အာဏာသိမ်းကာလအတွင်း လယ်သမားတွေ အဆိုးဆုံးအခက်အခဲတွေ ကြုံနေရ
2023.11.28

နိုင်ငံရေး၊ စစ်ရေးလှိုင်း တံပိုးအောက်က မြန်မာနိုင်ငံအားထားနေရတဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက မောင်းနှင်အားဖြစ်တဲ့ တောင်သူလယ်သမားတွေအဖို့ ခုချိန်က အခက်အခဲဆုံးကာလ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
လယ်ဧက ရာချီလုပ်တဲ့ မိသားစုဝင်လူငယ်လောက်ကလွဲလို့ တခြားလူငယ်တွေက စိုက်ပျိုးရေးကို စိတ်မဝင်စားကြဘဲ အခြေအနေအရပ်ရပ်ကြောင့် အခုချိန်ဟာ အခက်အခဲဆုံးကာလလို့ လယ်ယာမြေအကျိုးဆောင် ဦးလှိုင်ဘွားက ပြောပါတယ်။
“နဂိုကတည်းက လူငယ်တွေက စိုက်ပျိုးရေးမှာ ထဲထဲဝင်ဝင်လုပ်ကြတာ သိပ်မရှိဘူး။ အရွယ်တန်းနဲ့ တွက်ကြည့်ရင် ၅၀ ကျော် ၆၀ ဝန်းကျင်တွေပဲ စိုက်ပျိုးရေးကို စိတ်ဝင်တစား လုပ်ကြတာ။ မြန်မာ့စိုက်ပျိုးရေးက ခေတ်မီနည်းပညာဘက် မသွားနိုင်တဲ့အတွက် ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်။ အစိုးရကလည်း တောင်သူလယ်သမားဘက်ကို လုံးလုံးကို လှည့်မကြည့်ဘူးပြောလို့ရတာပေါ့။ သူတို့ကိစ္စနဲ့ သူတို့၊ သူတို့သောကနဲ့ သူတို့ ဖြစ်နေတော့ အခုချိန်က တောင်သူလယ်သမားတွေအတွက် အခက်ခဲဆုံးကာလပေါ့ဗျာ”
ဒီလိုအခက်ခဲဆုံးကာလမှာ မြို့တက်ပြီး လယ်ယာသုံးပစ္စည်းဝယ်ရင်တောင် မလွယ်ကူတော့တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဧရာဝတီတိုင်းက လယ်သူမ တစ်ယောက်က ပြောပါတယ်။
“အခု ရိတ်သိမ်းချိန်ဆိုတော့ တံစဉ်တို့ ဘာတို့ မြို့တက်ဝယ်ရင် ကျွန်မတို့ အတော်အဆင်မပြေဘူး။ ဖမ်းတာလေ၊ ဆိုင်ကယ်တွေ၊ ကျွန်မတို့ တောမှာကျတော့ လိုင်စင်ရှိတာနည်းတယ်။ သုံးလကျမယ်ဆိုတော့ သုံးလတော့ အကျမခံဘူး။ သုံးသိန်း၊ နောက်ပိုင်း စက်ဘီးနဲ့ သွားတဲ့လူတွေလည်း တော်ရုံတန်ရုံဆို မသွားတော့ဘူး။ ကုန်းကြောင်းလျှောက်တဲ့လူတွေ ရှိလာတယ်။”
စက်ဘီးနဲ့သွားတဲ့လူတွေ ဘယ်လိုပြဿနာမျိုးကြုံရပါသလဲ။
“လေပေါင်တောင် ဖမ်းတယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ တောမှာ စက်ဘီးကို လေထိုးတံနဲ့ပဲ ထိုးတာ။ ကားပဲ လေပေါင်ချိန်တာ။ လမ်းကြားကတောင် သွားလို့မရဘူး။ လှည့်ပတ်ဖမ်းနေတာ။ ကျွန်မတို့က မြို့တက်ပြီး ဆီ၊ ဆား၊ ကြက်သွန်ဝယ်ကြတာ၊ မြို့ကလည်း တောမှီ၊ တောကလည်း မြို့ကို မှီ၊ အခုတော့ မြို့က ခြောက်ကပ်နေတယ်။ အကုန်လုံး မြို့ရောတောပါ ဒုက္ခရောက်နေတာ”
