လွတ်လပ်စွာပြောဆိုမှု ဟန့်တား တရားစွဲ ခံရသူ လေးနှစ်အတွင်း တစ်ထောင်ကျော်ရှိ

သန့်ဇင်ဦး
2020.05.02

လက်ရှိအစိုးရရဲ့ လေးနှစ်တာ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး အစိုးရ အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့ ဌာဆိုင်ရာဝန်ထမ်းတွေက တရားစွဲဆိုမှုပေါင်း ၂၇၀ ကျော်ရှိပြီး ဒီအထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်လို့ ကြားလူတွေက တရားစွဲဆိုခဲ့တဲ့ အမှု ၁၉ မှုလည်း အသံအဖွဲ့ရဲ့ ပဏာမ အစီရင်ခံစာမှာ ပါဝင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်က အရပ်သား ၃၅ ယောက်ကို အမှုပေါင်း ၁၈ ခုနဲ့ တရားစွဲဆိုခဲ့ရာမှာ ထောင် နှစ်နှစ်ကျတဲ့ နစ်နာမှုတွေရှိခဲ့တယ်လို့  ဆိုပါတယ်။

တပ်မတော်ကလည်း တိုက်ရိုက်ရော၊ ကိုယ်စား တရားစွဲဆိုတာရောက အမှုပေါင်း ၆၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ထူးခြားမှုအနေနဲ့ အစိုးရဘက်က တရားစွဲမှုတွေ စတင်တော့မှ တပ်မတော်ဘက်က လိုက်စွဲတဲ့အနေအထားကို တွေ့ရတယ်လို့ အသံအဖွဲ့ရဲ့သုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင်က ဒီကနေ့ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"အစိုးရရဲ့တရားစွဲဆိုမှုနဲ့ တပ်မတော်ရဲ့တရားစွဲဆိုမှုတွေ နှိုင်းယှဉ်လိုက်တဲ့အခါမှာ ဘာကိုတွေ့ရလဲဆိုတော့ လက်ရှိအစိုးရကနေ အာဏာစတင်ရယူခဲ့တဲ့ ၂၀၁၆ အတောအတွင်းမှာ တပ်မတော်ဘက်က တရားစွဲဆိုမှုတွေ အရမ်းနည်းတာကို တွေ့ရတယ်၊ တပ်မတော်ရဲ့တရားစွဲဆိုမှုတွေ ဘယ်အချိန်မှာ စဖြစ်လဲဆိုတဲ့အခါမှာ အစိုးရ ကနေ တရားစပြီးစွဲတဲ့အခါမှာ တပ်မတော်ကလည်း တရားစွဲတာတွေ ဖြစ်လာတာကို တွေ့ရတယ်၊ ကျွန်တော်တို့က ဒါကို ဘယ်လိုမျိုးသုံးသပ်ပြီး ကောက်ချက်ချထားလဲဆိုတော့ စစ်တပ်ကနေပြီးတော့ အရပ်သားအစိုးရရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေပုံရတယ်။"

အများဆုံး စွဲဆိုကြတဲ့ပုဒ်မတွေက ဆက်သွယ်ရေးဥပဒေပုဒ်မဖြစ်ပြီး အဲဒီနောက်မှာ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံ ဥပဒေ၊ အသရေဖျက်မှုဥပဒေ၊ မတရားအသင်းဥပဒေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ စတာတွေ ဖြစ်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေထဲ သတင်းမီဒီယာသမား ၆၇ ယောက် ပါဝင်ပြီး တတိယအများဆုံးဖြစ်ပါတယ်။

တရားစွဲဆိုမှုတွေများလာတာ လက်ရှိအစိုးရရဲ့ လွတ်လပ်စွာပြောဆိုခွင့်အပေါ်ထားတဲ့ သဘောထားတွေက ကောင်းတဲ့ဘက်မှာ ရှိမနေဘူးလို့ အသံအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

