တစ်ကျော့ပြန်ပေါ်လာတဲ့ ဆင်ဆာစနစ်အပေါ် ဝေဖန်မှုတွေရှိနေ

RFA Burmese
2024.03.04
တစ်ကျော့ပြန်ပေါ်လာတဲ့ ဆင်ဆာစနစ်အပေါ် ဝေဖန်မှုတွေရှိနေ ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။
RFA

အရပ်သားအစိုးရလက်ထက်မှာ ဖြေလျှော့ခဲ့တဲ့ ဆင်ဆာစိစစ်ဖြတ်တောက်ခွင့်ကို စစ်ကောင်စီက ပြန်ပြီး အသက်သွင်းလိုက်ပါတယ်။ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ တေးသီချင်းနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖြန့်ချိခွင့် မရှိတော့ပါဘူး။ ခွင့်ပြုချက်မရှိဘဲ ဖြန့်ချိမယ်ဆိုရင် ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူတွေနဲ့ ပါဝင်သရုပ်ဆောင်သူတွေကို တည်ဆဲဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ဟာ ရုပ်ရှင်ဇာတ်လမ်းနဲ့ တေးသီချင်းတွေကနေ လူထုကို ပေးနေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို အဓိက စောင့်ကြည့်ဖို့ ရည်ရွယ်တာလို့ အမည်မဖော်လိုတဲ့ တေးရေးဆရာတစ်ဦးက သုံးသပ်ပါတယ်။

"ဆိုက်ဝါးသဘောပေါ့လေ။ ပြည်သူလူထုရဲ့ ရင်ဖွင့်သံတွေက အဲဒါတွေက တဖြည်းဖြည်း ဆိုရှယ်မီဒီယာကနေ အွန်လိုင်းတွေကနေ သွားနေတာပေါ့။ အခုဆို TikTok တွေကလည်း အများကြီးပဲ လွတ်လွတ်လပ်လပ် ဆော့လို့ရနေတယ်။ သူတို့အဲဒါကို တော်တော်မခံစားနိုင်ဘူး ထင်ပါတယ်။ အဲဒါကြောင့် ရသလောက် လိုက်ပိတ်ဖို့ ကြိုးစားတဲ့သဘောပေါ့"

ဒါပေမဲ့ လွတ်မြောက်နယ်မြေတွေကနေ ပြည်သူလူထုကို နေ့စဉ် သတင်းစကားပေးနေတဲ့ အခြေအနေတွေကိုတော့ ဒီဆင်ဆာအဖွဲ့က ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့ သီချင်းတွေကနေ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက နိုင်ငံသားတွေရဲ့ ဒုက္ခတွေကို ကမ္ဘာကို ချပြဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတော့ သီချင်းလည်း ဆက်မလုပ်ချင်တော့ဘူး"

အဲဒီဆင်ဆာအဖွဲ့ဟာ ဇာတ်လမ်းတွဲ၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကားနဲ့ တေးသီချင်း၊ ကြော်ငြာတွေကို ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ကိုက်ညီမှု ရှိမရှိ စိစစ်တည်းဖြတ်သွားမှာပါ။ နအဖ အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေ ပုဒ်မ-၂၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၃၊ ၃၃ တို့အပြင် ၁၉၉၆ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ခ)၊ ပုဒ်မ-၂၄၊ ပုဒ်မ-၃၂၊ ပုဒ်မ-၃၆ တို့အရ စိစစ်တည်းဖြတ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၁၉၉၆ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အဲဒီဥပဒေနှစ်ခုအရ ဖောက်ဖျက်ကျူးလွန်ခဲ့ရင် အများဆုံး ထောင်ဒဏ် သုံးနှစ် နဲ့ ငွေဒဏ်တွေ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ရုပ်ရှင်လောကမှာ ဆယ်စုနှစ်ကျော်အကြာ ရပ်တည်နေတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးကတော့ စစ်ကောင်စီရဲ့ ဆင်ဆာအဖွဲ့ကို ကြိုဆိုလိုက်ပါတယ်။

"ကျွန်တော်ပြောတာက ကျွန်တော်ကတော့ ကြိုက်တယ်။ အဲဒီလိုလုပ်တာကို ကြိုက်တယ်။ ခါတိုင်း MTV ရိုက်နေကြတာပါပဲ။ အဲဒီလောက် ဆိုးဆိုးမရှိဘူး။ အခုဟာကတော့ ဇာတ်လမ်းတွဲတွေမှာရောပေါ့။ ကျွန်တော် တို့ရုပ်ရှင်မှာ ကမ္ဘာ့စည်းကမ်း စည်းမျဉ်းရှိတယ်လေ။ သိပ်ဆိုးဆိုးရွားရွား ဖြစ်တာတွေဆို ရုပ်ရှင်ပြခွင့်မရှိဘူး။ ကျွန်တော်သိသလောက်တော့ သိပ်ဆိုးဆိုးရွားရွားဖြစ်လို့ ဟန့်တားတာ ဖြစ်ကောင်းဖြစ်မယ် "

အမည်မဖော်လိုတဲ့ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း ဆင်ဆာအဖွဲ့နဲ့ အခုလို စိစစ်ကန့်သတ်လိုက်တာကြောင့် ယဉ်ကျေးမှုနဲ့ မညီတဲ့ ဇာတ်လမ်းတွေ အွန်လိုင်းပေါ်မှာ နည်းသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

