၂၀၂၂ ခုနှစ်အတွင်း ဒရုန်းတိုက်ခိုက်မှု အကြိမ် ၆၀၀ ကျော်ရှိ
2023.01.17
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ကလမ်းတွေပေါ်က ဒီမိုကရေစီအရေးလိုလားတဲ့ ဆန္ဒပြမှုတွေကို ဒရုန်းနဲ့ ထောက်လှမ်းပြီး ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်း နှစ်နှစ်မပြည့်ခင်မှာပဲ ဒရုန်းနဲ့ပြန်ပြီး တိုက်ခိုက်ခံနေရပါတယ်။
စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ ဒရုန်းတပ်ဖွဲ့သုံးခုရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ကရင်နဲ့ ကယားပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ဒရုန်းတိုက်ခိုက်မှု ၆၄၂ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။
မကွေးနဲ့ စစ်ကိုင်းထဲက ဧရာဝတီမြစ်တစ်လျှောက်နဲ့ ချင်းတွင်းမြစ်တစ်လျှောက်မှာ တိုက်ခိုက်ခဲ့တဲ့ Wings Of The Irrawaddy အဖွဲ့ဝင်တစ်ဦးကတော့ ဒရုန်းတိုက်ခိုက်မှုဟာ စစ်ပွဲကို အလှည့်အပြောင်းဖြစ်စေတယ်လို့ ယုံကြည်ကြောင်း RFA ကို ပြောပါတယ်။
"အမှန်အတိုင်းပြောရင် ဒရုန်းနဲ့တိုက်ခိုက်တာသည် စစ်ရေးအရ တချို့နေရာတွေမှာ အလှည့်အပြောင်းတစ်ခုအထိ ဖြစ်သွားနိုင်တယ်ဗျ။ ပစ်မှတ်ကို ထိခဲ့ရင်ပေါ့နော်။ ပြီးတော့ သူတို့အတွက် ကောင်းကောင်းခြိမ်းခြောက်မှုကြီး ဖြစ်တယ်။ ရှေ့လျှောက် ၂၀၂၃ မှာ စစ်ကောင်စီက ဒီထက်ပိုပြီးခံရမှာ။ စစ်ကောင်စီအောက်က သူတို့ ရဲဘော်တွေ ရဲ့ စိတ်ထဲမှာလည်း ဒရုန်းကို တော်တော်လေး ကြောက်ရွံ့တယ်ပေါ့နော်။ ဒရုန်း လာတာနဲ့ တွေ့တဲ့အပေါက်ထဲ ဝင်ပြေးကြတာ"
ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတဲ့ ဒရုန်းကနေ တိုက်ခိုက်နိုင်တဲ့ဒရုန်းဖြစ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို သီးခြားခွဲ သယ်ဆောင်ရပြီး ဒရုန်းတစ်စီးဟာ သိန်း ၂၀၀ ဝန်းကျင် ရှိနေတဲ့ မောင်းပြန်ရိုင်ဖယ်သေနတ်ထက် ကုန်ကျစရိတ်ပိုကြီးတာကြောင့် ဒရုန်းနဲ့ တိုက်ခိုက်မှုလုပ်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ သူတို့ရဲ့ ဒရုန်းတွေကို ညကြည့်ကင်မရာ တပ်ဆင်နိုင်ဖို့ ရည်ရွယ်ထားလို့ ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ Wings Of The Irrawaddy အဖွဲ့ဝင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း ဒီလိုဒရုန်းတပ်ဖွဲ့တွေကို ထောက်ပံ့ ကူညီသွားဖို့ရှိတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။
"ဒရုန်းနဲ့ပတ်သက်ရင် MOD (ကာကွယ်ရေးဝန်ကြီးဌာန) က စတင်ပြီးလုပ်တဲ့၊ ပြည်သူတွေရဲ့ အကူအညီနဲ့လုပ်တဲ့ ပရောဂျက် Skywalk ဆိုတာရှိတယ်။ ပရောဂျက် Skywalk ကရတဲ့ အရင်းအနှီးတွေနဲ့ ဒရုန်းတွေ ထိထိရောက်ရောက်နဲ့ လုပ်ကိုင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့ နည်းပညာမြင့်မားပြီးတော့ လုပ်ကိုင်ဖို့အတွက် ကျနော်တို့မှာရှိတဲ့ အရင်းအနှီးတွေနဲ့ အကောင်းဆုံးဖြစ်အောင် ဆက်လက် ဆောင်ရွက် နေပါတယ်။ လုံလောက်မှုရှိသလားဆိုတော့ ဒရုန်းတွေလက်နက်တွေ အပြည့်အစုံ ပေးနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ထိုက်သင့်သလောက်ပေးနိုင်တဲ့အတွက် အဲဒီလိုမျိုး တင့်ကားကိုဖျက်ဆီးနိုင်ခဲ့တာ တွေ့ရပါလိမ့်မယ်"
KNU နယ်မြေမှာရှိတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ကတော့ တစ်နှစ်အတွင်း တိုက်ခိုက်မှု ၄၃၇ ကြိမ်အထိ လုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ခန့် သေဆုံးတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်က Falcon Wings ဒရုန်းတပ်ဖွဲ့ကတော့ တစ်နှစ် အတွင်း တိုက်ခိုက်မှု ၁၂၅ ကြိမ် ရှိခဲ့တယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။
အလားတူ Wings Of The Irrawaddy အဖွဲ့ကလည်း တစ်နှစ်အတွင်း ဒရုန်းတိုက်ခိုက်မှု အကြိမ် ၈၀ ခန့်လုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈၀ ကနေ ၁၀၀ ခန့် သေဆုံး၊ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်တွေအရ စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ထိခိုက်မှုစာရင်းကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
