PDF ရန်ပုံငွေ ကမ္ဘာအနှံ့ Raffle ကံစမ်းမဲ အင်တိုက်အားတိုက် ဝယ်ယူနေကြ

ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)
2021.08.26

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက “5 Million Raffle Ticket Challenge” ဆိုတဲ့ နံမည်နဲ့ ကံစမ်းမဲဖောက်မယ့် လက်မှတ်တွေကို သြဂုတ်လ ၁၂ ရက်နေ့ကစပြီး ရောင်းချနေပါတယ်။ အဲဒီ ကံစမ်းမဲတွေကို ကမ္ဘာအနှံ့အပြားရှိ မြန်မာနိုင်ငံဖွားတွေက စေတနာ့ဝန်ထမ်း ပါဝင် ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တို့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ 5 Million Challenge ဆိုတဲ့ လှုပ်ရှားမှုမှာ ကမ္ဘာအနှံ့ တိုင်းပြည်တွေမှာရှိတဲ့ မြန်မာနိုင်ငံဇာတိနွယ်ဖွားတွေက ပါဝင်ပြီး ကံစမ်းမဲလက်မှတ်တွေကို ရောင်းချနေကြပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ကစတဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ ကိုထိန်လင်းက-

“တကယ့်တကယ် ကျနော်တို့ ထင်မထားလောက်အောင် ရောင်းရတာပေါ့၊ အခုအချိန်အထိ လက်မှတ် ပေါင်း ၁ သောင်း ၂ ထောင်ကျော် ရောင်းပြီးသွားပြီ၊ ငွေသားနဲ့ဆို ၁ သိန်း ၂ သောင်းကျော်ပြီ၊ နောက်ထပ် လက်မှတ် ၁ ထောင်လောက် ရောင်းရဦးမယ်ထင်တယ် ငွေ ၁ သောင်းလောက်ပေါ့”

လော့စ်အိန်ဂျယ်လစ်မြို့နေ ကိုခင်မော်ကလည်း-

“L.A ဧရိယာမှာ လက်မှတ်ရောင်းတာ ၃ နေရာရှိတယ်။ ၃ ဖွဲ့ရောင်းတာ အစောင် ၁ သောင်းလို့ ခန့်မှန်း ထားတယ်၊ လောလောဆယ် ၆၅ဝဝ ကျော်ကျော် ရနေပါပြီ။ လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁ဝ နဲ့ ရောင်းပါတယ်။ လူတစ်ယောက် အနည်းဆုံး လက်မှတ် ၁ဝ ခု လောက်ဝယ်ကြတာများပါတယ်။ ဒေါ်လာ ၁ ထောင်အထိ ဝယ်တာတွေလည်းရှိပါတယ်။ လကုန်အထိ ဒေါ်လာ ၁ သိန်းအထိရောင်းရဖို့ ခန့်မှန်းထား ပါတယ်”

အမေရိကန်အရှေ့ခြမ်း နယူးယောက်မြို့ရှိ မဟာအဖွဲ့က မဝါဝါစိမ့်စိမ့်မျိုးညွန့် ကရော ဘယ်လောက်ရောင်း ရပြီလဲ-

“သြဂုတ်လ ၁၄ ရက်က စရောင်းပါတယ် ဒီနေ့ချိန်အထိဆို လက်မှတ် ၈ဝဝဝ ကျော် ကုန်သွားပြီးပြီ ဒေါ်လာ ၈ သောင်း ၈ ထောင်ကျော် ရောင်းရပြီးပါပြီ။ ထင်မထားလောက်အောင် ရောင်းရပါတယ်”

မေရီလင်းပြည်နယ်က မအိအေးရေ ပြောပါဦး-

“ကျမတို့အနေနဲ့ အမေရိကန်ဒေါ်လာ ၃ သောင်းဖိုး ရောင်းပြီးပါပြီ။ နောက်ထပ် ဒေါ်လာ ၁ သောင်းဖိုးလောက် ထပ်ရောင်းရမယ်လို့ ခန့်မှန်းပါတယ်”

နယူးဇီလန်နိုင်ငံရောက် မအိမွန်သင်းကြူ ကိုလည်း RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“နယူးဇီလန်မှာဆိုရင်တော့ ဒီလိုလက်မှတ်ရောင်းတာ စုစုပေါင်း ၃ ဖွဲ့လောက် ရှိမယ်ထင်ပါတယ်၊ အခုကျမတို့ Save Myanmar Fundraising New Zealand အနေနဲ့ဆိုရင် လက်မှတ်ပေါင်း ၁ သောင်း ဝန်းကျင်လောက် ရောင်းရပြီး စုစုပေါင်း မြန်မာငွေ သိန်း ၈ဝဝ ကနေ ၁ဝဝဝ အတွင်းလောက်ကို ရောင်းရမယ်လို့ ခန့်မှန်းပါတယ်။ အဓိက ရည်ရွယ်ချက်က စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ ရည်ရွယ်တာပါ၊ အဲဒီကြောင့်မို့ အကုန်လုံးက အင်တိုက်အားတိုက် ကူညီနေကြတာဖြစ်ပါတယ်။ အရင်တုန်းက PDF ကို လှူချင်တာ ဘယ်ကိုလှူရမှန်းမသိ ဖြစ်နေတာ။ ခု Raffle Ticket Campaign စလာတဲ့အခါကျတော့ မြန်မာပြည်အတွက် ကူညီပေးတာ ဖြစ်သွားပါတယ်ရှင့်”

