အင်တာနက်အသုံးပြုခွင့် ပိုဖိနှိပ်ခံရဖွယ်ရှိတယ်လို့ သုံးသပ်
2022.11.05

စစ်ကောင်စီက ၂ဝ၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားနေတာကြောင့် မြန်မာပြည်တွင်းမှာ ဒစ်ဂျစ်တယ်အင်တာနက် အသုံးပြုတာတွေကို ပိုထိန်းချုပ်ပြီး သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေအပေါ် ဖိနှိပ်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
“VPN အသုံးပြုတာကို ဖမ်းဆီးအရေးယူတာတွေ၊ ဒီအင်တာနက်လိုင်းတွေကိုပဲ မဖြစ်မနေ သုံးနေရတဲ့ အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးပိုပြီး ဂရုစိုက်သင့်တယ်။”
စစ်ကောင်စီက သူတို့အကောင်အထည်ဖော်နေတဲ့ ရွေးကောက်ပွဲ အထမြောက်အောင် အာဏာရှင်ဆန့်ကျင် တော်လှန်ရေးမှာ အရေးပါတဲ့ အင်တာနက်ရပ်ဝန်းကို ပိုပြီး ဖိနှိပ်လာနိုင်တယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း-မြန်မာ FEM ရဲ့ ဒါရိုက်တာ မယဉ်ရတနာသိန်း က ပြောပါတယ်။
“၂ဝ၂၃ မှာ သူတို့(စစ်ကောင်စီ)က ရွေးကောက်ပွဲလို့ ပြောနေတာရှိတယ်။ အဲ့လိုအနေအထားမှာ အရမ်းစိုးရိမ်တဲ့ကိစ္စက မြန်မာပြည်တွင်းမှာ အာဏာစသိမ်းခါစ အခြေအနေလိုမျိုး ညစဉ်အင်တာနက် ဖြတ်တောက်တာမျိုးတွေ၊ ဘယ်အချိန်မှာ အမိန့်က သက်ရောက်မှုကုန်ဆုံးမလဲမသိတဲ့ ကြေညာချက်တွေထုတ်ပြီး အင်တာနက်ဖြတ်တောက်တာတွေ၊ နေရာဒေသတွေကို ပစ်မှတ်ထားပြီး ထပ်တိုးဖြတ်တောက်တာတွေ လုပ်လာမှာကို စိုးရိမ်တယ်။ ရန်ကုန်၊ မန္တလေးလို နေရာတွေမှာ အချိန်အပိုင်းအခြားနဲ့ အင်တာနက်ဖြတ်တောက်တာတွေ လုပ်လာမယ်၊ နောက်ပြီးတော့ အသုံးပြုသူရဲ့ လုံခြုံရေးပေါ့နော်။ VPN အသုံးပြုတာကို ဖမ်းဆီးအရေးယူတာတွေ၊ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သူတို့(စစ်တပ်)အနေနဲ့ လိုက်လို့ရနေတော့ ပြည်တွင်းမှာ ဒီအင်တာနက်လိုင်းတွေကိုပဲ မဖြစ်မနေ သုံးနေရတဲ့ အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးပိုပြီး ဂရုစိုက်သင့်တယ်။”
အမေရိကန် အခြေစိုက် Freedom House အဖွဲ့နဲ့ လွတ်လပ်သောထုတ်ဖော် ပြောဆိုခြင်း-မြန်မာ FEM တို့ရဲ့ ၂ဝ၂၂ ခုနှစ်အတွင်း အွန်လိုင်းလွတ်လပ်ခွင့် အကဲဖြတ်တဲ့ အစီရင်ခံစာတွေအရ မြန်မာပြည်ဟာ အင်တာနက်လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ဖော်ပြခံထားရပါတယ်။
နိုင်ငံပေါင်း ၇ဝ ရဲ့ အင်တာနက်လွတ်လပ်ခွင့်ကို စစ်တမ်းကောက်ယူထားတဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၁ နိုင်ငံကို အင်တာနက်လွတ်လပ်မှုမရှိဆုံး နိုင်ငံတွေအဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီထဲမှာ မြန်မာက ဒုတိယနေရာမှာ ရှိနေပြီး သူ့နောက်မှာ တရုတ် တစ်နိုင်ငံပဲ ရှိပါတော့တယ်။
