ဆက်သွယ်ရေးအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရမှုကြောင့် နောက်ဆက်တွဲသက်ရောက်မှု


2019.07.17
mobile-tower-622.jpg အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့ မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေကို အစိုးရက ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်လောက်ကနေစပြီး ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

နယ်မြေလုံခြုံရေးကိုအကြောင်းပြပြီး အစိုးရကပိတ်လိုက်တာဖြစ်ပေမယ့် ဘယ်အချိန်ပြန်ဖွင့် မလဲဆိုတာကို ဒီနေ့အထိ မသိရပါဘူး။

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက ဒေသတစ်ချို့မှာ လက်ရှိ အခြေအနေမှာ ဒေသခံတွေ ဘယ်လိုရင်ဆိုင်နေရသလဲဆိုတာကို RFA က မနေ့က သွားရောက်လေ့လာခဲ့ပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီဝင် ဦးစိုးနိုင်က RFA ကို အခုလို ပြောပြပါတယ်။

"အင်တာနက်ဖြတ်တောက်ထားတဲ့အတွက်တော့ အခက်အခဲက ထူးထူးခြားခြားကို ထိခိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဖေ့စ်ဘွတ်ကို အသုံးပြုပြီးရင် ကျွန်တော်တို့က အကြောင်းကြားရတာတို့၊ သတင်းဖြန့်ဝေရတာတို့ရှိတယ်။ ဒါတွေကို လုံးဝလုပ်လို့မရတော့ဘူး။ အဲဒါကြောင့် အလှူရှင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ ကျွန်တော်တို့ လုံးဝအဆင်မပြေတော့ဘူး"

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် လူပေါင်း နှစ်သောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်း ၈၀ လောက်မှာ မှီခိုနေရပြီး စားနပ်ရိက္ခာအတွက် စေတနာရှင်တွေရဲ့အကူအညီနဲ့ အဓိက ရပ်တည်နေကြရတာဖြစ်ပါတယ်။

ဒါပေမဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရပြီးတဲ့နောက်မှာ ဒုက္ခသည်တွေရဲ့စားဝတ်နေရေး အခြေအနေတွေ ချို့တဲ့လာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ်တွေမှာ ရေကြီးတာကြောင့် လူပေါင်း ၉၀၀၀ ကျော်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

ရေကြီးတဲ့ပြဿနာ ကြုံရပေမယ့် အကူအညီတောင်းခံဖို့ အင်တာနက်လိုင်းတွေ မရှိတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြစ်သလို ဖြေရှင်းခဲ့ရတယ်လို့ မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာ ကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂဝံသက မိန့်ပါတယ်။

"ဒီအင်တာနက် ပိတ်လိုက်တဲ့ဒုက္ခ ဆိုးကျိုးက ဘုန်းကြီးတို့ လက်ရှိအခြေအနေမှာ အိမ်တွေအလှူခံထား တယ်။ လှူထားတဲ့အလှူရှင်တွေ ငွေလွှဲဖို့အတွက် အခက်အခဲရှိတယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ၁၄ ရက်ကပဲ စခန်းတစ်ခုလုံး ရေနစ်တာတွေရှိခဲ့တယ်။ ဘုန်းကြီးတို့က မိသားစုကိုသော်လည်းကောင်း၊ ပြည်သူလူထုကိုသော်လည်းကောင်း၊ လူမှုကွန်ရက်အဖွဲ့အစည်းကိုသော်လည်းကောင်း အကူအညီ တောင်းဖို့ သတင်းပို့ပေးတာ၊ အပြန်အလှန်ဆွေးနွေးတာတို့ လုပ်လို့မရဘူး။ လိုင်းပိတ်ထားလို့ ဘုန်းကြီးတို့ အခက်အခဲကြုံရတယ်။ ကိုယ့်ဟာကိုယ်ပဲ ဖြစ်သလိုဖြေရှင်းရတယ်"

ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေကို တစ်ဦးတစ်ယောက်ချင်းစီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ရတာရှိပေမယ့် အရင်ကလို အဆင်မပြေတော့သလို လာရောက်လှူဒါန်းသူတွေလည်း အရင်ကထက် သိသိသာသာ လျော့နည်းသွားတယ်လို့လည်း စစ်ဘေးဒုက္ခသည်စခန်း ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ အစိုးရဌာနတွေအပေါ်မှာလည်း အကူအညီပေးရေးကိစ္စတွေအပေါ် နှောင့်နှေးမှုတွေဖြစ်ပေါ်နေပါတယ်။

ရခိုင်ပြည်နယ် သဘာဝပေးစီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက -

"စာပို့စာယူကဏ္ဍတွေမှာတော့ ယခင်ကဆိုရင် Viber သုံးလို့ရတယ်။ Messenger နဲ့သုံးလို့ရတယ်။ နည်းပညာနဲ့အမှီ ကျွန်တော်တို့က သုံးခဲ့တယ်ဆိုတော့ အခုက အဲဒါတွေမရှိတော့ဘူးဆိုတော့ အမြန်ချောတို့၊ ကားနဲ့ပို့ရတာတို့၊ ဆသပို့ရတာတို့ စတာတွေ စီစဉ်ရတာတွေတော့ ခက်ခဲတာတွေတော့ ရှိတာပေါ့။ ဒါတွေက ကွာဟချက်ပေါ့။ နည်းပညာ သုံးလို့ရတယ်ဆိုတာနဲ့ သုံးလို့မရတာ ကွာဟချက် ကတော့ လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားပဲ"

အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် မိုဘိုင်းငွေလွှဲလုပ်ငန်းတွေကို မှီခိုပြီး လုပ်ငန်းလည်ပတ်နေရတဲ့ သာမန် လက်လုပ်လက်စားတွေ၊ ရပ်ဝေးကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်နေသူတွေအပြင် အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက်ပါ ထိခိုက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အင်တာနက်ဖြတ်တောက်ခံရတဲ့ အချိန်တစ်လတာ အတောအတွင်းမှာ ရက္ခိုင့်တပ်တော်(AA) နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကတော့ လျော့ကျသွားတာ မတွေ့ရပါဘူး။

RFA က ရရှိတဲ့ မြေပြင်သတင်းတွေအရ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ဒီနေ့အထိ နှစ်ဘက်တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲဖြစ်သလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေလည်း အများအပြားရှိနေဆဲပါ။

အခုလို အင်တာနက် ဖြတ်တောက်တဲ့ကိစ္စအပေါ် ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုနေပြီဆိုတဲ့အကြောင်း ပြောလာသူကတော့ ကျောက်တော်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်(ခေါ်) ဦးမောင်သန်းစိန် ဖြစ်ပါတယ်။

"အင်တာနက်ပိတ်ထားတာက ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ လူ့အခွင့်အရေး ရှုထောင့်ကပဲကြည့်ကြည့် ဂလိုဘယ်အနေနဲ့ပဲ ကြည့်ကြည့်ပေါ့။ ကမ္ဘာကြီးက ဂလိုဘယ်ရွာတစ်ခုအနေနဲ့ သွားနေရာမှာ ကျွန်တော်တို့ ရခိုင်ပြည် ဒီဘက်အခြမ်းတွေမှာကျမှပဲ အင်တာနက်လိုင်းတွေ ပိတ်လိုက်တယ်။ လူငယ်တွေအတွက် အများကြီး ထိခိုက်နစ်နာမှုတွေရှိတယ်ဆိုတာကိုတော့ အစိုးရကို တိုက်တွန်းလိုပါတယ်။ နောက်တစ်ချက်က ဒီလိုစစ်ပွဲပဋိပက္ခတွေဖြစ်နေတဲ့နေရာမှာ ဒီအင်တာနက်ကို ဖြတ်တောက်လိုက်တဲ့ကိစ္စဟာ ဒီစစ်ပွဲတွေရပ်သွားမလားဆိုတာ သုံးသပ်ဖို့လိုနေပါတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို အတည်ပြုထားပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရဘက်က ရခိုင်ပြည်နယ်လွှတ်တော်ထံ ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ချက် မရသေးဘူးလို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက RFA ကိုပြောပါတယ်။

အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရမှုကြောင့် ဒုက္ခသည်တွေအပြင် ဒေသခံတွေအတွက် ထိခိုက်မှုတွေ ရှိနေတဲ့ကိစ္စအပေါ် ရခိုင်ပြည်နယ်အစိုးရက ဘယ်လိုစဉ်းစားနေသလဲဆိုတာကို ပြည်နယ်အစိုးရပြောခွင့်ရသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA ကမေးမြန်းကြည့်ရာမှာ သူက အခုလိုပြောပါတယ်။

"ညှိနှိုင်းပြီးတော့လုပ်ဆောင်မယ်ဆိုရင် လုပ်ဆောင်လို့ရနိုင်တယ်ပေါ့နော်။ ဒီလိုအခက်အခဲတွေဖြစ်နေ ကြတယ်ဆိုတာ ကျွန်တော်တို့လည်း သိနေကြတာပဲလေ။ ညှိနှိုင်းမယ်ဆိုလို့ရှိရင်တော့ အစိုးရအဖွဲ့အနေနဲ့ ဒီဟာကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုဖြစ်စေ၊ သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ ဒါအကျိုးအကြောင်းလေးတင်ပြရင်တော့ ဖြစ်နိုင်လောက်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါမျိုးက အခုအချိန်အထိ ကျွန်တော်သိသလောက် ပြည်နယ်အစိုးရအဖွဲ့မှာ မရှိသေးဘူး"

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေ ရပ်ဆိုင်းတာဟာ ယာယီသာဖြစ်ပြီး အခြေအနေတွေ ပြန်လည်တည်ငြိမ်တဲ့အခါမှသာ ပြန်လည်ခွင့်ပြုမှာ ဖြစ်တယ်လို့ RFA ကို ဇွန်လ ၂၂ ရက်နေ့က ပြောဆိုထားပါတယ်။

အခုလို မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေ ရပ်ဆိုင်းတာကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို တိုက်တွန်းပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကတော့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်မယ့်ကိစ္စအပေါ် တစ်စုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူးခင်ဗျာ။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။