"ဒရုန်းတွေရဲ့ စွမ်းဆောင်မှုက မြေပြင်တပ်ဖွဲ့တွေ အတွက် လေကြောင်းပစ်ကူဖြစ်သလို ရန်သူ့အပေါ်ကိုလည်း ခြိမ်းခြောက်မှု အတော်ကြီးကို ကြီးမားတာ တွေ့ရတယ်"
ဒရုန်းတပ်ဖွဲ့တွေဟာ မြေပြင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအတွက် လေကြောင်းပစ်ကူသဖွယ် အားကိုးရတယ်လို့ ကရင်ပြည်နယ်မှာရှိတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"ဒရုန်းကတော့ မြေပြင်တပ်ဖွဲ့တွေအတွက် တစ်ခုတည်းသော အားကိုးအားထားရာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒရုန်းတွေရဲ့ စွမ်းဆောင်မှုက မြေပြင်တပ်ဖွဲ့တွေ အတွက် လေကြောင်းပစ်ကူဖြစ်သလို ရန်သူ့အပေါ်ကိုလည်း ခြိမ်းခြောက်မှု အတော်ကြီးကို ကြီးမားတာ တွေ့ရတယ်။ ဒရုန်းတွေက ရန်သူ့စခန်းရဲ့ဝေဟင်မှာ တောက်လျှောက် စိုးမိုးနိုင်မှုရှိတယ်။ ရန်သူကို နေ့ရော၊ ညရော ခြိမ်းခြောက်နိုင်မှု ရှိတယ်ဗျ"
စစ်ကောင်စီကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတိုက်ခိုက်မှုကို ဟန့်တားဖို့ ကြိုးစားနေသလို NUG ကလည်း ဒီအပေါ် နည်းပညာအရကျော်လွှားဖို့ စီစဉ်နေတယ်လို့ NUG သမ္မတရုံးပြောခွင့်ရသူက ပြောထားပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ စစ်ကောင်စီမှာနည်းလမ်းတွေရှိတယ်လို့ ပြောပါတယ်။
"ဒရုန်းတွေဝင်ရောက်လာမှုကို ကန့်သတ်နိုင်ဖို့ရယ်၊ ဘယ်လောက်ပစ်ချနိုင်မလဲရယ်၊ အဲဒါတွေအပေါ် မူတည်ပြီးတော့ ဒရုန်းစစ်ဆင်ရေးဆိုတာ နောက်ကွယ်က ကြီးမားတဲ့ ငွေကြေးထောက်ပံ့မှုမရှိဘဲ ရှေ့ဆက်သွားဖို့မလွယ်နိုင်ဘူး။ ခေတ်မီလက်နက်ဒရုန်း Gun တွေ၊ Jammer တွေ သုံးနိုင်တယ်။ တာလတ်လောက်ရောက်နိုင်မယ့် မီတာ ၇၀၀ - ၁၀၀၀ ကြားရောက်နိုင်မယ့်လက်နက်နဲ့ ပစ်ခတ်ပြီး ကာကွယ်တာမျိုးတွေ၊ နည်းလမ်း တွေကတော့ အများကြီးရှိပါတယ်။ ကာကွယ်လို့ မရဘူးတော့မဟုတ်ဘူး"

ဒီမိုကရေစီအင်အားစုတွေရဲ့ ဒရုန်းတွေဟာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးသုံး ပန်ကာလေးခုပါ Quadcopter ဒရုန်းတွေနဲ့ စိုက်ပျိုးရေးသုံး ပန်ကာခြောက်ခုပါ Hexacopter ဒရုန်းတွေသာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
လေတပ် CDM ဗိုလ်ကြီး ဇေသူအောင်ကတော့ စစ်ကောင်စီဟာ ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ ပစ္စည်းတွေဝယ်ယူနိုင်ပေမယ့် အသုံးပြုတတ်ဖို့နဲ့ စစ်မြေပြင်အထိဖြန့်ဝေဖို့ မလွယ်ကူနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
"စစ်ကောင်စီက အပေါဆုံးက ပိုက်ဆံဖြစ်တယ်။ နည်းပညာနဲ့ပတ်သက်ပြီး ကူညီ ထောက်ပံ့နေတဲ့ နိုင်ငံကြီးတွေလည်းရှိတဲ့အချိန်မှာ ဒရုန်းကိုကာကွယ်နိုင်ဖို့ ဝယ်ကြမှာ ဖြစ်တယ်။ ဒါပေမဲ့ ခြေလျင်တပ်တွေရဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အဲဒီလို နည်းပညာ ပစ္စည်းတွေကို လူတိုင်းကိုင်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့နော်။ နောက်ပြီးရင် တစ်နိုင်ငံလုံး၊ ရှေ့တန်းစစ်မြေပြင်တွေကို ဖြန့်နိုင်ဖို့ဆိုတာ ချက်ချင်း လွယ်လင့်တကူလုပ်နိုင်ဖို့ မလွယ်ဘူးလို့ ယူဆတယ်"
ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ရဟတ်ယာဉ်၊ လေယာဉ်မပိုင်ဆိုင်နိုင်တဲ့ ဒီမိုကရေစီ အင်အားစုတွေအတွက် ဝေဟင်စိုးမိုးမှုတစ်ခု ဖြစ်တယ်လို့လည်း ဗိုလ်ကြီး ဇေသူအောင်က ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာရှိတဲ့ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးကတော့ ၂၀၂၃ ခုနှစ်မှာ နိုင်ငံအနှံ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုများလာမှာဖြစ်သလို သူတို့အနေနဲ့ တိကျတဲ့ တိုက်ခိုက်မှုတွေနဲ့ နည်းပညာအဆင့်မြှင့်တင်မှုတွေလုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။