ဂျပန်နိုင်ငံ တိုကျိုမြို့က ကိုဘန်နီရဲ့ ပြောစကားက ဒီလိုပါ။

“ကျနော်တို့ တိုကျိုမှာရှိတဲ့ Myanmar Global Support Foundation အနေနဲ့ လက်မှတ်အစောင်ရေ ၁၁၆၉ဝ ရောင်းပြီးပါပြီ ဂျပန်ယန်းငွေ ၁၂၈၅၉ဝဝဝ ဖိုး မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း ၁၈ဝဝ လောက် ရောင်းချပြီးပါပြီ။ တိုကျိုမှာက Fundraiser ၁ဝ ဖွဲ့လောက်ရှိပါတယ်”

တောင်ကိုရီးယားမှာလည်း ကိုရန်နိုင်ထွန်း တို့က မျှော်လင့်ထားတက် အများကြီးပိုပြီး ရောင်းနေရတယ်လို့ ပြောပါတယ်။

“စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုးရီးယား) ရဲ့ တဖွဲ့တည်းရောင်းအားက ခုလောလောဆည် ၈ ထောင်လောက် ရောင်းရပြီးပါပြီ နောက်ထပ် ၂ဝဝဝ ထပ်မှာထားပါတယ်။ အားလုံးပေါင်း လက်မှတ် ၁ သောင်း ရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်၊ လက်မှတ်တစ်စောင်ကို ကျနော်တို့က ကိုးရီးယားဝမ် ၁၁၅ဝဝ နဲ့ ရောင်းတဲ့အတွက်ကြောင့် အမေရိကန်ဒေါ်လာ ၈ သောင်းနီးပါးလောက် ရပြီလို့ ပြောနိုင် ပါတယ်”

စင်္ကာပူက ကိုအောင်အောင်ကတော့ နိုင်ငံအားလုံးထဲမှာ လက်မှတ်အများဆုံးရောင်းရတာ သူတို့ စင်္ကာပူပါပဲတဲ့။

“လက်မှတ် ၂၅ဝဝ ကျော် ကျနော်တို့အဖွဲ့ ၁ ဖွဲ့တည်းက ရောင်းပြီးသွားပြီ၊ လကုန်အထိ လက်မှတ် ၃ ထောင်အထိ ရောင်းရမယ်လို့ ခန့်မှန်းထားတယ်၊ တစ်စောင်ကို စင်္ကာပူ ၁၅ ဒေါ်လာနဲ့ ရောင်းပါတယ်၊ စုစုပေါင်း ၄ သောင်း နဲ့ ၅ သောင်းကြား ရနေပါပြီ၊ စင်္ကာပူမှာ အဖွဲ့တွေက အများကြီးပဲခင်ဗျ။ ၁၅ ဖွဲ့ ၁၆ ဖွဲ့လောက်ဆို ၄ သိန်း ၅ သိန်းလောက်ရနေပြီ။ လကုန်ဆို ကျနော်တို့တဖွဲ့တည်းကို ၁ သိန်းကျော်လောက် ရမယ် ခန့်မှန်းပါတယ်”

ထိုင်းနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ Myanmar Community in Thailand အဖွဲ့ကတော့ သူတို့ ကံစမ်းမဲ လက်မှတ် တစ်သောင်းလုံး ကုန်အောင်ရောင်းချပြီးလို့ ငွေတွေထပ်ပြီး မပို့ကြ မလွှဲကြပါနဲ့တော့လို့ မေတ္တာရပ်ခံထားပါတယ်။ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ဖွဲ့တွေအတွက် ရန်ပုံငွေ ကောက်ခံတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ သူတချို့ကို လက်လှမ်းမီသမျှ ဆက်သွယ်မေးမြန်းခဲ့တာပါ။ ရောင်းချသူ များပြားလှတဲ့အတွက် အားလုံး တင်ပြနိုင်ခြင်းမရှိတာကို နားလည်ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-27 02:19

Cheers the peoples to purchase the Raffle ticket and helping to NUG, CRPH and PDF and restoration the Democracy in Myanmar.
The revolution must prevails