မြေရှားသတ္တု အလွန်အကျွံတူးဖော်မှု ကချင်ဒေသနဲ့ ဧရာဝတီမြစ်ကို အဆိပ်သင့်စေနိုင်

လျှပ်စစ်ပစ္စည်း အများအပြားထုတ်လုပ်တဲ့ တရုတ်နိုင်ငံကြီးရဲ့ လိုအပ်ချက်ကြောင့် Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို ကချင်ပြည်နယ်က ချီဖွေ၊ ပန်ဝါဒေသမှာ တရုတ် ကုမ္ပဏီတွေ လာရောက်တူးဖော်နေပြီး လုပ်ကွက်ပေါင်း ၃၀၀ မှာ အားပြင်းအက်စ် သတ္တုရည်ကန်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရတယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။
ကချင်အထူးဒေသ (၁) လို့ လူသိများတဲ့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ စစ်ကောင်စီ တာဝန်ရှိသူတွေ၊ သူတို့နဲ့ အကျိုးတူစီးပွားဖက် ပန်ဝါပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ တရုတ်လုပ်ငန်းရှင်တွေ ပူပေါင်းပြီး စည်းမဲ့ကမ်းမဲ့ မြေရှားသတ္တုတူးဖော်နေကြတယ်လို့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြေရှားသတ္တု အလွန်အကျွံတူးဖော်တဲ့အတွက် ချီဖွေချောင်းရေ ညစ်ညမ်းသွားပြီး ငါး၊ ပုန်တွေ မရှိတော့သလို လူတွေလည်း ချောင်းဆိုး၊ ရင်ကျပ်လာကြတယ်လို့ သတ္တုရှာဖွေရေးလုပ်ကွက်မှာ လုပ်ကိုင်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အဆိပ်ဖြစ်တာပေါ့။ အခုဒီမှာရှိနေတဲ့ချောင်းကလည်း အချိန်ပြည့် ရေနောက်နေတယ်၊ ခတွေ မျောနေတာပေါ့။ ငါးလည်းမရှိဘူး၊ ပုစွန်တောင် မရှိဘူး။ ကုန်းပေါ်မှာလည်း ကြွတ်တွေ မရှိတော့ဘူး။ ဒီမှာ တူးတာကြာလာရင်လည်း ကျန်းမာရေး မကောင်းတာတွေ ဖြစ်လာတော့ အများဆုံးတစ်နှစ် နှစ်နှစ်လောက်ပဲ လုပ်ကြတာ။ အဲဒါကြောင့် တစ်နှစ်လောက်ပဲ လုပ်ကြတာ။ အကြာကြီးလုပ်ရင်တော့ ကျန်းမာရေး ထိလာတယ်။ မြေဩဇာမှုန့် (သတ္တုရည်ကထွက်လာတဲ့ အခိုးအငွေ့နဲ့ အမှုန်အစများ) နှာခေါင်းမှာ ဝင်တာ များလာတယ်။ ချောင်းဆိုးတဲ့အချိန် ရင်ကျပ်တာတွေ၊ ရင်တွေကျပ်ပြီး သွေးတွေထွက်လာပြီး ဖျားလာတာ"
မြေရှားသတ္တုတူးဖော်တဲ့အခါ အောက်ဇားလစ် အက်စစ် (Oxalic acid) နဲ့ အမိုနီယမ် ဘိုင်-ကာဘွန်နိတ် (Ammonium bi-carbonate) လို အားပြင်းအက်စစ် ငါးမျိုးလောက်ကို သတ္တုရှိနိုင်မယ့် တောင်သားနဲ့ မြေပြင်တွေထဲ ထိုးသွင်းပြီး ရှာဖွေတူးဖော်ရတာလို့ သတ္တုတူးဖော်ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက RFA ကို ရှင်းပြပါတယ်။
Global Witness အဖွဲ့ကြီးကတော့ ဒီအက်စစ်တွေဟာ သစ်တောတွေ၊ သဘာဝ တောရိုင်းတိရစ္ဆာန်တွေကို ထိခိုက်ပျက်စီးစေရုံမက လူတွေလည်း အရိုးပွရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ အစာအိမ် အူလမ်းကြောင်းရောဂါ၊ မျက်စိနဲ့ အရေပြားရောဂါ အပါအဝင် ကျန်းမာရေးပြဿနာမျိုးစုံ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
