စစ်ကောင်စီ ငြိမ်းချမ်းရေးနဲ့စီးပွားရေး တိုးချဲ့နိုင်မှာလား
2022.08.16

မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ထိတွေ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေရာမှာ ပြည်တွင်း ပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့အပြီး လက်နက်ကိုင်အဖွဲ့ အများအပြားက အခြေအနေကို စောင့်ကြည့်နေခဲ့ကြသလို အာဏာသိမ်းစစ်ကောင်စီကလည်း ပြည်တွင်းလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ထဲက၊ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ စစ်ကောင်စီနဲ့ တိုက်ရိုက် ပဋိပက္ခ မရှိခဲ့တဲ့အဖွဲ့တွေဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက ဆက်ဆံရေးဟာ အဖွဲ့အစည်းသဘောထက် ပုဂ္ဂိုလ်ရေး သဘောပိုကဲတယ်လို့ သုတေသနတစ်ရပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ RCSS၊ SSA တောင်ပိုင်း၊ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တို့နဲ့လည်း ပုဂ္ဂိုလ်ရေးအရတွေ့ဆုံခဲ့ကြပါတယ်။
SSA နဲ့ UWSP တို့ဟာ ရှမ်းပြည်နယ်အတွင်း သူတို့ရဲ့အနေအထားကို ပိုမိုခိုင်မာအောင် ကြိုးပမ်းနေကြတာပါ။ SSAအနေနဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်ဆိုင်နေရသလို UWSP ၀ တပ်ဖွဲ့ကလည်း နယ်စပ်တစ်လျှောက် တရုတ်ပြည်ရဲ့ထောက်ပံ့ကူညီမှု ရရှိနေတာဖြစ်ပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်အနေနဲ့ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံဖို့ လွယ်ကူကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အခု လတ်တလောလပိုင်းတွေအတွင်း စစ်ကောင်စီနဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ KNU၊ KIA နဲ့ ချင်းအမျိုးသားတပ် CNA အပါအဝင် တချို့တိုင်းရင်းသားအဖွဲ့တွေကတော့ အခုနောက်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ညှိနှိုင်းမှုတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို မဖိတ်ကြားခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း PDF၊ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပါဝင်ဖို့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ကရင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာ ငြိမ်းချမ်းရေး အစပျိုးချိန်မှာပဲ KNU အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ရက္ခိုင့်တပ်တော် AA ကလည်း စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အအုံတွေကို သိမ်းပိုက်တာ၊ ရခိုင်ပြည်နယ်အတွင်း အများပြည်သူဆိုင်ရာနေရာတွေကို စစ်စခန်းတွေအဖြစ် သုံးစွဲတာတွေအပေါ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
သမိုင်းတစ်လျှောက် လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအများစုကလည်း စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကိုရော၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ်ကိုပါ အရေးတယူ မရှိလှဘူးလို့ သတင်းတချို့က ဆိုပါတယ်။ လက်နက်ကိုင်အဖွဲ့တချို့သာ NUG နဲ့ အတူ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြပါတယ်။ ဒါ့ပြင် ဆွေးနွေးညှိနှိုင်းမှုတွေဟာ အပေါ်ယံလောက်သာဖြစ်နေပြီး၊ အနှစ်သာရ မရှိသလောက်ပဲလို့ ဝေဖန်ခံရတာတွေလည်း ပေါ်ပေါက်လာနေပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအပေါ် ရှုမြင်ပုံနဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အချက်သုံးရပ်ရှိကြောင်း သတင်းမှာဖော်ပြပါတယ်။
ပထမအချက်က ပြန်လည်ရင်ကြားစေ့ရေးအားထုတ်မှုတွေဟာ ဝေဝါးနေပြီး ဆက်လက်ဖိနှိပ်ထားရေး ဆိုတဲ့ စစ်ကောင်စီရဲ့ သဘောထားအမှန်ကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒုတိယက - အဖွဲ့တွေကြား NUG နဲ့ ညီညွတ်မှု ပြိုကွဲပြီး၊ ခွဲခြားအုပ်ချုပ်ရေး ပေါ်ပေါက်စေဖို့ ဖြစ်ပါတယ်။ တတိယက - မြေပြင်နဲ့ ဝေဟင်တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီ ရောက်ရှိလာစေရေး ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဟာ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်အတွင်း အားကောင်းလာခဲ့ရာက ဒီနှစ်မှာတော့ ပြန်လည်နှေးကွေးစ ပြုလာတယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကပြောပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ စည်းမျဉ်းတွေ တိုးတက်လာအောင် ရင်းနှီးမြှုပ်နှံလိုစိတ်တွေ အားကောင်းလာအောင်၊ နှစ်ကာလကြာရှည်ခဲ့တဲ့ အထီးကျန်နိုင်ငံဘဝကို အဆုံးသတ်နိုင်အောင် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက်နိုင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဟာ အလယ်အလတ်အဆင့်ကို ပြန်ရောက်လာနိုင်တယ်လို့ လည်း ဆိုပါတယ်။
IMF ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ဟာ ဒီနှစ်အတွင်း မှန်မှန်တိုးတက်နေပေမယ့် မြန်မာအဓိကရင်ဆိုင်ရမှာက စိုက်ပျိုးရေးပို့ကုန်တွေအပေါ် အားထားလွန်းတာ၊ ရင်းနှီးမြှုပ်နှံမှု မလုံလောက်တာ၊ ငွေတန်ဖိုးလျော့ကျတာတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးရေးကဏ္ဍ က ဝင်ငွေရခဲ့သလို၊ ပုံမှန်ပို့ကုန်ရှိခဲ့တဲ့အတွက် မြန်မာ့ GDP ၆.၈ ရာခိုင်နှုန်းအထိ မြင့်ခဲ့ပါတယ်။ ငွေဖောင်းပွမှုက ၄ ရာခိုင်နှုန်းမှာ တန့်နေပြီး၊ ဘတ်ဂျက်လိုငွေပြမှုက GDP ရဲ့ ၂.၇ ရာနှုန်း မြင့် သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ နိုင်ငံတကာနဲ့အညီ လောင်စာဆီဈေးနှုန်းမြင့်လာတာ၊ မြန်မာငွေတန်ဖိုး ဆက်လက်ကျဆင်းနေပြီး၊ သွင်းကုန်တန်ဖိုး မြင့်တက်လာခဲ့ကြောင်းလည်း IMF က ဖော်ပြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ လာရောက်လုပ်ငန်းထူထောင်ထားပြီး ကုမ္ပဏီတွေကတော့ ဆက်လက်လုပ်ကိုင်နေကြဖွယ်ရှိပါတယ်။ မြန်မာဟာ စက်မှုထွန်းကားတဲ့နိုင်ငံ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းကြီးကြီးမားမားရှိနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်လို ချည်မျှင်နဲ့အထည်လို လူသုံးကုန်ပစ္စည်းတွေ အဓိက ထုတ်လုပ်ရာနိုင်ငံဖြစ်လာနိုင်ကြောင်း IMF က ပြောဆိုခဲ့ပါတယ်။