EU ကုန်သွယ်မှုအထူးအခွင့်အရေး မရုပ်သိမ်းရေး


2019.01.11
eu-622.jpg ဥရောပကော်မရှင် အမှတ်တံဆိပ်ပုံ
Photo:european commission

EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး GSP မရုပ်သိမ်းဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအဖွဲ့အသီးသီးက ကြိုးစားနေကြပါတယ်။ ကုန်သွယ်မှု အထူးအခွင့်အရေး ရုပ်သိမ်းလိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲ၊ ရုပ်သိမ်းမခံရအောင် ဘာတွေ ဆောင်ရွက်သင့်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးစီးပွားရေးပညာရှင်တွေကို မေးမြန်းပြီး RFA သတင်းထောက် မသီရိမင်းဇင်က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

EU ကုန်သွယ်မှုအထူးအခွင့်အရေး မရုပ်သိမ်းရေး

(သီရိမင်းဇင်)

■ EU က မြန်မာကို GSP ရုပ်သိမ်းဖို့ စဉ်းစားနေကြောင်း ကြေညာပြီးတဲ့နောက် မြန်မာနိုင်ငံ ဗဟိုဘဏ်ဘက်က နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲတွေကို ပြည်တွင်းဘဏ်တွေနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအတွက် ငွေချေးတာနဲ့ တစ်ခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆောင်ရွက်ခွင့်ပြုကြောင်း ၂၀၁၈ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၉ ဇန်နဝါရီ ၂ ရက်နေ့မှာလည်း မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုတော့မှာဖြစ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အစိုးရရဲ့ ဖြေလျှော့လာမယ့်အချိန်ကို စောင့်ဆိုင်းရင်း စိတ်ပျက်ပြီး နိုင်ငံက ပြန်ထွက်သွားတဲ့ နိုင်ငံခြားအာမခံ ကုမ္ပဏီတချို့လည်း ရှိခဲ့ပါတယ်။ လက်ရှိပြည်တွင်းမှာ ကိုယ်စားလှယ်ရုံး လာဖွင့်ထားတဲ့ နိုင်ငံခြားအာမခံ ကုမ္ပဏီ ၃၂ ခု ရှိနေတယ်လို့လည်း သိရပါတယ်။

အဲဒီလိုတွေ ဖြေလျှော့လာတာဟာ EU က GSP ရုပ်သိမ်းဖို့ စဉ်းစားနေတာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကတော့ ဒီလိုဖြေလျှော့လာတာဟာ အစိုးရအနေနဲ့ အရင်ကတည်းက စီစဉ်ထားတာတွေကို ဆောင်ရွက်တာသာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

"နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျှော့ပေးတာက ကျနော်တို့ လုပ်ရမယ့်အလုပ်တွေပါ၊ နဂိုကတည်းကလည်း စီစဉ်ထားတာပါ၊ တစ်ဖက်က ပိတ်ဆို့မှုကတော့ EU ရဲ့သဘောထားပါ၊ ကျနော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေကို သူတို့ သဘောမပေါက်လို့လို့ပဲ ယူဆပါတယ်၊ ကျနော်တို့ သဘောပေါက်အောင် စိတ်ရှည်လက်ရှည် ဆက်ပြီးရှင်းပြရမှာပေါ့"

လက်ရှိအနေအထားမှာ နိုင်ငံတကာက ဘာတွေကြောင့် ဖိအားပေးနေတာလဲ၊ ဖိအားမပေးအောင် ဘာတွေလုပ်ရမလဲဆိုတာကို အစိုးရအနေနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်ဖို့လိုကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။

