အစိုးရရဲ့ပထမဆုံး အစီရင်ခံစာ ICJ ခုံရုံးကို အချိန်မီ တင်သွင်းမည်
2020.05.14
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင်ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အရေးယူပေးဖို့ ICJ ထံ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက တင်ပြခဲ့ပြီး တရားရုံးက ၂၀၂၀ ဇန်နဝါရီလကုန်မှာ ကြားဖြတ်စီရင်ချက် ချမှတ်ထားတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ထံ တင်သွင်းမယ့် ပထမဆုံး အစီရင်ခံစာထဲမှာ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းတင်ပြမယ်ဆိုတာကို ထုတ်ဖော်ပြောတာမရှိဘဲ သိုသိုသိပ်သိပ် ဆောင်ရွက်နေပေမယ့် အစီရင်ခံစာကို အချိန်မီ တင်သွင်းသွားမယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြောလာတာပါ။
အခု မေလ ၂၃ ရက်နေ့မတိုင်ခင် အစီရင်ခံစာ တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကို ပြောပါတယ်။
“ကျွန်တော်လည်း အများကြီးပြောလို့မရဘူး။ ပြောနိုင်သလောက်ကတော့ အဲမတိုင်ခင် တင်ဖို့လုပ်နေတယ်။ အချိန်မီတော့ တင်နိုင်မယ်လို့တော့ ထင်ပါတယ်။”
အစီရင်ခံစာ တင်သွင်းဖို့ နီးကပ်လာချိန်မှာ အစိုးရနဲ့ တပ်မတော်ဘက်က နိုင်ငံတကာမျက်နှာစာမှာ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ အပြုသဘော ဆောင်စေမယ့် လုပ်ဆောင်ချက်တွေကို ဆောင်ရွက်လာတာလည်း တွေ့ရပါတယ်။
အစိုးရက အမှုရင်ဆိုင်နေရသူတွေနဲ့ အကျဉ်းကျပြီး ရိုဟင်ဂျာတွေ တစ်ထောင်နီးပါး ပြန်လွှတ်ပေးခဲ့သလို လူမျိုး ပြုန်းစေမှုတားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဖို့၊ အမုန်းစကားနဲ့ အကြမ်းဖက်မှုတွေကိုတားဆီးဖို့ သမ္မတရုံးက တိုင်းနဲ့ ပြည်နယ်အစိုးရ အသီးသီးကို ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂ အဖွဲ့တွေဖြစ်တဲ့ UNDP, UNHCR တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို တစ်နှစ်သက်တမ်း ထပ်မံ တိုးမြှင့်နိုင်ခဲ့ပါတယ်။
ပြန်လာလိုတဲ့ ဒုက္ခသည်တွေရဲ့ အမည်စာရင်းတွေကို စိစစ်နေတယ်လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
“တစိုက်မတ်မတ် ကျွန်တော်တို့က ဒီကိစ္စကို လုံးပမ်းကြိုးစားနေတာပေါ့နော်။ အပြန်အလှန်ဆွေးနွေးတယ်၊ ညှိနှိုင်းတယ် ဒါတွေကတော့ သူ့လမ်းစဉ်နဲ့သူ ဆက်လက်ပြီးတော့ ဆောင်ရွက်နေကြပါတယ်ခင်ဗျ။ ကိုဗစ်ကြောင့် တန့်သွားတာတွေတော့ရှိတာပေါ့။ နေရပ်စွန့်ခွါသူတွေ ပြန်လည်နေရာချထားရေးကိစ္စဆိုလည်း သွားနေတာပဲ။ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့လည်း လုပ်ရမယ့်လုပ်ငန်းတွေ စိစစ်တယ်။ စာရင်းတွေ အပြန်အလှန်ယူတယ်။ ပို့တယ်။ ဒါတွေလည်းလုပ်နေတာပဲ။”