“သူတို့(စစ်ကောင်စီ)ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုဘက်ကနေ ဘာမှမကောင်းတာ ဝေဖန်ခွင့်ကို သူတို့လုံးဝပေးမှာမဟုတ်ဘူး။“
ဒီတစ်နှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့်အဆင့် အဆိုးဝါးဆုံးကျဆင်းတဲ့ နိုင်ငံတွေထဲမှာ ရုရှား၊ ဆူဒန်၊ လစ်ဗျားတို့နဲ့အတူ မြန်မာပါ ထည့်သွင်း ဖော်ပြခံထားရတာပါ။

“ဖမ်းဆီးအရေးယူတဲ့အခါမှာ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်တာ၊ ဖက်ဆစ်လိုမျိုး အကြမ်းဖက်မှုတွေကို အဖမ်းခံထားရသူတွေ အပေါ်မှာ ကျူးလွန်တာ တရုတ်ထက် ဆိုးတယ်”
ရန်ကုန်မြို့ ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီက မဂျူဝယ်လ်က - ဆိုရှယ်မီဒီယာပေါ်မှာ တော်လှန်ရေးနဲ့ပတ်သက်တာ မလုပ်ရဲအောင်၊ ရွေးကောက်ပွဲကို မဝေဖန်ရဲအောင် အင်တာနက်ကနေတဆင့် စောင့်ကြည့်ဖမ်းဆီးအရေးယူတာတွေ ပိုများလာနိုင်တယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲကာလနီးလာတာနဲ့အမျှ စစ်ကောင်စီဘက်ကနေ ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်လာအောင် မဖြစ်ဖြစ်တဲ့နည်းတွေသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်တယ်ဆိုတဲ့နည်းတွေ လုပ်ကိုလုပ်လာမှာ။ သူတို့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုဘက်ကနေ ဘာမှမကောင်းတာ ဝေဖန်ခွင့်ကို သူတို့လုံးဝပေးမှာမဟုတ်ဘူး။ တကယ်လို့ ဝေဖန်တဲ့ပို့စ်တွေ မှတ်ချက်တွေ တွေ့လာပြီဆိုရင်လည်း ဒလန်တွေက စစ်ကောင်စီဘက်က ဖန်တီးထားတဲ့ တယ်လီဂရမ်ချန်နယ်တို့ ဖေ့ဘွတ်စ်ပေါ်က စာမျက်နှာတွေမှာ သတင်းသွားပေးပြီး ဝေဖန်တဲ့ပြည်သူတွေကို ဖမ်းဆီးတဲ့ နှိပ်စက်တဲ့အခြေအနေမျိုးတွေ သူတို့လုပ်ကြမှာ။ အဲဒီတော့မှ ပြည်သူလူထုအနေနဲ့က သူတို့ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေအထားမျိုးတွေ အင်တာနက်ပေါ်မှာ မတင်တဲ့အခါကျရင် စစ်ကောင်စီအနေနဲ့က နိုင်ငံတကာကို သူတို့လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေအားလုံးက ဘာမှဝေဖန်တာမျိုးတွေ မရှိဘူးဆိုတာ သူတို့လုပ်ချင်တာ။“
ဒစ်ဂျစ်တယ် အင်တာနက်အသုံးပြုသူတွေရဲ့ အခွင့်အရေးချိုးဖောက်ပြီး ဖမ်းဆီးထောင်ချနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တရုတ်ထက် ပိုဆိုးနေတယ်လို့ Free expression Myanmar-FEM အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“အင်တာနက်လွတ်လပ်ခွင့် တစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင် တရုတ်ရဲ့အထက်မှာ မြန်မာက ရှိနေပေမယ့်လို့ ကာလကြာရှည်အင်တာနက်ဖြတ်တောက်ထားတာ၊ အွန်လိုင်းပေါ်မှာ တက်ကြွလှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားမှုတွေအတွက် ဖမ်းဆီးအရေးယူအပြစ်ပေးတာတွေ ပိုတိုးလာတယ်။ ဖမ်းဆီးအရေးယူတဲ့အခါမှာလည်း အမြင့်ဆုံးပြစ်ဒဏ်တွေ စီရင်ချက်ချမှတ်ပြီး ထောင်ဒဏ်တွေပေးတာ၊ ပြီးရင် လမ်းပေါ်မှာ ဖမ်းဆီးတဲ့အခါမှာလည်း ဖက်ဆစ်လိုမျိုး အကြမ်းဖက်မှုတွေကို အဖမ်းခံထားရသူတွေ အပေါ်မှာ ကျူးလွန်တာ ဒီလုပ်ရပ်တွေက တရုတ်နဲ့ အများကြီးကွာတယ်၊ တရုတ်ထက် ဆိုးတယ်ပေါ့နော်။”
FEM ဒါရိုက်တာ မယဉ်ရတနာသိန်း ပြောသွားတာပါ။
မြန်မာပြည်ရဲ့ အင်တာနက်အသုံးပြုခွင့်ဟာ စစ်တပ်အာဏာသိမ်းတဲ့နေ့ကစပြီး ဆက်တိုက်ကျဆင်းလာတာလို့ ဆိုပါတယ်။ ရန်ကုန်မြို့ခံတစ်ဦး ပြောတာက -
“မလုံခြုံမှုက တော်တော်လေး ဆိုးလာတယ်။ ဘယ်လောက်ထိ ဆိုးလာလဲဆိုရင် အရင်တုန်းက VPN ခံပြီးမှ အင်တာနက် သုံးရတယ်၊ ဒါပေမဲ့ VPN ခံသုံးရင် အဖမ်းခံရမယ်ဆိုတဲ့အဆင့်လောက်ကိုပဲ စိုးရိမ်ခဲ့ရတာ၊ အခုက သာမန်လူတွေရဲ့ ပို့စ်တွေမှာဖြစ်ဖြစ်၊ မီဒီယာတွေတင်တဲ့ ပို့စ်တွေမှာဖြစ်ဖြစ် မှတ်ချက် တစ်ခု ပေးဖို့တောင် လူတွေမှာ ကြောက်ရွံ့လာရတယ်။”
ဖုန်းနဲ့ အင်တာနက်ကနေတဆင့် ခြေရာခံတာကို ရှောင်ရှားနိုင်တဲ့ VPN နည်းပညာကို သုံးရင် ထောင်ဒဏ် ၃နှစ်အထိ ချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းဖို့ စစ်ကောင်စီက ကြိုးစားနေတာဖြစ်ပါတယ်။
ဒါ့အပြင် အွန်လိုင်းပေါ်မှာ လှုံ့ဆော် ရေးသားတာတွေကို အားပေးကူညီတာ၊ Like ပေးတာ၊ ထပ်ဆင့်မျှဝေတာတွေကိုလည်း စောင့်ကြည့်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရွန်နစ်ဥပဒေတို့နဲ့ အရေးယူမယ်လို့ ကြေညာထားပါတယ်။

သူတို့တားမြစ်ထားတာကို ကျူးလွန်တယ်လို့ ယူဆတဲ့ လူမှုကွန်ရက်အကောင့် အသုံးပြုသူတွေကို ဖမ်းဆီးအရေးယူနေတယ်ဆိုတာကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်ကနေ နေ့စဉ် သတင်းထုတ်ပြန်နေပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ NUG ၊ CRPH တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်တာ၊ အားပေးတာတွေလုပ်ရင် အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းတာဖြစ်လို့ အခုလို အရေးယူတာလို့ ဒီနှစ် မေလက RFA ကိုဖြေကြားထားပါတယ်။
စစ်ကောင်စီက အခုထက်ပိုပြီး ဖိနှိပ်ချုပ်ချယ်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းက မြောက်ယမားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် က ပြောပါတယ်။
