စစ်တပ်အရာရှိဟောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ပိုများလာ
ပြည်တွင်း သတင်းမီဒီယာတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ၁၀ လအတွင်း ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် အပါအဝင် စစ်တပ်အရာရှိဟောင်း ငါးဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး မြို့ပြ ပြောက်ကျားအဖွဲ့တွေဟာ ၂၀၂၁ နိုဝင်ဘာ ၄ ရက်နေ့မှာ ရန်ကုန် မရမ်းကုန်းမြို့နယ်က Mytel ဆက်သွယ်ရေးကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း သိန်းအောင်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ကြီးသိန်းမြင့်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရန်ကုန် မြောက်ဒဂုံက အငြိမ်းစား ဗိုလ်မှူးဟောင်း တင်မောင်အေး၊ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇ တို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။
အခုနောက်ဆုံး အသတ်ခံရတဲ့ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်ဟာ လက်ရှိ စစ်ကောင်စီ အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ဆရာရင်းဖြစ်တယ်လို့ လူအများ ပြောဆိုကြပေမယ့် ဒီကိစ္စကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
Yangon UG Association ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာကျောင်းက စစ်အရာရှိဟောင်း၊ စစ်မှုထမ်းဟောင်းတိုင်းကို တိုက်ခိုက်မှာ မဟုတ်ပေမယ့် အခုချိန်ထိ စစ်ကောင်စီအတွက် ရပ်တည်လုပ်ကိုင်ပေးနေသူတွေကို ပစ်မှတ်ထား ရှင်းလင်းသွားမယ်လို့ RFA ကို ပြောပါတယ်။
“တချို့ကကျတော့ စစ်မှုထမ်းဟောင်းတွေ ဖြစ်ပေမယ့် အမှန်တရားကို နားလည်တယ်။ နောက်ဆုံး ပြည်သူလူထုဘက်က မပါနိုင်ဘူးဆိုရင်တောင်မှ နှုတ်ဆိတ်နေတဲ့ လူမျိုးတွေရှိတယ်။ ဒါပေမဲ့ တချို့ကကျတော့ စစ်ကောင်စီဘက်ကနေ အခုချိန်ထိ ရပ်တည်ပြီးတော့ ပြောဆို လုပ်ကိုင်နေတုန်းပဲ။ အဓိကကတော့ အဲလိုလူမျိုးတွေကို ရှင်းလင်းတာ ဖြစ်ပါတယ်ဗျ။ ဒါကလည်း ကျနော်တို့အနေနဲ့ကတော့ မှန်ကန်သော ပြုလုပ်မှုလို့ ယူဆပါတယ်”
ဗိုလ်မှူးချုပ် အုန်းသွင်လို အမာခံထောက်တိုင်တွေကြောင့် ပြည်သူထံ လွဲမှားတဲ့ အယူအဆနဲ့ မူဝါဒတွေ ပြန့်သွားနိုင်တာကြောင့် ပစ်မှတ်ထား ရှင်းလင်းရတာလို့လည်း ဆရာကျောင်းက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဦးဆောင်ခဲ့တဲ့ Inya Urban Force အဖွဲ့ ထုတ်ပြန်ချက်မှာလည်း စစ်တပ် အရာရှိဟောင်းတိုင်းကို သတ်ဖြတ်မှာ မဟုတ်ပေမယ့် ဗိုလ်မှူးချုပ် အုန်းသွင်ဟာ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံခဲ့သူတစ်ဦး ဖြစ်တာကြောင့် ပစ်မှတ်ထား လုပ်ကြံတာလို့ ဖော်ပြထားပါတယ်။
"ဒီလိုလုပ်ရပ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပြုတ်ကျရေးမှာ အရမ်းကိုအရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့တော့ ညီမတော့ မြင်ပါတယ်"
ဒီလိုပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် တို့လို ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်တဲ့အပေါ် လက်တုံ့ပြန်တာလို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက ဆိုပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျူရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ စစ်တပ်ထဲမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသူ မဟုတ်ဘဲ အငြိမ်းစားယူထားတဲ့ အရပ်သားကို သတ်ဖြတ် တာဟာ ရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“သူတို့အရင်က တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ရှိပေမယ့် အခုချိန်မှာ အငြိမ်းစားယူပြီးရင် အရပ်သားပဲလေ။ အရပ်သား တစ်ယောက်အနေနဲ့ ဘာလို့ အရပ်သားကို အလွတ်သွားသတ်တာလဲ။ မေးခွန်းတွေ အများကြီးရှိတယ်။ အဲဒီလို နောက်က အပြန်အလှန် ထောက်မယ့်မေးခွန်းတွေကို အဖြေမရှိဘဲနဲ့ မပေးနိုင်ဘဲနဲ့ တွေ့သမျှလူ အကုန်လိုက်သတ် နေရင်တော့ ဒါက တော်တော်ကို ဆိုးဝါးကြမ်းတမ်းတဲ့ လူသတ်တဲ့ ရက်စက်တဲ့ လုပ်ရပ်တစ်ခုလို့ပဲ ကျနော်တို့က သုံးသပ်လို့ ရလိမ့်မယ်”