"တစ်နှစ်လောက်ပဲ လုပ်ကြတာ။ အကြာကြီးလုပ်ရင်တော့ ကျန်းမာရေး ထိလာတယ်။"
မြန်မာနိုင်ငံမှာ၂၀၁၇ ခုနှစ် မေလကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာအထိ လေးနှစ်ကျော် အတွင်း မြေရှားသတ္တု တန်ချိန် တစ်သိန်းလေးသောင်းခန့်ကို ကုမ္ပဏီတွေက တူးဖော်ခဲ့ပါတယ်။ အဲဒီပမာဏနဲ့အတူ အန္တရာယ်ရှိတဲ့ ဓာတုစွန့်ပစ်ပစ္စည်း တန်ချိန် ၂၈၄ သန်း၊ ရေဒီယိုသတ္တိကြွပစ္စည်း တန်ချိန် ၁၄ သန်းလောက် ထွက်ရှိတယ်လို့ The Harvard International Review သတင်းက ဖော်ပြပါတယ်။
ပန်ဝါ ဒေသခံတစ်ဦးကတော့ သူတို့ဒေသမှာ မြေရှားသတ္တု အလွန်အကျွံတူးဖော်တဲ့အတွက် သဘာဝတောရိုင်းတိရစ္ဆန်တွေ မျိုးတုံးသွားသလို ရာသီဥတုပါ ပြောင်းလဲစပြုလာပြီလို့ ပြောပါတယ်။
“သတ္တုတူးဖော်မှုကြောင့် အခုတော့ ကျနော်တို့ ချီဖွေချောင်း တစ်ချောင်းလုံးကတော့ ရေနေသတ္တဝါအားလုံး ဆုံးရှုံးသွားပြီ။ ပြီးလို့ရှိရင် တောတွေ၊ တောင်တွေ အားလုံး ပြောင်သွားတဲ့ အချိန်ကျတော့ တောရိုင်းတိရစ္ဆန်တွေလည်း အခုနေမယ့်နေရာ မရှိတော့ဘူး။ မျိုးတုံးသွားတယ်၊ ပျောက်သွားတယ်၊ အဲဒါတွေ တွေ့ရတာပေါ့။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ဟာတော့ အာလုံးအသိပဲ၊ တကယ် ဒီချိန်ဒီခါက မိုးလှိုင်လှိုင် ရွာရမယ့်အချိန်၊ အခုက နေတိုင်း နေပဲပူပြီးတော့ ရာသီဥတု ဘယ်လောက်ပြောင်းသွားပြီလဲဆိုတာ သိပ်ပြောစရာတောင် မလိုတော့ဘူး “
အရင်က ချီဖွေ၊ ပန်ဝါ ဒေသက ကားလမ်းမဘေးတစ်လျှောက်မှာသာ တူးဖော်ရာကနေ အခုတော့ တောရော တောင်ပါ မကျန် အကုန်တူးဖော်နေကြတယ်လို့လည်း သူက ဆိုပါတယ်။
ကချင်ဒေသတစ်ခုတည်းမှာတင် တူးဖော်နေတဲ့ လုပ်ကွက်ပေါင်း ၃၀၀ ရဲ့ အကျယ် အဝန်းဟာ စင်ကာပူနိုင်ငံလောက် ရှိတယ်လို့လည်း Global Witness ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုသာ စည်းမဲ့ကမ်းမဲ့ ဆက်တူးနေမယ်ဆိုရင် နောင်တစ်ချိန် ဒီဒေသမှာ လူတောင် နေလို့မရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်တယ်လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးတွေ လယ်ယာမြေ ဆုံးရှုံးမှုတွေတော့ ရှိလာမှာပဲ။ အခု အဲမှာ လုပ်တဲ့လူတွေလည်း တကယ့်အာဏာရှိ လက်နက်ကိုင်တွေ ဆိုတော့ သူတို့နေရာ မဟုတ်ဘူးဆိုတော့ သူတို့ အတွက်တော့ ဘာမှမဟုတ်ဘူး၊ ဒါပေမဲ့ ဒေသခံတွေ အတွက်ကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ အဲနေရာမှာ လူ နေလို့တောင် မရတဲ့အခြေအနေ ဖြစ်သွားနိုင်တယ်။ လုပ်စားမယ့်နေရာ မရှိတော့ဘူးလေ၊ လုပ်စားမယ့် နေရာ မရှိတော့ ဒီသဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိလာတော့ ဘယ်သူမှ မနေနိုင်တော့ဘူး ဆိုတော့ တခြား နေရာကို ပြန်ရှာရမှာပဲလေ။ အဲဒါကြောင့် လူတောင် မနေနိုင်တော့တဲ့အဆင့်မျိုး ဖြစ်လာမှာ”
၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြေရှားသတ္တု ပိုမိုဆိုးဆိုးဝါးဝါးတူးဖော်လာပြီး အတားအဆီးအထိန်းအချုပ် မရှိတော့ဘူးလို့လည်း သူက ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ချီဖွေပန်ဝါဒေသမှာ တရားဝင် မြေရှားသတ္တုတူးဖော်ဖို့ ခွင့်မပြုထားဘူးလို့ ပြောပါတယ်။

“ကျနော်တို့ကတော့ နံပါတ်တစ် ခွင့်မပြုထားဘူး။ တရားဝင် ကျနော်တို့ တရုတ် နိုင်ငံသားတွေကို ပေးထားတာတို့ ဖက်စပ် လုပ်ကိုင်ဆောင်ရွက်တဲ့ ကိစ္စတို့မရှိဘူး။ ဝင်လုပ်ရင်တော့ သူဟာသူ ခိုးလုပ်နေတဲ့ သဘောပဲ ဖြစ်လိမ့်မယ်။ အဲဒါဆိုလည်း ကျနော်တို့က ဥပဒေကြောင်းအရလုပ်မှာပဲ။ အဲဒါကို ဖမ်းမယ် အရေးယူမယ်ပေါ့နော်”
အရင်က “မြေရှားသတ္တု တိုင်းပြည်” လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ကျန်ရှီး ပြည်နယ်၊ ကွမ်ကျိုးမြို့က မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်များစွာကို တရုတ် အစိုးရက ပိတ်သိမ်းခဲ့ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ကချင်ဒေသမှာ မြေရှားသတ္တု တူးဖော်ရေး လုပ်ကွက်အများအပြားကို ပြောင်းရွှေ့လုပ်ကိုင်လာတာလို့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာမှာ ဖော်ပြပါတယ်။
သတ္တုတူးဖော်ရာကထွက်ရှိတဲ့ ဓာတုဘေးထွက်ပစ္စည်းတွေဟာ ချီဖွေချောင်းကတစ်ဆင့် မေခ၊ မလိခ မြစ်ထဲ စီးဝင်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကိုပါ အဆိပ်သင့်တာမျိုး ဖြစ်လာနေပြီလို့ ကချင်ပြည်နယ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
“Rare earth ထဲမှာသုံးတဲ့ ဓာတုပစ္စည်းအရည်တွေပေါ့နော်၊ နွံကန်တွေက တစ်ဆင့် ပေါက်လာတဲ့ ရေတွေကျတော့ ကျနော်တို့ရဲ့ ချီဖွေချောင်းမှာ ဝင်သွားတာပေါ်နော်။ ကျနော်တို့ ဒေသခံမှာရှိတဲ့ နွားတွေလည်း အဲမှာ ရေတွေသွား သောက်ရင်တော့ သေတဲ့ဟာတွေလည်း ရှိတာပေါ့နော်၊ ကျနော်တို့လည်း အဲမှာ ရေသွားချိုးလို့မရတဲ့ အခြေအနေတွေ ဖြစ်သွားတာပေါ့။ ဒီ သူတို့ရဲ့ ဓာတုဆေးရည်တွေက အဲဒီ ချီဖွေချောင်းကို ဝင်တာပေါ့နော်၊ အဲဒီချီဖွေ ချောင်းကနေ ဒီမေခထဲမှာ ပြန်သွားဆုံတယ်၊ မေခကနေ တစ်ဆင့် ဧရာဝတီမြစ်ထဲ ပြန်ဝင်တဲ့အခါကျတော့ ဆိုးကျိုးကျတော့ ဧရာဝတီ မှီခိုနေထိုင်တဲ့ လူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေထိ ဖြစ်သွား နိုင်တယ်”
အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မြေရှားသတ္တုတန်ချိန် နှစ်သိန်း ရှစ်သောင်းခန့် ထွက်ရှိခဲ့ပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက တန်ချိန် တစ်သိန်း ခြောက်သောင်း ရှစ်ထောင်နဲ့ ပထမ၊ အမေရိကန်က တန်ချိန် လေးသောင်း သုံးထောင် နဲ့ ဒုတိယ၊ မြန်မာနိုင်ငံက တန်ချိန် နှစ်သောင်း ခြောက်ထောင် နဲ့ တတိယ အများဆုံး တူးဖော်နေတာ ဖြစ်ပါတယ်။