တပ်မတော်နဲ့ လူ့အခွင့်အရေးကိစ္စ EU ဆုံးဖြတ်ချက်အပေါ် အမြင်များ


2018.12.11
army-leaders-622.jpg နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာ တေ့ွရှိရတယ်ဆိုတဲ့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်ဆိုပြီး ဥရောပသမဂ္ဂကောင်စီက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မသီရိမင်းဇင်က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~

တပ်မတော်နဲ့ လူ့အခွင့်အရေးကိစ္စ EU ဆုံးဖြတ်ချက်အပေါ် အမြင်များ

(သီရိမင်းဇင်)

■ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေအတွင်း အထွေထွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကျယ် အပြန့် ပေါ်ပေါက်ခဲ့ရာမှာ၊ အထူးသဖြင့် မြန်မာ့တပ်မတော်ရဲ့ ကျူးလွန်မှုတွေဖြစ်တယ်လို့ ဥရောပကောင်စီ က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတေ့ွရှိချက်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ FFM လို့ခေါ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေဖြစ်ပြီး ဒီအပေါ်အထူးစိုးရိမ်မိကြောင်း၊ တာဝန်ရှိတဲ့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က ထိပ်ပိုင်းအရာရှိတွေအပေါ် အရေးယူဆောင်ရွက်မှုတွေ ထပ်မံတိုးမြှင့်မယ်လို့လည်း ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလိုအရေးယူမယ်ဆိုတဲ့ ဥရောပသမဂ္ဂကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က အခုလို ထောက်ပြပါတယ်။

"လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဥပမာ- လူ့အခွင့်အရေးချိုးဖောက်မှုတွေပါမယ်၊ စစ်ရာဇဝတ်မှုတွေ ပါနိုင်တယ်ဆိုတဲ့ကိစ္စမျိုးတွေပေါ့၊ ဒီလိုအခြေအနေမျိုးတွေကို ဘယ်သူကပဲ ချိုးဖောက် ချိုးဖောက် ချိုးဖောက်တဲ့သူကို အရေးယူရမယ်ဆိုတာ အမှန်တရားပဲ၊ ဒါပေမဲ့ ဘယ်သူကချိုးဖောက်လဲဆိုတာကို သက်သေအထောက်အထားပြဖို့တော့ လိုပါလိမ့်မယ်၊ ချိုးဖောက်တဲ့သူကို အရေးယူတာမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးကို Target ထားပြီး အရေးယူမယ်ဆိုရင်တော့ ကျူးလွန်တဲ့သူတွေအပေါ်မှာ ထိထိရောက်ရောက် အရေးယူနိုင်မှာမဟုတ်ဘူးလို့ မြင်ပါတယ်"

နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ရင် ပြည်သူတွေအတွက် သက်ရောက်မှုကြီးမှာဖြစ်လို့ နိုင်ငံကြီးတွေ အနေနဲ့ သေချာစဉ်းစားပြီး လုပ်ဆောင်စေချင်ကြောင်း ရခိုင်တိုင်းရင်းသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က သူ့အမြင်ကို အခုလို ပြောပါတယ်။

"ပိတ်ဆို့တွေကို တကယ်တမ်း ခံစားရတာက ပြည်သူတွေပေါ့နော်၊ နိုင်ငံကိုအုပ်ချုပ်တဲ့ အထက်အရာရှိတွေက နိုင်ငံခြားခရီးသွားတာတို့ မလုပ်နိုင်တာကလွဲလို့ ကျန်တဲ့ထိရောက်မှုတွေက ပြည်သူလူထုပါ၊ ခုမှဒီမိုကရေစီစပြီး လမ်းပွင့်တဲ့ LDC နိုင်ငံတစ်နိုင်ငံကို စီးပွားရေးအရရော၊ ဒီမိုကရက်တစ်ဖွံ့ဖြိုးပြီးသားနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာကျတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်ရိုက်သက်ရောက်တာတော့ နည်းပါတယ်၊ ကုန်သွယ်မှု ပိတ်ဆို့တာကို တကယ်တမ်းခံရတာက ပြည်သူပါပဲ၊ ဘယ်အဖွဲ့ကိုမဆို အရေးယူဖို့ပြစ်မှု ထင်ရှား တယ်၊ မြန်မာကလည်း လက်ခံနိုင်တယ်၊ တကယ်ဖြစ်ခဲ့တယ်ဆိုရင် နိုင်ငံတကာထုတ်ပြန်ချက်တွေကို ကျမတို့က မပြောလိုပေမဲ့ နိုင်ငံနဲ့ချီပြီး ပြည်သူအပေါ်မှာ ထိခိုက်လာမယ့်အရာကိုတော့ နိုင်ငံကြီးတွေက ဒါကို ကြည့်ဖို့ လိုပါတယ်"

