက်ပြီး ငါးရက်အတွင်း ၆၀၀ ကျပ်ဝန်းကျင်နဲ့ ၃၉ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်လာပါတယ်။
ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုက မြို့ကြီးတွေမှာ ရောင်းချဖို့ မရှိ တာကြောင့် စက်သုံးဆီဆိုင်တချို့ ပိတ်ထားသလို၊ အကန့်အသတ်နဲ့ ရောင်းချတာတွေ လည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"ဆိုင်ကယ်တစ်စီးကို နှစ်ထောင်ဖိုး၊ ကားတစ်စီးကို နှစ်သောင်းဖိုး ရောင်းပေးတယ်"
စက်သုံးဆီပြတ်လပ်မှုကြောင့် အဆမတန်ဈေးပိုပေးပြီး ဝယ်ခဲ့ရတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
"မနက်က ကျနော် ဆိုင်တွေကို သွားကြည့်တော့ တချို့ဆိုင်တွေက ဒီဇယ်ပဲရတယ်၊ တချို့ဆိုင်တွေက 95 ပဲရတယ်၊ တချို့ဆိုင်တွေက ပိတ်ထားတယ်၊ မြို့အထွက်မှာတော့ တစ်လီတာကို ၂၈၅၀ နဲ့ ရောင်းပေးတယ် 92 ကို၊ ဆိုင်ကယ်တစ်စီးကို နှစ်ထောင်ဖိုး၊ ကားတစ်စီးကို နှစ်သောင်းဖိုး ရောင်းပေးတယ်။ ဒီလမ်းဘေးဆီဆိုင် ဘူးလေးတွေနဲ့ ချရောင်းတဲ့ ဆိုင်သေးသေးလေးတွေမှာ အမျိုးမျိုးပေါ့၊ တစ်လီတာဘူးကို ရေသန့်ဘူး အကြီးကြီး ၁.၅ လီတာဆိုရင် တစ်သောင်းရှိတယ်၊ ခုနစ်ထောင်ရှိတယ်၊ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့၊ တချို့ ဘူးသေးသွားရင် သေးသွားသလို သုံးထောင် ပေးရတယ်၊ ငါးထောင် ပေးရတယ်"
ဘဝတစ်လျှောက် စက်သုံးဆီနဲ့ ပတ်သက်လို့ အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်နေရ တာလို့ သူက ဆိုပါတယ်။
ဩဂုတ်လ ၇ ရက်မှာ ဒီဇယ်တစ်လီတာ ၁၉၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၆၁၅ ကျပ် နဲ့ အောက်တိန်း 95 Ron တစ်လီတာ ၁၆၆၅ ကျပ်ဖြစ်ပါတယ်။
ဩဂုတ် ၈ ရက်စလို့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာပြီး ဒီကနေ့ ဩဂုတ်လ ၁၂ ရက် မှာတော့ ဒီဇယ်တစ်လီတာ ၂၅၅၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၂၂၄၅ ကျပ်နဲ့ အောက်တိန်း 95 Ron တစ်လီတာ ၂၃၁၀ ကျပ်အထိ ဖြစ်လာပါတယ်။ ဒါ့ကြောင့် သြဂုတ် လ ၇ ရက်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ငါးရက်အတွင်း ကျပ် ၆၀၀ ဝန်းကျင် ဈေးမြင့်တက်လာပြီး ရာခိုင်နှုန်းနဲ့ဆိုရင် ၃၉ ရာခိုင်နှုန်းအထိ ဈေးတက်လာတာပါ။
စက်သုံးဆီဈေးတွေ အခုလို တစ်ဟုန်ထိုးမြင့်တက်လာတာကြောင့် ပရဟိတ လူမှုကူညီရေး လုပ်ငန်းတွေအပေါ် သိသိသာသာ ရိုက်ခတ်လာတယ်လို့ ရန်ကုန်အခြေစိုက် ပရဟိတ အသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“လူနာလမ်းကြောင်းကတော့ ဖုန်းခေါ်ရင် မငြင်းရက်ဘူး။ သူ အင်မတန်ခက်ခဲလို့၊ သူ့ အတွက် လိုအပ်လို့ ကိုယ့်ကိုခေါ်တာဆိုတဲ့ အတွေးတစ်ခုနဲ့ ထွက်တာပဲ။ အခုက ဆီဈေး ကျတဲ့ရက်ကလည်း အစ်မတို့က ဝယ်ပြီးသိုလှောင်ထားစရာ ငွေကြေးအဲ့လောက်မရှိဘူး လေ။ ဆီဈေးကျလည်း ပုံမှန်ထည့်နိုင်သလောက်ပဲ ထည့်လို့ရတယ်။ ဆီဈေးတက်လာ ပြန်တော့လည်း အဲအပေါ်မှာ အခက်အခဲပိုပြီး ဆိုးလာတာပေါ့။ အရင်တုန်းကဆို ငွေ တစ်သောင်း၊ နှစ်သောင်းလောက်ရှိရင် အသာလေး ဝင်ပြီးထည့်လိုက် ဆီလေးက တစ်ကြောင်း၊ နှစ်ကြောင်း သွားလို့ရတယ်ဆိုပြီး တွက်လို့ရတယ်”