တပ်မတော်ဘက်ကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ တိုက်တွန်းထားကြောင်းနဲ့ အကြမ်းဖက်အဖွဲ့တွေရှိတဲ့ နေရာတွေမှအပ ကျန်နယ်မြေ တွေမှာ မေလ ၁၀ ရက်နေ့ကစလို့ ၃ လကျော်ကြာ အပစ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE အဖွဲ့ရဲ့ အစီရင်ခံစာအရ ဂူတာပြင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ခုံရုံးက စစ်ဆေးပြီးကြောင်း တပ်မတော်က မေလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ စစ်တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို နောက်ပိုင်းမှာ ဆက်လက်ထုတ် ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီဆောင်ရွက်ချက်တွေထဲက တချို့ကတော့ အစီရင်ခံစာတင်ပြရေးနဲ့ ဆက်စပ်မှုတွေရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးက ပြောပါတယ်။
“တချို့ဟာတွေက ဆက်စပ်နေတာတွေဖြစ်ပါတယ်။ ဥပမာ ICOE ဆိုတာလည်း ICJ မရောက်ခင်ကတည်းက အစိုးရကဖွဲ့ထားတာ။ ICOE ရဲ့ အစီရင်ခံစာထွက်လာတယ်။ အကြံပြုချက်တွေကို ရှေ့နေချုပ်ရုံးကကော၊ တပ်မတော်ကလည်း လိုက်ပြီးတော့ သူတို့ ဆောင်ရွက်နေတယ်။ ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂါလီတွေ လွတ်လာ တယ်ဆိုတဲ့ဟာလည်း ဒါကလည်း လွတ်သင့်လွတ်ထိုက်လို့ပေါ့။ တချို့ဟာတွေကလည်း ဆက်စပ်နေတာလည်း ပါပါတယ်။”
ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာအကြမ်းဖက်အဖွဲ့တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တဲ့ ကာလအတွင်း လူလေးရာကျော် အသတ်ခံရတယ်လို့ နိုင်ငံတကာအဖွဲ့တွေက ထောက်ပြထားပါတယ်။
အစိုးရဘက်က အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို ကြိုဆိုရမှာဖြစ်ပေမယ့် ဒီကာလအတွင်း ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ အရေးယူမှုတွေမှာ ထောက်ပြစရာတချို့ ရှိတယ်လို့ ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးအေးလွင် ကပြောပါတယ်။
"ကိုဗစ် ၁၉ အတွင်းမှာ လူငါးယောက်ထက် ပိုမစုရဘူးဆိုတဲ့ ဥပဒေရှိတာမှန်တယ်။ ဒီဥပဒေကို ချိုးဖောက်ပြီး တော့ မန္တလေးမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် ၁၄ ယောက်က ဝတ်ပြုလိုက်တယ်။ စီရင်တဲ့အခါ ရိုဟင်ဂျာ များကို စီရင်သလိုပဲ ဥပဒေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကိုချတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ ကိုလည်း လူငယ်စောင့်ရှောက်ရေးစခန်းတို့ ဘာတို့ကိုပို့တယ်။ လူငယ်ဂေဟာတွေမှာ ကော်ရှုတာတို့ ဘိန်းရှုတာတို့ စာရိတ္တပျက်နေတဲ့ ကလေးတွေကြားထဲမှာ ဘာသာသာသနာကိုလေးစားပြီး ဝတ်ပြုတဲ့ကလေးတွေ မျက်စိသူငယ် နားသူငယ်နဲ့ ရောက်သွားပြီဆို သူတို့ဘဝတွေ သုံးလဆိုတဲ့ကာလမှာ လောက ငရဲပဲ။"
မကြာသေးခင်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အစ္စလာမ်ဘာသာဝင် ၁၂ ဦးကို ကပ်ရောဂါကာလ ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ပြီး နှစ်ဦးကို လူငယ်ပြုပြင်ရေးစခန်းမှာ ထိန်းသိမ်းခဲ့တဲ့အပေါ် ပြစ်မှုပြစ်ဒဏ် မညီမျှဘူးဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