“ဖုန်းလိုင်း အင်တာနက်စသည်အားဖြင့် အဲဒါတွေကို သူတို့(စစ်ကောင်စီ)က ပိုပြီး တင်းတင်းကျပ်ကျပ်လုပ်လာနိုင်တယ်လို့ အစကတည်းက ကျွန်တော်တို့ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ပြင်ဆင်ထားတာရှိပါတယ်။ လာမယ့် ၂ဝ၂၃ မှာ စစ်ကောင်စီက ပိုမိုပြီးတော့ တော်လှန်ရေးအင်အားစုတွေအပေါ်မှာရော ပြည်သူတွေအပေါ်မှာရော ပိုပြီး တွင်တွင်ကျယ်ကျယ် ဖိနှိပ်ချုပ်ချယ်တာတွေ အင်တာနက်၊ ဖုန်းလိုင်း စသည်အားဖြင့်ပေါ့နော် လုပ်လာနိုင်တဲ့အလားအလာရှိပါတယ်။ ဒီ့ထက်ပိုပြီး ဆိုးဆိုးဝါးဝါးပေါ့နော်။”
စစ်ကောင်စီက ဒစ်ဂျစ်တယ်အမှောင်ခေတ်ကို ပြန်သွားဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက ကန့်ကွက်ထားကြပါတယ်။
စစ်ရေးပြိုင်ဆိုင်မှု ပိုများလာတာနဲ့အမျှ အခြေခံလူ့အခွင့်အရေးတွေ ပိုပြီး ထိန်းချုပ်ခံလာရနိုင်တယ်လို့ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
“ဒါတွေက ရှိနေတဲ့နိုင်ငံရေးအခင်းအကျင်းပေါ်မှာ မူတည်ပြီး ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် နောင်မှာလည်း ဒီ့ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ခံရနိုင်တဲ့ အနေအထား ရှိတယ်။ စစ်ရေးပြိုင်ဆိုင်မှု ကျယ်ပြန့်လာလေလေ စစ်ရေးပြိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ လိုအပ်ချက်ပေါ်မူတည်ပြီး ဒီအခွင့်အရေးတွေသည် ထိန်းချုပ်ခံရမယ်၊ တားမြစ်ခံရမယ့်အနေအထား အလားအလာ ပိုများနေတယ်လို့ ပြောရမယ်။”
စစ်တပ်ဟာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်က အာဏာစသိမ်းချိန်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာကြောင့် တစ်နိုင်ငံလုံး ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း ရန်ကုန်၊ မန္တလေးလို စီးပွားရေးမြို့ကြီးတွေမှာတောင် မကြာခဏဆိုသလို အင်တာနက် အသုံးပြုခွင့်ကို ထိန်းချုပ်ခဲ့တာပါ။
အာဏာမသိမ်းခင်က ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲပြင်းထန်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တွေဟာ ကမ္ဘာ့အကြာဆုံး အင်တာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေ ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကို ခုခံတော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကယားတို့က မြို့နယ်အတော်များများမှာ အင်တာနက်အပြင် ဖုန်းလိုင်းကိုပါ ဖြတ်တောက်ခဲ့ပါတယ်။ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေမှာ စိန်ခေါ်မှုတွေ ကြုံရသလို ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လာမယ့် ၂ဝ၂၃ မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲရှိနေတာကြောင့် မြန်မာပြည်သူတွေ အင်တာနက် လူမှုကွန်ရက် အသုံးပြုမှုအပေါ် ပိုဖိနှိပ်ခံလာရနိုင်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။