စိုက်ပျိုးရေးထွက်ကုန် အရှုံးပေါ်လို့ တောင်သူအများအပြား အကြွေးတင်
2020.05.14
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဈေးကွက်ပျက်နေချိန်မှာ စိုက်ပျိုးရေးထွက်ကုန်တွေ ဝယ်လက်မရှိတာကြောင့် တောင်သူအများအပြား အရှုံးပေါ်ပြီး အကြွေးတင်နေကြပါတယ်။ တောင်သူတွေမှာ စိုက်ပျိုးစရိတ်တောင် မရှိတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေချိန်မှာ စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးကွက်ပျက်သွားတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။
စိုက်ပြီးဖရဲတွေကို ခူးယူဖို့အတွက် စရိတ်မတတ်နိုင်တော့လို့ အခင်းထဲမှာတင် အပုပ်ခံလိုက်ရတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာက ဖရဲစိုက်တောင်သူ ကိုလေးမောင်က ပြောပါတယ်။
မြန်မာနယ်စပ် မူဆယ်ကနေ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ဖရဲသီး၊ သခွားမွှေးနဲ့ ပြောင်းဖူးတွေဟာ ဒီနှစ်မှာ ဗိုင်းရပ်စ်ကြောင့် နယ်စပ်ကျော်ဖို့ ခက်ခဲနေရတာပါ။
ဖရဲ ၁၀ ဧက အတွက် သိန်း ၂၀၀ ကျော်ရင်းနှီးခဲ့ရာမှာ အကုန်ရှုံးပြီး အစိုးရဘဏ်နဲ့ ဓာတ်မြေသြဇာရောင်းတဲ့ ကုမ္ပဏီတွေဆီမှာ အကြွေးတင်နေတယ်လို့ ကိုလေးမောင်က ဆိုပါတယ်။
ဖရဲသီး ဝယ်မယ့် ကုန်သည် မရှိတဲ့အတွက် ဖရဲစိုက်တောင်သူ အားလုံးနီးပါး အရင်းရှုံးပြီး အကြွေးတင် ကျန်နေခဲ့ကြတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်က ပြောင်းဖူးစိုက်တဲ့တောင်သူတွေလည်း တရုတ်ကို တင်ပို့ရောင်းချရာမှာ တရုတ်ဘက်က အသွားအလာ အကြီးအကျယ် ကန့်သတ်ချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။ ဒါကြောင့် တန်နဲ့ချီတဲ့ ပြောင်းဖူးတွေ ရွှေလီမြစ်ထဲ စွန့်ပစ်ခဲ့ကြပါတယ်။ ပြောင်းဖူးဟာ တရုတ်နိုင်ငံကို တရားဝင် တင်ပို့ရောင်းချရတာမဟုတ်ဘဲ မှောင်ခိုသဘောမျိုး တင်ပို့နေရတာဖြစ်ပါတယ်။
တရုတ်ပြည်က လုံးဝ လက်မခံတော့ဘူးဆိုရင် တောင်သူတွေဟာ ကုန်သည်တွေဆီမှာ အကြွေးတွေ တင်နေမယ်လို့ ရှမ်းပြည်နယ် မူဆယ်မြို့က ပြောင်းဖူးစိုက်တောင်သူ ကိုစိုင်းမေဝ်အွမ် က ဆိုပါတယ်။
ရှမ်းပြည်နယ် မူဆယ်၊ နမ့်ခမ်း နယ်တစ်ဝိုက်က ပြောင်းဖူးစိုက်ခင်းတွေအားလုံးဆိုရင် ကျပ်သိန်းပေါင်း သောင်းနဲ့ ချီ ဆုံးရှုံးနိုင်မှာဖြစ်ပါတယ်။
ပြည်ပတင်ပို့ကုန်တင်မဟုတ်ဘဲ ပြည်တွင်းမှာပဲ ရောင်းချတဲ့ ခရမ်းချဉ်သီးစိုက်သူတွေလည်း အလားတူ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ရောဂါပိုး ကူးစက်မှုထိန်းချုပ်တဲ့ကာလအတွင်း တစ်နေရာနဲ့တစ်နေရာ သွားလာခွင့်တွေ ပိတ်ထားတဲ့အတွက် ဝယ်လက် ဆင်းမလာလို့ ရောင်းမရ ဖြစ်နေတာလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ခရမ်းချဉ်စိုက် တောင်သူ ကိုမြလေးက ပြောပါတယ်။
အစိုးရဘဏ်က ရယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေကလည်း အခုလထဲမှာ ပြန်ဆပ်ဖို့ အကြောင်းကြားစာ ရောက်လာပြီဖြစ်တာကြောင့် မဖြစ်မနေ ဆပ်ရမယ်ဆိုရင်လည်း အချိန်တစ်ခုပေးဖို့ တောင်သူတွေက တောင်းဆိုထားကြပါတယ်။
တရုတ်နိုင်ငံဘက်ကို မူဆယ်ကနေတစ်ဆင့် ဖရဲ၊ သခွား၊ သရက်၊ ပြောင်းဖူးနဲ့ အခြားသီးနှံတွေ နှစ်စဉ်တင်ပို့ ရောင်းချနေတာဖြစ်ပြီး အချို့သီးနှံတွေက နှစ်နိုင်ငံ ကုန်သွယ်ခွင့် သဘောတူညီချက် မရသေးတာကြောင့် မှောင်ခိုတင်ပို့နေရပြီး ဈေးနှိမ်ခံနေရပါတယ်။
သီးနှံတွေကို တရားဝင် တင်ပို့ရောင်းချနိုင်ရေး နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီး ဖြေရှင်းပေးကြဖို့ကိုလည်း တောင်သူတွေက တောင်းဆိုထားကြပါတယ်။