ကပ်ဘေးကာလမှာ တုပ်ကွေးကိုလည်း သတိထားဖို့ ပညာရှင်တွေ သတိပေး

ဇာဏီထွဏ်း
2020.06.01

ကပ်ရောဂါသတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရှိနေတဲ့အပြင် မိုးဦးကာလမှာ နှစ်တိုင်းဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး H1N1 တွေလည်း ဖြစ်တတ်ပြီး ရောဂါလက္ခဏာလည်း ဆင်တူတာကြောင့် ဂရုစိုက်ကြဖို့ ကျန်းမာရေးပညာရှင်သူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ အတည်ပြုလူနာအများအပြားရှိနေတဲ့အချိန်မှာ မိုးရာသီရောက်တိုင်း ရင်ဆိုင်ရတတ်တဲ့ သွေးလွန် တုပ်ကွေး၊ ရာသီတုပ်ကွေးရောဂါတွေကိုလည်း ဂရုစိုက်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ရာသီတုပ်ကွေး H1N1 ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရောဂါလက္ခဏာ ဆင်တူတာကြောင့် ခွဲခြားရခက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ဦးစီးဌာနမှူး ဒေါက်တာ တင်သစ္စာလွင်က RFA ကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေမှာ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှုရခက်တာ၊ လည်ချောင်းနာတာ၊ အနံ့အရသာပျောက်တာတွေ ရှိပါတယ်။ ရာသီတုပ်ကွေး H1N1 ရဲ့လက္ခဏာတွေနဲ့ ဆင်တူပေမဲ့ အနံ့အရသာ ခံစားနိုင်မှု လျော့နည်းပျောက်ဆုံးတာတော့ မရှိဘူးလို့ ပြောပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 ဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က လူပေါင်း ၉၀ ကျော်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂ ယောက်ရှိပါတယ်။ ၂၀၁၉ မှာတော့ အယောက် ၃၀၀ ကျော် ဖြစ်ပွားပြီး ၆၉ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံး တာများတဲ့အသက်အရွယ်တွေက ငါးနှစ်အောက် ကလေးတွေနဲ့ ၆၅ နှစ်အထက် လူကြီးတွေပါ။ ဒီနှစ်ထဲမှာတော့ ဖြစ်ပွားတဲ့သတင်း မရသေးပါဘူး။ အဖြစ်အများဆုံးက ဇွန်၊ ဇူလိုင်လတွေပါ။

နောက်ထပ် သတိထားရမယ့်ရောဂါကတော့ သွေးလွန်တုပ်ကွေးရောဂါပါ။ သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဒီနှစ် မေလအတွင်း ဆေးရုံတက်ကုသရသူ ၁၃၀၀ ကျော်ရှိပြီး သေဆုံးသူ ကိုးယောက် ရှိပါတယ်။ အဲဒီအထဲမှာ ရန်ကုန်တိုင်းထဲမှာ ဖြစ်ပွားသူ ၂၅၀ လောက်ရှိနေပြီး လေးဦး သေဆုံးတာကြောင့် ဂရုစိုက်ရမယ့်အခြေအနေဖြစ်လာနေပါပြီ။

အခုချိန်မှာ ဖျားလာပြီဆိုရင် သွေးလွန်တုပ်ကွေးကြောင့်လားဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားသင့်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခြင်နဲ့ ပတ်သက်သောရောဂါများဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားတာ အများဆုံးဖြစ်တဲ့နေရာတွေထဲမှာ တောင်ဒဂုံ၊ ဒလ၊ လှိုင် သာယာ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်း၊ သန်လျင်၊ သာကေတ မြို့နယ်တွေ ပါ ဝင်ပြီး သေဆုံးတာတွေရှိတဲ့မြို့နယ်တွေကတော့ ထန်းတပင်၊ ရွှေပြည်သာ၊ လှည်းကူး၊ တိုက်ကြီးမြို့နယ်တို့ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပါတယ်။

တကိုယ်ရည်သန့်ရှင်းရေးနဲ့ အိမ်ပတ်ဝန်းကျင်သန့်ရှင်းအောင်လုပ်တာတွေက မိုးရာသီမှာဖြစ်တတ်တဲ့ ရောဂါတွေ အပြင် ကပ်ဘေးအန္တရာယ်ကိုပါကာကွယ်နိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က RFA ကိုပြောပါတယ်။

အခုချိန်မှာ လူအများစုကကပ်ဘေးအန္တရာယ်ကြောင့် လက်ကိုမကြာခဏ ဆေးကြော၊ လက်သန့်ဆေးရည် သုံးကြပြီး အိမ်အပြင်ထွက်ရင် နှာခေါင်းစည်းတပ်လာကြပါတယ်။ ဒီအလေ့အထကို ဆက်ထိန်းသိမ်းတဲ့နည်းနဲ့ မိုးရာသီမှာဖြစ်တတ်တဲ့ရောဂါတွေအပြင် တခြားကူးစက်ရောဂါတွေကို ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြစေ ချင်တယ်လို့လည်း ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။