တပ်မတော်အနေနဲ့ စစ်ဆင်ရေးအဖြစ် အမျိုးသမီး၊ ကလေးငယ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျူးလွန်ခဲ့သလို ၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးဟာ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေကို မခွဲခြားဘဲ သတ်ဖြတ်ခဲ့မှုတွေပါဝင်ခဲ့ပြီး ဒါတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေလို့ FFM ရဲ့ အစီရင်ခံစာမှာ စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ လူပေါင်း ၈၇၅ ယောက်ကို မေးမြန်းပြီး ပြုစုခဲ့တာလို့လည်း သိရပါတယ်။

လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်တွေအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က အသိအမှတ်ပြုတဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြင်ဆင်ဖို့အရေးကြီးကြောင်း ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ အလေးပေး ဖော်ပြထားပါတယ်။

ဒါပေမဲ့ FFM ရဲ့ အစီရင်ခံစာဟာ ဥပဒေကြောင်းအရ ခိုင်မာမှုမရှိလို့ဆိုပြီး မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း က နိုင်ငံတကာမှာ ငြင်းဆိုထားတာလည်း ရှိပါတယ်။

မြန်မာသံအမတ်ကြီးရဲ့ ပြောကြားချက်တွေဟာ မြန်မာအစိုးရဲ့ ရပ်တည်ချက်နဲ့ တစ်ထပ်တည်းပဲလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း ပြောဆိုထားပါတယ်။

ဒီပြောကြားချက်တွေဟာ တကယ့်မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲနေတယ်လို့ ရှမ်းပြည်နိုင်ငံရေးအဖွဲ့ တာဝန်ခံ ဦးတင်မောင်တိုး က အခုလိုပြောပါတယ်။

"နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးတို့ ဖြေကြားထားတာတွေနဲ့ မြေပြင်မှာ ဖြစ်နေတာနဲ့က တကယ်တလွဲစီဖြစ်နေတာ၊ သူတို့ရဲ့ဖြေကြားမှုတွေက စစ်တပ်ကို ကာဗာလုပ်ပြီး ရှေ့နေလုပ်ပြီး ဖြေကြားမှုတွေပဲလို့မြင်တယ်၊ စစ်တပ်ရဲ့ စစ်ဆင်ရေးလာလုပ်ဆောင်မှုတွေကြောင့် တကယ်ထိခိုက်နစ်နာနေတဲ့ ပြည်သူတွေက တကယ်လည်းရှိနေပါတယ်"

ဒီအချက်အပေါ်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က အခုလို သုံးသပ်ပါတယ်။

"ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေက မရှိပါဘူးဆိုရင်တော့ တော်တော်လွဲတဲ့ကိစ္စပဲ၊ မြန်မာမှာ အထူးသဖြင့် ဥပဒေနဲ့ အလှမ်းဝေးတဲ့ ဝေးလံခါင်သီတဲ့ဒေသမျိုးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပိုများတယ်၊ အချက်အလက်အမှန်တွေကိုရဖို့ ခက်ခဲတဲ့အနေအထားရှိတယ်၊ နိုင်ငံတကာမှာလည်း ဒီထက်ဆိုးတာတွေရှိတယ်၊ ဒါကိုမရှိပါဘူးလို့ ပြောဖို့ခက်တယ်၊ FFM ပဲဖြစ်ဖြစ်ပေါ့လေ၊ ဘယ်လောက်သက်သေခံအထောက်အထားတွေ ခိုင်လဲဆိုတာကို တဖက်ကပြဖို့လိုသလို ကျနော်တို့နိုင်ငံတော်အစိုးရကပဲဖြစ်ဖြစ် ပြောနေတာကလည်း သေသေ ချာချာမြေပြင်အနေအထားကို ဒီထက်ပိုပြီး လေ့လာဖို့လိုမယ်လို့ထင်တယ်၊ မဟုတ်ပါဘူးဆိုတဲ့ အချက်အလက်တွေ ကို ဘယ်သတင်းအရင်းအမြစ်က ရတာလဲဆိုတာလည်း အရေးကြီးတယ်၊ ဒီအစိုးရဆီမှာရော ဒီလိုငြင်းနိုင်တဲ့ သက်သေခံ အထောက်အထားရှိရဲ့လားဆိုတာလည်း မသေချာပါဘူး"