လယ်ယာလုပ်ငန်းခွင်မှာ လူငယ်တွေလုပ်ကိုင်တာနည်း၊ လုပ်ကိုင်တဲ့လူတွေကလည်း မြို့တက်ပြီး ပစ္စည်းဝယ်ဖို့တောင် ခက်၊ လယ်လုပ်ပြန်တော့လည်း စရိတ်စက ကကြီး၊ လူနည်းစုက ဆန်ကောင်းစားနိုင်ပေမဲ့ ဆန်ကြမ်းစားနေရသူတွေရှိတာကို လယ်ယာမြေအကျိုးဆောင် ဦးလှိုင်ဘွားက ပြောပြပါတယ်။
“အများစုက ငါးပိရည်နဲ့တို့စရာနဲ့ စားတတ်သွားပြီ။ ပေါ်ဆန်းစားတဲ့လူက လူ့မလိုင်တွေလောက်ပဲ။ ခုကတော့ တစ်သိန်းအောက် ဆန်တောင် စားနေရတယ်။ ဆန်ကြမ်းပေါ့”
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမဖူလုံတဲ့ လူ ၁၃ ဒဿမ ၂သန်းရှိတယ်လို့ ပြောထားပေမဲ့ ပြီးခဲ့တဲ့ ခုနစ်လအတွင်း အမေရိကန် ဒေါ်လာ ၂၇၁ သန်းဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲ ပြည်ပကို တင်ပို့တယ်လို့ နိုဝင်ဘာ ၈ ရက် သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးလှိုင်ဘွားက ... “အဲဒီပမာဏထက် များနိုင်ပါတယ်။ ဧရာဝတီတိုင်းက လက်ရှိအခြေအနေကောင်းနေတယ်လေ။ ဆန်ထွက်နေတယ်။ မကွေး၊ စစ်ကိုင်းကတော့ လုံးလုံးမလုပ်နိုင်သလောက် ဖြစ်သွားပြီ။ အဲဒါက ပြဿနာအကြီးအကျယ်ရှိတာပေါ့။ အဲဒီအတွက် သူတို့ဘယ်လိုစီစဉ်မလဲဆိုတာ ကျွန်တော်တို့လည်း စောင့်ကြည့်နေတယ်”
တစ်ချိန်တစ်ခါက အေးချမ်းခဲ့တဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ စစ်ရိပ်စစ်ငွေ့အောက် အသက်လုပြေးနေရတဲ့ တောင်သူလယ်သမားတွေ စိုက်ရေး ပျိုးရေးကို လှည့်မကြည့်နိုင်ကြပါဘူး။
ဒါကြောင့်လည်း စစ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်က တစ်မုဟုတ်ချင်းပြောင်းလဲသွားတယ်လို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက် တာဝန်ခံ ဦးဇော်ရမ်း က သုံးသပ်ပါတယ်။
“စစ်အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ ပုံမှန်မဟုတ်တော့ဘူး။ တိုင်းပြည်က တစ်မုဟုတ်ချင်း ပြောင်းလဲသွားတာပေါ့နော်။ အဲဒီလိုပဲ စိုက်ပျိုးတဲ့ နေရာတွေမှာလည်း စစ်ပွဲတွေ ဖြစ်နေတယ်။ အဲဒီတော့ စိုက်လဲ မစိုက်နိုင်ဘူး၊ ပျိုးလဲ မပျိုးနိုင်ဘူး။ ထွက်ပဲပြေးနေရတာပေါ့နော်။ ဒါက ကျွန်တော်တို့နိုင်ငံအတွက် ပြောရင် သမိုင်းမှာ တစ်ခါမှမကြုံဖူးဘူး။ ရွာလုံးကျွတ်တွေ ထွက်ပြေးရတာတို့၊ ရွာလုံးကျွတ် မီးလောင်တိုက်အသွင်းခံရတာတို့။ စစ်ဘေးစစ်ရှောင်တွေ ဖြစ်သွားရတာ”
ပြည့်ရိက္ခာသာမက နိုင်ငံ့ဝင်ငွေကိုပါ ဖြည့်ဆည်းပေးတဲ့ စိုက်ပျိုးရေးကဏ္ဍ ပင်မပဲ့ကိုင် တောင်သူလယ်သမားတွေဟာ စစ်ဘေးလွတ်ရာ ပြေးသူ ပြေးနေရချိန်မှာ စိုက်နိုင်ပျိုးနိုင်တဲ့ ဒေသက လယ်သမားတွေ မြို့တက်ပြီး လယ်ယာသုံးပစ္စည်းဝယ်ရင်တောင် အခက်အခဲကြုံနေရတဲ့ လက်တွေ့ အခြေအနေတွေ ဖြစ်ပါတယ်။