အရေးပေါ်ကာလထပ်တိုးပြီး ပိုဖိနှိပ်လာနိုင်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2023.07.21
အရေးပေါ်ကာလထပ်တိုးပြီး ပိုဖိနှိပ်လာနိုင်ကြောင်း လေ့လာသူတွေပြော ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
STR / AFP

လာမယ့် ဇူလိုင်လ ၃၁ ရက် အရေးပေါ်ကာလသက်တမ်းပြည့်တဲ့အချိန်မှာ စစ်ကောင်စီက နောက်ခြောက်လထပ်တိုးပြီး ဖိနှိပ်ချေမှုန်းတာတွေ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက် အရေးပေါ်ကာလသက်တမ်းကို ခြောက်လသုံးကြိမ် တိုးခဲ့ပြီးပါပြီ။ လက်ရှိတိုးထားတဲ့ သက်တမ်းဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။

စစ်ကိုင်း၊ ချင်းနဲ့ ကယားပြည်နယ်မှာ အကြမ်းဖက်မှုတွေ များနေတာကြောင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်သေးတဲ့အကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၃ ရက်က နေပြည်တော်အစည်းအဝေးမှာ သက်တမ်းတိုးမယ့် အခြေအနေကို အရိပ်အမြွက် ထုတ်ပြောထားပါတယ်။

ဒါကြောင့် တိုင်းပြည်မငြိမ်သက်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ခြောက်လထပ်တိုးပြီး လက်နက်ကိုင်ခုခံသူတွေကို ပြင်းပြင်းထန်ထန်ချေမှုန်းလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ခြောက်လထပ်တိုးပြီး သူရည်မှန်းထားတာကို ဖြစ်အောင် လုပ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီ ၂၀၂၃ ကို အဆုံးအဖြတ်ပေးမယ့်နှစ်ပေါ့။ တစ်စုံတစ်ရာ တိတိကျကျ သိသိသာသာ နိုင်ငံရေးရလဒ်တစ်ခု ပြောနိုင်တဲ့အခြေအနေမျိုးပေါ်အောင် တိုက်မယ်ဆိုပြီး သူတို့ကလည်း ပြောထားတာကိုး။ နစက အနေနဲ့ကျတော့လည်း ဒီဟာကို ငြိမ်းအောင်လုပ်နိုင်မှ ရွေးကောက်ပွဲလုပ်နိုင်မှာဆိုတော့ သက်တမ်းတိုးမယ့်ခြောက်လအတွင်းမှာ ရည်မှန်းထားတဲ့အတိုင်း ဖြစ်အောင်တိုက်ကြမှာပေါ့၊ ဆိုတော့ အခြေအနေတွေက တခြားနိုင်ငံရေး အပြောင်းအလဲဖြစ်မယ့် အခြေအနေတွေမရှိဘူးဆိုရင် ပိုပြီးတော့အသေအပျောက်တွေ များလာမယ်။ အတိုက်အခိုက်တွေများလာမယ့် သဘောတွေ့ရတယ်”

ဇူလိုင် ၃၁ ရက်မှာ ကုန်ဆုံးမယ့်အရေးပေါ်ကာလကို သက်တမ်းထပ်တိုး၊ မတိုး  အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဒီရက်ပိုင်းမှာပဲ သတင်းမီဒီယာတချို့ကို ပြောထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ထားတဲ့တာဝန်တွေ မပြီးမြောက်သေးဘူးလို့ တင်ပြလာရင် အရေးပေါ်ကာလကို သာမန်အားဖြင့် တစ်ကြိမ်ကိုခြောက်လအထိ နှစ်ကြိမ်တိုးပေးနိုင်တယ်လို့ပဲ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လက်ရှိစစ်ကောင်စီဟာ ဖွဲ့စည်းပုံမှာဖော်ပြထားတဲ့ “သာမန်အားဖြင့်” ဆိုတဲ့စကားလုံးကို သာမန်အခြေအနေမဟုတ်ရင် အကြိမ်ကြိမ်ထပ်တိုးလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး လိုရာဆွဲယူပြီး အရေးပေါ်ကာလသက်တမ်းကို ထပ်တိုးနေလိမ့်မယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP)
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP)

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအကြီးအကဲတွေဟာလည်း အာဏာသိမ်းပြီးမှ အသစ်ခန့်အပ်ထားတဲ့ သူတွေမို့လို့ ဖွဲ့စည်းပုံနဲ့ ညီမညီဆိုတာတွေကို စစ်ကောင်စီက ဂရုစိုက်နေမှာမဟုတ်ဘူးလို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“အခြေခံဥပဒေနဲ့ ညီမညီဆိုတာကတော့ အခြေခံဥပဒေခုံရုံးကို သူတို့(စစ်ကောင်စီ)က ခန့်ထားတာ။ လွှတ်တော် ကနေပြီး ရွေးချယ်ခန့်ထားတဲ့ ခုံရုံးမဟုတ်ဘူး။ အဲဒီခုံရုံးကနေပြီးတော့ အခြေခံဥပဒေနဲ့ ညီပါတယ်လို့ ပြောဆိုတာဟာ ဘုန်းကြီးရူးနဲ့ လှေလူးဇာတ်လမ်းပါပဲ။ ဘာမှ ထူးထူးခြားခြားမရှိဘူး။ အခြေခံဥပဒေနဲ့ ဘယ်ညီမလဲ”