အသံအဖွဲ့ပြုစုထားတဲ့ စာရင်းအရ အရင်အစိုးရလက်ထက် သတင်းသမားတွေအပေါ် တရားစွဲဆိုမှုဟာ လက်ရှိ အစိုးရရဲ့ ထက်ဝက်တောင် မရှိဘူးလို့လည်း မောင်ဆောင်းခက ဆိုပါတယ်။

သတင်းယူရင်း Live လွှင့်လို့ ဖမ်းဆီးထောင်ချခံထားရတဲ့ Channel Mandalay သတင်းထောက် ကိုနန္ဒ (ခေါ်) ကိုအောင်ကြည်မြင့်ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းကလည်း လက်ရှိအစိုးရ လက်ထက်မှာ သတင်းလွတ်လပ်ခွင့် ထက်ဝက်ကျော် ကျဆင်းတယ်လို့ RFA ကိုပြောပါတယ်။

"အရပ်သားအစိုးရ စပြောင်းတဲ့ ဦးသိန်းစိန် အစိုးရထက်စာရင် NLD အစိုးရလက်ထက်မှာက သတင်း လွတ်လပ်ခွင့် တော်တော်ကို ဆုံးရှုံးနေတယ်၊ အရင်တုန်းကမှ ဦးရဲထွဋ်ကို အချိန်မရွေး မေးရသေးတယ် အခု ဦးဖေမြင့်ကို အချိန်မရွေး မေးမရဘူး၊ ဦးဇော်ဌေးကို အချိန်မရွေး မေးမရဘူး၊ အဲ့တော့ သတင်းလွတ်လပ်ခွင့်ဟာ တစ်ဝက်လောက်ကိုကျတယ်လို့ ပြောရမယ်ဗျ။"

ကိုနေမျိုးလင်းဟာ မတ်လကုန်ခါနီးက ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ် သတင်း မေးမြန်းလို့ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျတ်ရေးဥပဒေနဲ့ ဆယ်ရက်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီအမှုကို ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းပြီး ကောင်စီကနေတစ်ဆင့် ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သူ့အမှုနဲ့ ပတ်သက်ပြီး ကောင်စီမှာ တိုင်ကြားထားတဲ့အတွက် လာမယ့် ရက်ပိုင်းအတွင်း ကိုနေမျိုးလင်း က ရန်ကုန်မြို့၊ ကောင်စီရုံးကို သွားရောက်ပြီး တိုင်ကြားချက်ကို ကြားနာရမှာပါ။

အသံအဖွဲ့ရဲ့ ပဏာမအစီရင်ခံစာအရ တစ်နိုင်ငံလုံးမှာ ရန်ကုန်တိုင်းဒေသကြီးက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ချိုးဖောက်ခံရမှု အမြင့်ဆုံးဖြစ်ပြီး မန္တလေးတိုင်းက ဒုတိယဖြစ်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေ ကျဆင်းသွားတယ်ဆိုတဲ့ ဝေဖန် ပြောဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။

ရခိုင်ပြည်နယ်ကတော့ ပြည်နယ်တွေအားလုံးထဲမှာ ချိုးဖောက်ခံရမှု အမြင့်ဆုံးဒေသဖြစ်ပြီး ချင်းပြည်နယ်ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ပတ်သက်ပြီး အမှုဖွင့်တရားစွဲတာတွေ မရှိတဲ့ဒေသ ဖြစ်ပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွေအရလည်း NLD ပါတီ အစိုးရတက်လာပြီး တစ်နှစ်အကြာ ၂ဝ၁၇ မှာ မြန်မာနိုင်ငံရဲ့ သတင်း မီဒီယာ လွတ်လပ်မှုဟာ အဆင့် ၁၃၁  နေရာမှာ ရှိနေရာကနေ၊ ၂ဝ၁၈ မှာ ၁၃၇၊ ၂ဝ၁၉ မှာ ၁၃၈ နဲ့ အခုနှစ် ၂ဝ၂ဝ  မှာ အဆင့် ၁၃၉ အထိ ဆက်တိုက် ကျဆင်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။