ဦးတိတ်နိုင်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်ကောက်ယူနေ တဲ့အဖွဲ့မှာ ပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဦးယုလွင်အောင် ကတော့ နိုင်ငံတကာရဲ့ ပြောဆိုချက်တွေဟာ တစ်ဖက်သတ်စွပ်စွဲချက်တွေသာဖြစ်ကြောင်း ပြောပါတယ်။

"အထောက်အထားတစ်ခုခုပြရင် ကျနော်တို့ကလည်း စုံစမ်းစစ်ဆေးပြီးတော့ ကာကွယ်ရေး၊ ပြည်ထဲရေး စတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနပေါ့၊ ကျနော်တို့က ပြောနေတာပဲ၊ ပြောရင်သူတို့ကလည်း ဒါကိုစုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးနေတာပဲ၊ ခုသူတို့စွပ်စွဲနေတယ်ဆိုတဲ့ဟာတွေက သိပ်အခြေအမြစ်ကမရှိဘူးလေ၊ ကျနော်တို့ဆီကို သေချာမပြောနိုင်ဘူးလေ၊ ရခိုင်မြောက်ပိုင်းမှာလည်း ဘင်္ဂါလီလက်နက်ကိုင်တွေ ARSA ရဲ့ အကြမ်းဖက် သမားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း အများကြီးဗျ၊ အဲဒါမျိုးကျ ဘယ်သူမှဘာမှမပြောဘူးဗျ၊ အပြစ်ကင်းစင်တဲ့သူတွေကို လိုက်လုပ်နေသလို ပုံဖော်နေတာကျတော့ မတရားဘူးလို့မြင်တာပေါ့နော်၊ ကိုယ့်အစိုးရ ကိုယ့်တပ်အတွက် ဘက်လိုက်ပြီးပြောနေတာမဟုတ်ဘူးနော်၊ ရခိုင်မြောက်ပိုင်းမှာဆိုရင် ဟိန္ဒူတွေ၊ မြိုတွေ၊ ခမီတွေကို သတ်နေတာလေ၊ အဲဒါကျဘယ်နိုင်ငံမှမပြောဘူး၊ မြိုလေး ခမီလေး လူ ၃၀ ၄၀ လောက်ရှိတဲ့ရွာ လေးကို ဘင်္ဂါလီ ၈၀၀၊ ၁၀၀၀ လောက်က ဝိုင်းချတာကျတော့ အင်အားအလွန်အကျွံသုံးတယ်လို့ ဘယ်သူမှမပြောဘူး၊ တပ်ကဝင်ကူပြီး ကာကွယ်တဲ့အခါကျတော့ အင်အားအလွန်အကျွံသုံးတယ်ဆိုတဲ့အခါ တစ်ဖက်သတ်စွပ်စွဲတယ်လို့ ကျနော်တို့ခံစားရတာပေါ့"

ဥရောပကောင်စီအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ကြိုဆိုသလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူမှုစီးပွား တိုးတက်ရေးတို့အတွက် ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့လည်း ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဘက်က ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်လာခဲ့ရင် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ခါစ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာမှာကို ပြည်တွင်းမှာ စိုးရိမ်နေကြပေမယ့် ဒီလိုအရေးယူမှုတွေ မထိရောက်နိုင်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်ရှင်။ ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။