ရခိုင်မှာ ရွေးကောက်ပွဲကာလ လုံခြုံမှုရှိနိုင်မလား
2020.06.04
ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ရခိုင်ပြည်နယ်နဲ့ ဝဒေသတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အစိုးရ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AA နဲ့ အစိုးရစစ်တပ်အကြား လက်ရှိတိုက်ပွဲတွေဖြစ်ပွါးနေသလို အာဆာအဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းလည်း မနေ့ကတင် ကြားရပါတယ်။ အဲဒီလိုလုံခြုံရေးအခြေအနေဆိုးဝါးနေမှုကို ဘယ်လိုဖြေရှင်းမလဲ၊ တကယ်လို့သာ ရွေးကောက်ပွဲတွေ ရခိုင်ပြည်နယ်မှာ ကျင်းပနိုင်ခြင်း မရှိဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲ။
ALP - Arakan Liberation Party- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ရွေးကောက်ပွဲမကျင်းပနိုင်ဖူးဆိုရင် ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းသွားနိုင်တယ်လို့ ပြောပါတယ်။
CPR - Center for Peace and Reconciliation- ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်ကတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ဖူးဆိုရင် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်နိုင်တယ်လို့ ဝေဖန်ပါတယ်။ လက်ရှိမှာ စစ်အုပ်ချုပ်ရေးကြေညာထားခြင်း မရှိတဲ့အတွက် ကျင်းပနိုင်ဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။
ဒေါ်စောမြရာဇာလင်းကလည်း ရခိုင်ပြည်သူတွေ အခွင့်အရေးမဆုံးရှုံးအောင် လုံခြုံရေးအတွက် အစိုးရက လိုအပ်သလို နိုင်ငံရေးအရဆွေးနွေးမှုတွေပြုလုပ်ပြီး တာဝန်ယူသင့်တယ်လို့ အကြံပေးပါတယ်။
ရိုဟင်ဂျာပဋိပက္ခ မပြေလည်သေးသလို ပြည်နယ်အတွင်း AA နဲ့ အစိုးရတပ်ဖွဲ့တွေအကြား တိ်ုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ပိုမိုများပြားလာနေချိန်မှာ လာမယ့်ရွေးကောက်ပွဲတွေကို တခြားပြည်နယ်ဒေသတွေနည်းတူ ရခိုင်ပြည်နယ်မှာ ကျင်းပနိုင်ပါ့မလားဆိုတာကို နိုင်ငံတကာ အသိုင်းအဝန်းက သတိထား စောင့်ကြည့်နေမှာဖြစ်ပါတယ်။