မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် အရင်ထက်ပိုကျဆင်းလာ
2018.11.01
မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့် မရှိဘူးလို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ပြောလိုက်ပါတယ်။ NLD အစိုးရလက်ထက် အင်တာနက်လွတ်လပ်ခွင့် အခြေအနေဟာ အရင်ကထက် ပိုပြီး ကျဆင်းသွားခဲ့တယ်လို့ နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားတာပါ။
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကတော့ အစိုးရအနေနဲ့ အင်တာနက် အသုံးပြုသူတွေကို ကန့်သတ်ထားတာမရှိသလို၊ မီဒီယာအဆင့်အတန်းကို မြှင့်တင်ဖို့လည်း ကြိုးပမ်းနေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အသေးစိတ်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။
~~~~~~~~~~~
■ Freedom House အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၈ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ၂ နှစ်ဆက်တိုက် ကျဆင်းသွားတယ်လို့ ထောက်ပြထားတာပါ။
၂ဝ၁၇ ဇွန်လကနေ ၂ဝ၁၈ မေလ ၃၁ ရက်အထိ ဆန်းစစ်ချက်တွေအရ… အင်တာနက်သုံးစွဲမှုနှုန်း တိုးလာတယ်ဆိုပေမဲ့ သုံးစွဲသူတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတာ၊ အစိုးရနဲ့စစ်တပ်က ရိုဟင်ဂျာမွတ်စလင်အရေးနဲ့ ပတ်သက်တဲ့ အာဘော်တွေကို အဓိကအလေးပေးတဲ့အတွက် အွန်လိုင်းမှာ မတူကွဲပြားတဲ့အမြင်တွေ ဖော်ပြမှု နည်းလာတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေက အွန်လိုင်းပေါ်မှာ ရခိုင်ပြည်နယ်အရေး ဖော်ပြကြတဲ့အခါမှာလည်း ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက်ခံရတာတွေ တိုးလာနေသလို တဘက်မှာလည်း မိမိလုံခြုံရေးအတွက် ပြည်ပကိုထွက်ပြေးရတာမျိုးတွေအထိ ဖြစ်ခဲ့တယ်လို့လည်း ဖော်ပြထားတာပါ။
ပြည်တွင်းမီဒီယာတွေမှာ “ရိုဟင်ဂျာအရေး” ရေးသားဖော်ပြခွင့်တွေကိုလည်း အစိုးရက ကန့်သတ်ထားပြီး ရိုဟင်ဂျာအရေးလိုလားသူတွေ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်ပမီဒီယာတွေကို ပြစ်မှတ်ထားပုံရတဲ့ အကြောင်းရင်းတွေလည်း ပါဝင်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်း ကတော့… အင်တာနက် သုံးစွဲသူတွေအပေါ် အစိုးရက ကန့်သတ်နေတာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ အစိုးရအနေနဲ့ ကန့်သတ်တာ လုံးဝ မရှိပါဘူး။ သို့သော် ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကိုတော့ ကျနော်တို့ နိုင်ငံအနေနဲ့ လက်မခံပါ။ အဲဒါ ကျနော်တို့ လက်မခံတဲ့ ဝေါဟာရတခုပါ။ အဲဒီအပေါ် အခြေခံပြီးတော့ ဝေဖန်တာတွေကိုတော့ ကျနော်တို့က လက်မခံဘူးပေါ့လေ။ ကျနော်တို့ရဲ့ အစိုးရပိုင်မီဒီယာမှာတော့ သုံးခွင့်မရှိပါဘူး။ အဲဒါ အမှန်ပါပဲ။ တချို့ အမြင်မတူတဲ့သူတွေ အပေါ်မှာ တိုက်ခိုက်တယ်ဆိုတာကတော့ အစိုးရနဲ့ ဘာမှ မဆိုင်ပါဘူးခင်ဗျာ။ ကျနော်ကိုယ်တိုင်လည်း တခါတလေ ဝိုင်းဝန်းပြီး တော့ တိုက်ခိုက်ခံရတာတွေ ရှိပါတယ်။ ဒီရာထူးရလာကတည်းက ကျနော့်ကို ဝိုင်းဝန်းပြီးတော့ တိုက်ခိုက်တာ အဲဒါမျိုးတွေ ရှိပါ တယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရပိုင်းအနေနဲ့ရော ပြန်ကြားရေးပိုင်းအနေနဲ့ရောက ဘာမှ မရှိဘူးခင်ဗျ။ ကျနော် သိသလောက် ပြန်ကြားရေးအနေနဲ့ အဲဒီလိုမျိုး အွန်လိုင်းမှာ စောင့်ကြည့်ပြီး တိုက်ခိုက်တာတွေ ဝေဖန်တာတွေ ဘာမှ မရှိဘူးခင်ဗျ။ ရှိရင်လည်း အစိုးရရဲ့ ပေါ်လစီ မဟုတ်ဘူးလို့ ယူဆပါတယ်။ အစိုးရကတော့ ဖြစ်နိုင်ရင် မီဒီယာအသိပညာနဲ့ ပတ်သက်လို့ ပြည်သူတွေ ကြားမှာ ဗဟုသုတ အသိပညာ မြင့်မားအောင်လို့ လုပ်ဖို့ အစီအစဉ် ရှိပါတယ်”
Freedom House ရဲ့ ဆန်းစစ်ချက်အရ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ကို အမှတ် ၁ဝဝ ပေးထားတဲ့အထဲမှာ အရင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ၆၁ မှတ် ရှိနေရာကနေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် မနှစ်က ၆၃ မှတ်ကို ကျဆင်းသွားခဲ့ပြီး၊ ဒီနှစ်မှာ ၆၄ ကို ထပ်မံကျဆင်းသွားတာ ဖြစ်ပါတယ်။ မြန်မာဘလော့ဂါ နေဘုန်းလတ်ကတော့...
“ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရကို အဲ့လိုမျိုး ယှဉ်ပြီးတော့ကို တိုင်းလို့ မရဘူး။ အနှုတ် ကနေပြီး လာရတာ။ အများကြီး ပွင့်လင်းလာတယ်။ အများကြီး တိုးတက်လာတယ်။ အဲဒီဟာကနေပြီးတော့ ကျနော်တို့ လက်ရှိ အစိုးရအနေနဲ့ကကျတော့ အဲ့လိုမျိုး မဟုတ်ဘူးလေ။ အနှုတ်အဆင့်ကနေပြီးတော့ တက်လာရတာမျိုး မဟုတ်ဘူး။ ဒီတိုးတက်မှုကိုပဲ ဆက်ပြီး ထိန်းသိမ်းရ တဲ့ သဘောရှိတယ်။ အဲ့ဒီနှစ်ခုကိုတော့ level ယှဉ်ပြီး ပြောလို့မရဘူးလို့ ကျနော်က မြင်တယ်။ တချို့ဟာတွေက ခွဲပြောဖို့တော့ လိုမယ်။ အစိုးရတရပ်လုံးအနေနဲ့ဆိုရင်တော့ ကျနော်တို့က လွတ်လပ်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းလို တချို့ကိစ္စတွေမှာ မီဒီယာတွေနဲ့ ဖြစ်တဲ့ ပြဿနာမျိုးတွေ ဘာတွေ သက်ဆိုင်ရာအစိုးရ တဖွဲ့ချင်းနဲ့ပဲ ဆိုင်မယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ သုံးသပ်တဲ့အခါမှာတော့ ပြည်နယ်နဲ့တိုင်း တခုချင်းစီနဲ့ တနိုင်ငံလုံးနဲ့ကို ခွဲခြားပြီး ပြောဖို့တော့ လိုမယ်ထင်တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ သုံးသပ်မှုကတော့ အရင်ကထက် ပိုပြီးတော့ လွတ်လပ်လာ တယ်။ ကျနော်တို့ လွတ်လွတ်လပ်လပ်လည်း သုံးခွင့်ရနေပါတယ်”
မြန်မာမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကတော့…
“ကျနော့်အမြင်ကတော့ - လူမှုကွန်ရက် Facebook ပေါ်မှာကတော့ အဲ့လိုမျိုး နိုင်ငံရေးအမြင်တွေ၊ လူမျိုးရေး၊ ဘာသာရေး အဲ့လို ဟာတွေနဲ့ အကျိုးအမြတ်ထွက်အောင် လုပ်တဲ့ဟာတွေပေါ့နော် တနည်းအားဖြင့် အဲ့လိုဟာတွေက ပိုပြီးတော့ များလာတယ်။ အဲဒီအပေါ်မှာလည်း အစိုးရရဲ့ မူဝါဒက ပွင့်လင်းမြင်သာမှုထက်ကို အဲ့လို ရေးသားမှုတွေက ကန့်သတ်ဖြစ်လာအောင် ထိန်းချုပ်တဲ့ သဘောမျိုးတွေက ပိုပြီး တွေ့လာရတာပေါ့နော်။”
မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အင်တာနက်လွတ်လပ်ခွင့် အဆင့် ၈၈ မှာ သတ်မှတ်ခံထားရပြီး၊ ထိုင်းနိုင်ငံက ၆၅ မှတ်နဲ့ မြန်မာနိုင်ငံနားမှာ ကပ်နေသလို၊ အိန္ဒိယနိုင်ငံကတော့ အမှတ် ၄၄ ရရှိထားတာ ဖြစ်ပါတယ်ရှင်။ ■