"အစတုန်းက အွန်လိုင်းပေါ် တင်တဲ့ဟာတွေက ဆင်ဆာမတင်ဘူးလေ။ တချို့တွေက တင်တယ်။ တချို့တွေက မတင်ဘူး။ အခုဒါကို ပြန်တင်ခိုင်းတဲ့ သဘောပေါ့။ တချို့ကျတော့ စီးပွားရေးအရ ထိခိုက်တာပါမှာပေါ့။ တချို့ကျတော့ မသင့်တော်ဘူးလေ။ ယဉ်ကျေးမှုအရ မသင့်တော်ဘူးလေ။ အဲဒါတွေက ပြောရတော့ ခက်တယ်"

ဆင်ဆာဖြတ်တောက်ခွင့် ပြန်အသက်ဝင်လာတာကို ထောက်ခံသူတွေရှိသလို အနုပညာကို လွတ်လပ်စွာ တွေးခေါ်ဖန်တီးခွင့် မရှိတော့တဲ့အပေါ် ကန့်ကွက်သူတွေလည်း ရှိပါတယ်။

ကိုယ်ပိုင်သံစဉ်တွေနဲ့ ပရိသတ်ကြားကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အမည်မဖော်လိုတဲ့ တက်သစ်စ အဆိုတော်တစ်ဦးက… သီချင်းစာသားတွေမှာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ၊ အလုပ်အကိုင်ရှားပါးတာ၊ လျှပ်စစ်မီး ပြတ်တောက်တာ စတဲ့ အကျပ်အတည်းတွေကို ထည့်ဖော်ပြလို့မရအောင် စစ်ကောင်စီက ကြံရွယ်တာလို့ ဝေဖန်ပါတယ်။

"NLD အစိုးရလက်ထက်ကလို မကောင်းရင် မကောင်းကြောင်း ရေးလို့မရဘူးပေါ့ဗျာ။ အခုတော့ မကောင်းတာ ရေးမယ်ဆို ထောင်ထဲဂျောင်းပေါ့။ ပြီးတော့ ကျွန်တော်တို့ သီချင်းတွေကနေ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက နိုင်ငံသားတွေရဲ့ ဒုက္ခတွေကို ကမ္ဘာကို ချပြဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတော့ သီချင်းလည်း ဆက်မလုပ်ချင်တော့ဘူး"

စစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်ကစပြီး ရုပ်သံဇာတ်လမ်းနဲ့ ဇာတ်လမ်းတွဲတွေကို ဆင်ဆာစိစစ် ဖြတ်တောက်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့ တေးသီချင်းတွေကို မရိုက်ကူးခင် ဇတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဗီဒီယို ဆင်ဆာအဖွဲ့ဆီ တင်ပြဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှာ စတင်သတ်မှတ်ခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး နေပြည်တော် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (Photo: RFA)

ပြည်သူတွေကို နိုင်ငံရေးနဲ့ မပတ်သက်အောင် တားဆီးပိတ်ပင်ဖို့ ကြိုးစားနေတာလို့ ရန်ကုန်မြို့က လေ့လာသူ တစ်ဦးက ဝေဖန်ပါတယ်။

"ဇာတ်လမ်းအတိုလေးတွေ ရှိမယ်။ ကိုယ့်ဘာသာကိုယ် TikTokမှာ ဇာတ်လမ်းလေးတွေ တင်တာရှိမယ်။ အဲဒီလိုဟာမျိုးတွေကအစ ဒီစာတစ်လုံးက ငြိစွန်းပါတယ်။ ဒါကို ဆင်ဆာမတင်ဘဲနဲ့ လုပ်တယ်။ ပြောချင်တာကတော့ ဥပဒေကို သူတို့ဘာသူတို့ ရေးဆွဲ သူတို့ဘာသာလုပ်။ ဒီဟာမျိုးတွေနဲ့ များများနှိပ်ကွပ်နိုင်အောင် ဆိုပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာသား၊ အရေးအသား၊ အပြောအဆို သိတယ်မလား။ ဒါတွေကို သူတို့အနေနဲ့ ထိခိုက်နစ်နာမယ့် ပုံစံမျိုးနဲ့ ပိတ်ပင်တားဆီးတဲ့ ပုံစံမျိုးပဲဗျ"

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရင်အာဏာရှင်စနစ်အောက်က အခြေအနေကို ပြန်ရောက်သွားတယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သတင်းဌာန ၁၅ ခုနဲ့ စာပေပုံနှိပ်တိုက်တချို့ကို ပိတ်သိမ်းထားသလို လျှပ်စစ်မီးပုံမှန်မရတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ရုပ်သံလွှင့်ခဲ့တဲ့ ဟစ်ဟော့ အဆိုတော် ဗျူဟာကို ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံသား ဒါရိုက်တာ Didier Nusbaumer ရိုက်ကူးတဲ့ "ဘာမှမမျှော်လင့်ပါနဲ့" (Don't Expect Anything) ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းဟာ သာသနာညှိုးနွမ်းစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေး အပါအဝင် အဲဒီဇာတ်လမ်းမှာ ပါဝင်သူ ၁၄ ဦးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လက ဖမ်းဆီးခဲ့ ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။