တစ်ဘက်မှာလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာမှာ လူစုလူဝေးနဲ့ ဘုရားထီးတော် ပင့်ဆောင်ခဲ့တာကြောင့် ဦးဆောင်သူ ရွာသား ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) နဲ့ မြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ် ကိုးလ အမိန့်ချမှတ်ခဲ့ပါတယ်။
အစိုးရနဲ့တပ်မတော်ဘက်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက် နိုင်ရေး ပြင်ဆင်နေချိန်မှာ တစ်ဘက်မှာလည်း တပ်မတော်က ထိန်းသိမ်းထားတဲ့ အရပ်သားတချို့ ရိုက်နှက် ခံနေရပုံကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုက ဒီရက်ပိုင်းထဲ အွန်လိုင်းမှာ ထွက်လာခဲ့ပါတယ်။
အစိုးရနဲ့ တပ်မတော်ရဲ့ တရားဝင်ညွန်ကြားချက်နဲ့ လုပ်ဆောင်တာ မဟုတ်ရင် ဒီကိစ္စဟာ ကြီးမားတဲ့ ပြဿနာမရှိဘူးလို့ တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
“စစ်ကြောရေးဆိုတာ ဝင်လာတာနဲ့ တပြိုင်တည်း မင်းပြောကွာ ဖြေကွာဆိုလို့ရှိရင်တော့ ပြောမှာဖြေမှာ မဟုတ်ပါဘူး။ အရေးကြီးတာက အစိုးရနဲ့ တပ်မတော်က ဒါကိုဒီလိုလုပ်ပါဆိုတဲ့ ညွန်ကြားချက်မရှိဖို့ပဲ လိုအပ်တယ်။ စာကြီးနဲ့ ဒီလိုလုပ်ပါဆိုရင်တော့ အစိုးရလည်း မကောင်းဘူး။ တပ်မတော်ကလည်း မကောင်းဘူး။ ဒါမျိုးဆိုတာကပြောရရင် တရားဝင်ညွန်ကြားချက်နဲ့ လုပ်တဲ့ကိစ္စမဟုတ်ဘူး။”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥပဒေနဲ့ မလျော်ညီဘဲ စစ်ဆေးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ မေလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကောင်းတဲ့ပြောင်းလဲမှုတွေ မတွေ့ရသေးဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာကပြောပါတယ်။
“လောလောဆယ်ထိကတော့ ဒီပြောင်းလဲမှုတွေ ဘာတွေကိုတော့ မတွေ့ရဘူး။ ရိုဟင်ဂျာဘက်ကိုသာ သက်သာ ရင်သက်သာမယ်။ လောလောဆယ် ရခိုင်ရယ်၊ ချင်းပြည်နယ်တောင်ပိုင်းရယ်ကတော့ အသဲအသန်ခံနေရတာ အကုန်လုံးရဲ့ မျက်မြင်ပဲပေါ့။ ပြောမယ်ဆိုရင် Genocide ဆိုတဲ့ စကားလုံးသာမရှိတာ တဖက်ကနေပြီး World Crime လို့ ပြောလို့ရတဲ့ကိစ္စတွေကတော့ အများကြီးဆက်ပြီး ကျုးလွန်နေတဲ့ပုံစံမျိုးမြင်နေရတယ်ပေါ့။”
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေး ကတော့ ICJ မှာရင်ဆိုင်နေရတဲ့ အမှုဟာ မြန်မာနိုင်ငံအတွင်းရှိတဲ့ ရိုဟင်ဂျာအရေးကိုသာ ဦးတည်တာဖြစ်လို့ အရပ်သားတချို့ ရိုက်နှက်ခံရမှု ဗီဒီယိုဖိုင်လို ကိစ္စရပ်ကတော့ အစီရင်ခံစာတင်သွင်းရေးနဲ့ ပတ်သက်ပြီး ထိခိုက်စရာ မရှိဘူးလို့ ပြောပါတယ်။
မေလအတွင်း အစီရင်ခံစာ တင်သွင်းပြီးနောက်မှာတော့ မြန်မာအစိုးရက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ ထံ ခြောက်လတစ်ကြိမ် အစီရင်ခံစာကို တင်သွင်းရဦးမှာ ဖြစ်ပါတယ်။