"EU က ဘာကြောင့် GSP ကိုရုပ်သိမ်းချင်တာလဲဆိုတဲ့ အကြောင်းရင်းသိမှ သူတို့နဲ့ ပေါင်းပြီးအဖြေထုတ်လို့ ရမှာလေ၊ ကိုယ့်ဟာကိုယ် လျှောက်လုပ်နေလို့လည်း သူတို့က လက်ခံမှာ မဟုတ်ဘူး၊ သူတို့နဲ့ အနီးကပ်ထိတွေ့ ညှိနှိုင်းနေဖို့လိုတယ်၊ အဲဒါကလည်း ပုဂ္ဂလိကတွေ လျှောက်လုပ်နေတာထက် နိုင်ငံတော်အစိုးရက သူတို့နဲ့ မိတ်ဆွေဖြစ်ညှိနှိုင်းပြီးတော့ ဘယ်ဟာကြောင့် ဖိအားပေးနေလဲ၊ ဖိအားမပေးအောင် ဘာတွေလုပ်ရမလဲဆိုတာမျိုး ညှိညှိနှိုင်းနှိုင်း လုပ်ရမယ့် အခြေအနေဖြစ်တယ်"

EU က မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ် ဇူလိုင်လကနေစပြီး GSP ခံစားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၈ အောက်တိုဘာလ အစောပိုင်းမှာတော့ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး EU ကုန်သွယ်ရေးကော်မရှင်နာ မင်းကြီးက မြန်မာကို ခံစားခွင့်ပြုထားတဲ့ GSP ကို ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားနေကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံကို EU က GSP ရုပ်သိမ်းဖို့ စဉ်းစားနေချိန်မှာ EU ဘက်က နိုင်ငံတကာရေးရာအဖွဲ့၊ ကုန်သွယ်ရေးရာ အဖွဲ့တို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

မြန်မာက EU ကို တင်ပို့တဲ့ ကုန်စည်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ အထည်ချုပ်လုပ်ငန်းက ဖြစ်ပါတယ်။ တကယ်လို့ GSP ပြန်လည်ရုပ်သိမ်းမယ်ဆိုရင် မြန်မာ့အထည်ချုပ်လုပ်ငန်းတွေအပေါ် ထိခိုက်မှုကြီးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံဟာ အာဏာရှင်နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့အချိန် EU က အခွင့်အရေးလေးပေးလိုက်တဲ့အခါမှာ အထည်ချုပ်တို့ ဘာတို့ပေါ့နော်၊ အခြေခံလူတန်းစား ၃ သိန်းကျော်က အလုပ်တွေ ဘာတွေရတယ်၊ လူသန်းနဲ့ချီကို စားဝတ်နေရေးတွေ အဆင်ပြေနိုင်တယ်၊ ဒီဟာကို ဥရောပနိုင်ငံတွေကလည်း ဆန့်ကျင်ဖက်လုပ်ပြီးတော့ ကျဉ်းမြောင်းတဲ့ အယူအဆလေးနဲ့ သန်းနဲ့ချီတဲ့လူတွေကို အလုပ်လက်မဲ့ဖြစ်သွားအောင် မလုပ်သင့်ဘူး၊ အကုန်လုံး ဗရုတ်သုတ်ခဖြစ်သွားနိုင်တာပေါ့နော်၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းကို အဟန့်အတားဖြစ်သွားနိုင်တယ်"

မြန်မာနိုင်ငံကို GSP မရုပ်သိမ်းဖို့အတွက် မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တို့ပူးပေါင်းပြီး ၂၀၁၈ ဒီဇင်ဘာလအတွင်းက နိုင်ငံတကာ သံတမန်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့သလို ကြေညာချက်ထုတ်ပြန်ပြီးလည်း တောင်းဆိုထားပါတယ်။

GSP ရုပ်သိမ်းပါက စက်ရုံပေါင်း ၅၀၀ နီးပါးလောက်ရှိတဲ့ အထည်ချုပ်စက်ရုံလုပ်ငန်းတွေ ပိတ်သိမ်းရမှာဖြစ်တဲ့အတွက် လုပ်သားပေါင်း ၅ သိန်းလောက် အလုပ်လက်မဲ့ဖြစ်ပြီး မိသားစုဝင်တွေလည်း ဒုက္ခရောက်ကြရမှာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဘက်က မြန်မာအပေါ်ပေးထားတဲ့ GSP ရုပ်သိမ်းဖို့ကို ကန့်ကွက်နေကြတာ ဖြစ်ပါတယ်ရှင်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။