ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ပါ့မလားလို့ ICG ထောက်ပြ


2020.06.15

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ အရှိန်မြင့်လာနေပေမယ့် မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ အကြမ်းဖက် လှုပ်ရှားမှု တွေလည်း များနေတယ်၊ ဒီကာလမှာ စစ်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလား လို့ ICG အဖွဲ့က ထောက်ပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ် ဖြစ်ပွားနေချိန်မှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့နဲ့ ထူးခြားတဲ့ဖွံဖြိုး တိုးတက်မှုတွေ ဖြစ်လာဖို့ တတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပနိုင်ရေး အတွက် အစိုးရက စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှု တွေဟာလည်း ရုတ်တရက်ဆိုသလို မြင့်တက်လာနေပါတယ်။ မကြာသေးမီကပဲ ရှမ်းပြည်နယ်မှာတင် အမေရိကန် ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ခုနှစ်သိန်း တစ်သောင်းကျော် ဖမ်းဆီးမိခဲ့တယ်လို့ မူးယစ် ထိန်းချုပ်ရေး ဗဟိုကော်မတီက ဇွန်လ ၁၃ ရက်နေ့ စနေနေ့ က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအစောပိုင်းကာလတုန်းကလည်း ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး နှစ်ယောက်ဆီကနေ အမေရိကန် ဒေါ်လာ သုံးသိန်း ခြောက်ထောင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။ မကြာခင်ကမှ ထွက်လာတဲ့ သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာတော့ ၂၀၁၈ ခုနှစ်က ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အထူး တိုင်ကြားမှုဌာနရဲ့ စာရင်းအရ ဒီနှစ် ဇွန်လ ၆ ရက်နေ့အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၁၁၆၉ မှု ရှိပြီး လူပေါင်း ၁၈၀၀ ကျော်ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

အခုလို မူးယစ်ဆေးဝါးကုန်ကူးမှုတွေသာမက တစ်ဘက်မှာလည်း အကြမ်းဖက်မှုတွေ သိသိသာသာ တိုးပွား လာတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ရခိုင်အမျိုးသားပါတီ ANP အဖွဲ့ဝင် ခြောက်ဦးကို မကြာသေးခင် ရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ANP ပါတီရုံးရဲ့ အဆိုအရသိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော်အတွင်း အစိုးရတပ်နဲ့ အေအေ ရက္ခိုင့်တပ်တော် တို့ရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေပါတယ်။ အစိုးရကလည်း AA ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားပါတယ်။ ဒါဟာအခြေအနေကို ပိုဆိုးဝါးစေပြီး ငြိမ်းချမ်းရေးအတွက်ပါ ထိခိုက်နိုင်ပါတယ်လို့ ရခိုင်ပါတီတွေက သုံးသပ်ပါတယ်။

International Crisis Group (ICG) ရဲ့ အဆိုအရ ရခိုင်ပြည်နယ် ပထဝီ အနေအထားအရ ကျယ်ပြန့်ပြီး ပြည်နယ် အတွင်း ရှုပ်ထွေးလှတဲ့ ပြဿနာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေဟာ စိုးရိမ်ဖွယ်ရှိနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ဒီတစ်နှစ်ခွဲအတွင်း သေဆုံးတဲ့အရပ်သား အနည်းဆုံး ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၆၅ ဦးအထိ ရှိနေတဲ့အကြောင်း RFA က တင်ပြထားပါတယ်။ စစ်ပြေးဒုက္ခသည်က တစ်သိန်းခွဲကျော်ထိ ရှိနေတယ်လို့ REC ရခိုင်မျိုးနွယ်စုများ အစည်းအရုံးက ပြောထားပါတယ်။ ပုဏ္ဏားကျွန်းမြို့မှာ မြန်မာ့တပ်မတော်က အရာရှိ တစ်ယောက်နဲ့ အခြားအဆင့် တစ်ယောက် ဓားနဲ့ထိုးခံရတာ၊ ကျောက်တော်မြို့မှာ ရဲအရာရှိတစ်ယောက်ကို အမည်မသိသူ ခြောက်ယောက်က ဓားနဲ့ထိုးပြီး တိုက်ခိုက်တာတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ တင်ဖြစ်ခဲ့သလို၊ အရပ်သားတွေလည်း AA ကိုထောက်ပံ့တဲ့သူ၊ ဒါမှမဟုတ် အဖွဲ့ဝင်ဆိုတဲ့ သံသယ တွေနဲ့ ဖမ်းဆီးနှိပ်စက်တရားစွဲခံရတာတွေကလည်း မကြာခဏဆိုသလို ဖြစ်နေပါတယ်။ ဒီလို တိုက်ပွဲတွေကြောင့် နှစ်ဘက်စလုံးက တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးနေရပေမယ့် မြန်မာ့တပ်မတော်အနေနဲ့ AA ရက္ခိုင့်တပ်တော်ကို အင်အား ချိနဲ့အောင် ဒါမှမဟုတ် တိုက်ရည်လျော့အောင် မလုပ်နိုင်သေးဘူးလို့ နယူးဒေလီအခြေစိုက် ANI သတင်း က ထောက်ပြပါတယ်။

အရပ်သားပြည်သူတွေဟာ တန်ဖိုးကြီးကြီး ပေးဆပ်နေရတယ်။ ကျောင်းတွေ ဆေးခန်းတွေဆိုတာ ပုံမှန်လို တိုက်ခိုက်ဖျက်ဆီးခံနေရတယ်။ ဒါတွေကိုလည်း တစ်ဘက်နဲ့တစ်ဘက် အပြစ်တင်နေကြတာပါပဲ လို့ ICG အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့က ထောက်ပြပါတယ်။

ဒီလိုအချိန်မှာ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေးရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း အောင်မြင်စွာ ကျင်းပနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမယ်လို့ ICG အဖွဲ့က ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။