စစ်ကောင်စီဘက်က ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို သေဒဏ်စီရင်ခဲ့ပေမယ့် ဥပဒေအရ အယူခံခွင့် အဆင့်ဆင့်နဲ့ တရားစီရင်ရေးအောက်ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး PDF တွေကတော့ ခေါင်းစဉ်တစ်ခု တပ်ပြီးတာနဲ့ လက်လွတ်စပယ် လူသတ်နေတယ် လို့လည်း ဦးသိန်းထွန်းဦးက ဝေဖန်ပါတယ်။
ဗိုလ်မှူးချုပ် အုန်းသွင်လို စစ်တပ် ထိပ်တန်းအရာရှိဟောင်း တစ်ဦးကို လုပ်ကြံ သတ်ဖြတ်နိုင်တာဟာ အာဏာရှင် ဆန့်ကျင်ရေးအတွက် အရေးပါတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စစ်တပ်ရဲ့ထိပ်ပိုင်းက အရာရှိတွေကို ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်နိုင်ဖို့ဆိုတာက လွယ်တဲ့ အနေအထား မဟုတ်ဘူး။ သူတို့ရဲ့သွားလာမှု၊ နေထိုင်မှုတွေ အစစအရာရာ အသေးစိတ် ဂရုစိုက်ပြီးတော့မှ သေသေချာချာလေး လေ့လာပြီးတော့မှ ဒီလိုမျိုး လုပ်ကြံရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး ကြိုးပမ်းတဲ့ လူတွေအတွက်လည်း အရမ်းကို အသက်အန္တရာယ်များတယ်။ မိသွားပြီဆိုရင်လည်း ဒီလိုတော်လှန်တဲ့ လူငယ်တွေကို အလွတ်ပေးမှာ မဟုတ်ဘူးလေ။ သတ်ရင် သတ်၊ မသတ်ရင်လည်း ထောင်ဒဏ်တွေ နှစ်ရှည်တွေ အများကြီး အပြစ်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုလုပ်ရပ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ပြုတ်ကျရေးမှာ အရမ်းကို အရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့တော့ ညီမတော့ မြင်ပါတယ်”
ဗိုလ်မှူးချုပ်အုန်းသွင် လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့က စစ်တပ် အရာရှိဟောင်းတွေဟာ နေပြည်တော်ကို ပြောင်းရွှေ့နေထိုင်တာမျိုးတွေ လုပ်လာတယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာတာ မကောင်းပေမယ့် ဒါဟာ လုပ်သင့် လုပ်ထိုက်တဲ့ တော်လှန်ရေးရဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေ လက်တွေ့ ဖြစ်လာရတာဟာ မကောင်းဘူးလို့ ဆိုရပေမယ့် သို့သော်ငြားလည်း ဒါဟာ မလွှဲမရှောင်သာတဲ့ တော်လှန်ရေးဖြစ်စဉ်ကနေမှ ဖြစ်တတ်တဲ့ အနေအထားဖြစ်တဲ့အတွက် ကျနော်တို့ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ တော်လှန်ရေး အင်အားစုဘက်က များများ တုံ့ပြန်တိုက်ခိုက်နိုင်လေ သူတို့ အထဲမှာ ညီညွတ်မှု ပိုပြိုကွဲပြီးတော့ လုံခြုံရေးအရ စိုးရိမ်သောကတွေ ပိုများပြားလာမယ့် အနေအထား ဖြစ်တဲ့အတွက် ဒါက လုပ်သင့်လုပ်ထိုက်တဲ့ တော်လှန်ရေးရဲ့ လုပ်ငန်း တစ်ရပ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ”
ဗိုလ်မှူးချုပ်အုန်းသွင် အသတ်ခံရတာကြောင့် စစ်ကောင်စီအဖွဲ့ဝင်တွေ အပါအဝင် စစ်တပ်ထောက်တိုင် မှန်သမျှ လုံခြုံရေး အာမခံချက် မရှိတော့ဘူးဆိုတာ သဘောပေါက် နားလည်သွားကြပြီလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
ရန်ကုန်က မြို့ပြပြောက်ကျားအဖွဲ့တွေဟာ စစ်ကောင်စီနဲ့ နီးစပ်ပြီး စစ်ကောင်စီပြောသမျှ ပြုမူဆောင်ရွက်တယ်လို့ နာမည်ကြီးတဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကိုလည်း ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့က ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒေါ်သန်းသန်းဆွေဟာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပေမယ့် အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်ကောင်စီက သူ့ကို ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ မဟာမိတ်မြေအောက်တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကတော့ ၂၀၂၁ စက်တင်ဘာ ၇ ရက်ကနေ ၂၀၂၂ ဧပြီ ၇ ရက်နေ့အထိ ခုနစ်လအတွင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပစ်မှတ်ပေါင်း ၁၁၂၈ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧပြီ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။