ပြည်တွင်းမှာ စက်သုံးဆီမလုံလောက်မှုတွေနဲ့ ဈေးအဆမတန်မြင့်တက်မှုတွေ ကြုံနေရပေ မယ့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုး တင်သွင်းနေရ တာကို လျှော့ချဖို့ ဩဂုတ်လ ၈ ရက် စစ်ကောင်စီအစိုးရလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ပြည်ပသွင်းကုန်တချို့အပေါ် စစ်ကောင်စီက ထိန်းချုပ်ကန့်သတ်လာတဲ့အတွက် ဈေးကွက် အတွင်း စက်သုံးဆီပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေရှိလာတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဒေါ်လာက အရမ်းရှားသွားတော့ ဆီကဝယ်ရတာလည်း အကန့်အသတ်နဲ့ ဖြစ်သွားပြီ၊ တစ်ယောက်ဝင်လာရင် အဲဒီဟာကို ဘုံစုနဲ့ ယူလိုက်တယ်၊ ယူပြီးတော့ ဘယ်သူ ဘယ်သူ ဆိုတာ ခွဲဝေလိုက်တယ်၊ မင်းက ဘယ်နှဆိုင်အတွက်ယူသွား၊ မင်းက ဘယ်နှဆိုင်အ တွက် ယူသွား အဲလိုပေါ့၊ ဘုံသဘောပဲသွင်းတာ၊ အရင်ကဆိုရင် တစ်ယောက်ချင်း သွင်း တာ၊ ကျနော်တို့က ကုမ္ပဏီက အများကြီးရှိတယ်၊ မက်စ်တို့၊ အင်ပတ်တို့၊ စိန်းလန်းတို့ အများကြီးရှိတယ်၊ BOC တို့ အရင်တုန်းက ကိုယ့်ဘာသာ သွင်းကြတာ၊ အခု နောက်ပိုင်း ကျ ကိုယ့်ဘာသာသွင်းလို့ မရတော့ဘူး၊ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ သွားနေရတာ၊ ဒီပုံစံနဲ့သွားနေလို့ကတော့ ပိုဆိုးလာမှာပေါ့"
ဒါ့အပြင် အမေရိကန်ဒေါ်လာငွေလဲနှုန်းတွေ ကိန်းသေသတ်မှတ်တာ၊ ထိန်းချုပ်တာတွေနဲ့ လည်း သက်ဆိုင်နေတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။ စစ်ကောင်စီဟာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်အဖြစ် ဒီနှစ် ဧပြီလမှာ သတ်မှတ်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်မှာတော့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
နိုင်ငံခြားငွေလဲနှုန်းကို အခုလို ထိန်းချုပ်လိုက်တာကြောင့် ဒီအခြေအနေကို ရောက်လာတာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပါ တယ်။
"နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ၁၈၅၀ ကနေ ၂၁၀၀ အထိ ပြောင်းပေးလိုက်တယ်လေ၊ Official Rate က ပြောင်းသွားတဲ့အတွက် သွင်းကုန်တွေက တက်မှာပဲ၊ စက်သုံးဆီ ကလည်း သွင်းကုန်ဖြစ်တဲ့အတွက် သွင်းကုန်ဈေး တက်သွားတာပေါ့နော်၊ အိတ်ချိန်း ဈေးနှုန်း ငွေလဲလှယ်နှုန်းပြောင်းပေးရတာကလည်း အဲ့ဒါကြောင့်ပါမယ် ထင်တယ်၊ မဟုတ်လို့ရှိရင် စက်သုံးဆီသမားတွေ အနေနဲ့လည်း သွင်းဖို့အခက်အခဲရှိနေတယ်၊ အပြင်ဈေးကလည်း သိပ်ကွာနေတာကိုး"

စက်သုံးဆီဈေး မြင့်တက်လာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း တရိပ်ရိပ် မြင့်တက် လာတယ်လို့ စီးပွားရေးအကဲခတ်တွေက ထောက်ပြပါတယ်။
လောင်စာဆီဈေးနှုန်းတွေ တစ်ဟုန်ထိုးဈေးမြင့်တက်လာတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံ RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်သုံးဆီအရောင်းဆိုင်တွေရဲ့ မှတ်တမ်းတွေအရ စစ်တပ်အာဏာမသိမ်းခင် အရင်တစ် ရက်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်က ဒီဇယ်တစ်လီတာကို ၇၂၀ ကျပ်၊ အောက် တိန်း 92 Ron တစ်လီတာ ၆၉၅ ကျပ်နဲ့ အောက်တိန်း 95 Ron တစ်လီတာ ၈၁၅ ကျပ် အသီးသီးရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ရက်ကစလို့ စက်သုံးဆီဈေးတွေ တရိပ်ရိပ် တက်လာခဲ့တာပါ။ ဒီနှစ် မေလ ၃၁ ရက်မှာတော့ ဒီဇယ်တစ်လီတာ ၂၃၃၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၂၂၂၅ ကျပ်နဲ့ အောက်တိန်း 95 Ron တစ်လီတာ ၂၃၄၀ ကျပ်အထိ ဈေးတက်ခဲ့သလို နိုင်ငံ တစ်ဝန်းက စက်သုံးဆီအရောင်းဆိုင်အများအပြားမှာ စက်သုံးဆီ လုံးဝပြတ်တောက်တဲ့ အထိ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ဇူလိုင်လဆန်းကစလို့ စက်သုံးဆီ ဈေးနှုန်းတွေ တဖြည်းဖြည်းပြန်ကျခဲ့ပေမယ့် ၁၆၅၀ အောက်အထိ ပြန်ကျတာမရှိပါဘူး။
ဒီကနေ့ ဩဂုတ်လ ၁၂ ရက်မှာတော့ စက်သုံးဆီဈေးနှုန်း အမြင့်ဆုံးအခြေအနေကို ဒုတိယ အကြိမ် ပြန်ရောက်လာတာ ဖြစ်ပါတယ်။