စစ်ကောင်စီက သက်တမ်းထပ်တိုးတိုး မတိုးတိုး ပြည်သူတွေအတွက် ထူးလာမှာမဟုတ်ဘူးလို့ စစ်ကိုင်းဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။

“စစ်ကောင်စီဘက်ကတော့ အရေးပေါ်ကာလသက်တမ်းကို ထပ်တိုးလာနိုင်မှာပေါ့။ ထပ်တိုးတိုး၊ မတိုးတိုး ပြည်သူတွေဘက်ကတော့ ဒီနေ့အခြေအနေထက် ဘာမှ ထူးလာမှာ မဟုတ်ဘူး။ စစ်ကောင်စီဟာ သူတို့ တရားဝင်မှုအရ ထပ်တိုးမှာပါပဲ။ သက်တမ်းတိုးတယ်လို့ ပြောရင်လည်း ဒါကြီးက တိုးလို့မရဘူးလို့ ဘယ်သူကမှ တားလို့ရတဲ့ အခြေအနေမှ မဟုတ်တာ။ စစ်ကောင်စီက သူ့အတွက် တရားဝင်ဖို့အတွက်လုပ်သွားမှာပါပဲ”

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အရေးပေါ်ကာလသက်တမ်း ခြောက်လထပ်တိုးပြီးနောက် စစ်ကောင်စီဟာ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ကရင်၊ ချင်း၊ ကယား စတဲ့ တိုင်းနဲ့ပြည်နယ်တွေက စုစုပေါင်းမြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အဲဒီနောက်တော့ ခုခံတော်လှန်သူတွေကို အင်အားသုံး ချေမှုန်းခဲ့ပါတယ်။ ဒါပေမဲ့ ခုခံမှုတွေဟာ လျော့မသွားဘဲ ပိုများလာခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာလည်း စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်းထပ်တိုးပြီး စစ်ကိုင်း၊ ချင်းနဲ့ ကယားပြည်နယ်မှာ ပိုပြီးဖိနှိပ်ချေမှုန်းလာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

"စစ်အုပ်ချုပ်ရေးထုတ်ပြီးကတည်းက ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ အရပ်သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြတာတွေ တွေ့လာရတယ်"

သူတို့ဘက်ကလည်း ခုခံစစ်ထက် တိုက်စစ်ဖွင့်ဖို့ပြင်နေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုမုန်တိုင်းက RFA ကို ပြောပါတယ်။

“စစ်အုပ်ချုပ်ရေးထုတ်ပြီးကတည်းက ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြတာတွေ တွေ့လာရတယ်။ နောက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့လည်း အဲလိုမျိုး အသတ်ခံရတာတွေ ရှိတယ်။ ဒီထက် ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားလာမယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဘက်ကလည်း လက်ရှိခုခံတွန်းလှန်စစ်ထက် တချို့နေရာတွေမှာ တိုက်စစ် စဖွင့်နေပါပြီ။ သူတို့ (စစ်ကောင်စီ) ဘက်က ထပ်ပြီး သက်တမ်းတိုးမယ်ဆိုရင်လည်း ကျွန်တော်တို့ နယ်မြေမှာ နယ်မြေထိန်းသိမ်းရေး အစီအစဉ်တွေနဲ့ ဆက်သွားရမှာပေါ့”

စစ်ရေးပဋိပက္ခဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းပြုစုတဲ့ BNI-Myanmar Peace Monitor အဖွဲ့ရဲ့ အချက်အလက်တွေအရ အရေးပေါ်ကာလသက်တမ်းတိုးထားတဲ့ အခုနှစ်ဖေဖော်ဝါရီလကနေ ဇူလိုင်လ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၃၈၃ ယောက် သေဆုံးခဲ့တယ်လို့ တွေ့ရ ပါတယ်။ ဒီအရပ်သားတွေဟာ အဖမ်းခံရပြီးမှ အသတ်ခံရတာ၊ လက်နက်ကြီးထိမှန်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှူ (CDM) မှာ ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံဌာနက ကထိက ဒေါက်တာသန်းလွင်ဦးကတော့ နိုင်ငံရေးထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီဟာ ဖိနှိပ်မှုတွေ မအောင်မြင်ရင် နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး နိုင်ငံရေးထွက်ပေါက် ရှာလိမ့်မယ်လို့ ပြောပါတယ်။

“နိုင်ငံရေးထွက်ပေါက်လမ်းက တဖြည်းဖြည်း ပိတ်လာတာပေါ့။ ပထမ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက် ပေါက်လုပ်ဖို့ ကြိုးစားတယ်။ အဆင်မပြေဘူး။ အခုနောက်ပိုင်း ရွေးကောက်ပွဲဆိုတဲ့အသံ ပျောက်လာတယ်။ နောက်တစ်ခုက ညောင်နှစ်ပင်လို၊ တိုင်းရင်းသားညီလာခံလိုမျိုးလုပ်ဖို့ မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးတဲ့အခါ အသံထွက်လာတယ်။ ဒါလည်း သူထွက်ပေါက် နည်းလမ်းတစ်ခုအနေနဲ့ ကြိုးစားတယ်။ နောက်ဆုံးထွက်ပေါက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိဖို့ ကြိုးစားမယ့် အခြေအနေမျိုးတွေ ဖြစ်လာမယ်”

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇူလိုင် ၁၅ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိနေပါပြီ။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး စစ်ဘေးဒုက္ခသည် ရှစ်သိန်းနီးပါး ရှိတယ်လို့ ဇူလိုင် ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။