မြန်မာပြည်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံနေရဆဲ
2024.08.23
စစ်ကောင်စီက အင်တာနက်ဖြတ်တောက်တာအပြင် လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးသားသူတွေ၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ရေးသားသူတွေကို ဖမ်းဆီးနေဆဲဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ မြို့ခံတွေက ပြောကြပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဩဂုတ်လ ၂၁ရက်နေ့အထိ သုံးလအတွင်း လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားသူ (၃၇) ဦးကို ထောင်ဒဏ် ဆယ်နှစ်ကနေ အနှစ် သုံးဆယ်ကျော်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)တွေနဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
စစ်ကောင်စီက သူတို့အရေးယူနေတာတွေကို ထုတ်ပြန်တဲ့အချက်အလက်တွေအပေါ် စာရင်းပြုစုထားတာဖြစ်ပါတယ်။
"Freedom of Expression အရ ကြည့်လို့ရှိရင် ဒါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအားလုံးက ဗမာပြည်မှာ အဆိုးရွားဆုံးဆိုတဲ့ အခြေအနေကို ကျွန်တော်တို့က ဖြတ်သန်းနေရတာပေါ့"
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ဖမ်းဆီးခံရသူတွေရဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက သူ့ကိုဆန့်ကျင်ဝေဖန်နတဲ့ လူမှုကွန်ရက်အသုံးပြုသူတွေကို ပုဒ်မတစ်ခုမကဘဲ နောက်ဆက်တွဲ ပုဒ်မပေါင်းစုံနဲ့ ဖမ်းဆီးထောင်ချတာ များလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။
“ဒီပို့စ်တင်တဲ့သူတင် မဟုတ်ဘူး။ အဲဒါကို သဘောကျလို့ Share တဲ့သူလည်း ဖမ်းတယ်နော်။ အခုနောက်ပိုင်းဆိုရင် သူတို့ သဘောမကျတဲ့ ပို့စ်တစ်ခုကို Like လုပ်ထားတယ်ဆိုရင်တောင်မှ ဖမ်းဆီး အရေးယူတာမျိုးတွေအထိ ကျယ်ပြန့်လာတယ်။ အခု ကျွန်တော်တို့ လေ့လာတွေ့ရှိသလောက်ကတော့ ၅၀၅-က နဲ့ဆွဲရင် လွှတ်လည်း မလွှတ်ရဲသလို ပြစ်ဒဏ် သုံးနှစ်လည်း မဖြစ်မနေ ချပေးရတယ်။ အန္တရာယ် အများဆုံးပေါ့ဗျာ။ သူက ပထမဆုံး ဒါနဲ့အရင် ဆွဲလိုက်တာပဲ။ ဆွဲပြီး ပြစ်ဒဏ်သုံးနှစ်နဲ့ ဖမ်းထိန်းထားလိုက်တယ်။ အဲ ပြီးတာနဲ့ နောက်ထပ်ဆက်စပ်လာတဲ့ ခုနအမှုတွေ ဆွဲဆိုနိုင်တဲ့ အမှုတွေအားလုံးနဲ့ ဆွဲတာပါပဲ”
စစ်ကောင်စီ အသုံးများနေတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)အရ အမြင့်ဆုံး ထောင်ဒဏ် အနှစ် နှစ်ဆယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)အရ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်လေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီဟာ အင်တာနက်နဲ့ မိုဘိုင်းဖုန်းဆက်သွယ်ရေးဖြတ်တောက်တာတွေကို အခုနောက်ပိုင်း ပိုတိုးလုပ်လာသလို အင်တာနက်အသုံးပြုသူတွေကိုလည်း စောင့်ကြည့် ဖမ်းဆီးအရေးယူတာအပြင် (VPN) ဆော့ဖ်ဝဲ အသုံးပြုခွင့် ပိတ်ပင်တာတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပြည်ပအခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာအင်တာနက် ပရောဂျက်အဖွဲ့က ဆိုပါတယ်။
ဒါဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို နိုင်ငံရေးအရ ဖိနှိပ်လာတာဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အဆိုးရွားဆုံး ကြုံနေရတယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဟန်က ပြောပါတယ်။
“ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေး လုပ်သူတွေအပေါ်မှာ နိုင်ငံရေးအရ နှိပ်ကွပ်ထားနိုင်မှုတွေပေါ့နော်။ သူက ဒီရည်ရွယ်ချက်တွေနဲ့ အဓိက လုပ်တာပေါ့နော်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့က ဒီဟာတွေ အားလုံးက Freedom of Expression အရ ကြည့်လို့ရှိရင် ဒါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအားလုံးက ဗမာပြည်မှာ အဆိုးရွားဆုံးဆိုတဲ့ အခြေအနေကို ကျွန်တော်တို့က ဖြတ်သန်းနေရတာပေါ့နော်”
စစ်ကောင်စီက ဖုန်းအတွင်း VPN ဆော့ဝဲအသုံးပြုတာနဲ့ လူမှုကွန်ရက်အသုံးပြုတဲ့အပေါ် ဖမ်းဆီးအရေးယူတာ တွေ ပိုများလာတာကြောင့် လွတ်လပ်တဲ့ ပြောဆိုရေးသားခွင့်တွေ ပျောက်ဆုံးနေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဗီပီအဲန် (VPN) က အစသွားလို့ရှိရင် ဖျက်လိုက်ဒေါင်းလိုက်နဲ့ အလုပ်ပိုရှုပ်တာပေါ့နော်။ ဝေဖန်ဖို့ ပြောဖို့နေနေ သာသာ ဖေ့စ်ဘွတ်ခ်မှာ ရေးမယ်ဆိုရင်တောင်မှပဲ ဟို လူတွေက ပြောမယ်ဆိုရင် လိုက် (Like) တောင် မလုပ်ရဲ တော့ဘူး သိတယ်မဟုတ်လား။ ကြောက်ကြတာ ကိုကြီးရာ။ တစ်ခုခုဆို ကိုယ်ပါ ငြိစွန်းမလားဆိုတဲ့ဟာမျိုုး။ ဝေဖန်ရေး တစ်ခုခုတင်လိုက်လို့ရှိရင်တောင်မှလေ။ အဲဒီလို စိုးရိမ်စိတ်တွေနဲ့ တော်တော်များများ နေနေရတာ။ ပြောမယ်ဆိုရင် လွတ်လပ်တဲ့ ပြောဆိုခွင့်ကတော့ ပျောက်နေတာ တော်တော်ကြာပြီပေါ့”
မန္တလေးမြို့မှာလည်း လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာ၊ ဧည့်စာရင်းစစ်ရင်းနဲ့ ဖုန်းတွေကို စစ်ဆေးတာတွေ အခုနှစ်ထဲမှာ ပိုပြီးလုပ်လာတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီသဘောမကျတဲ့ သတင်းမီဒီယာတွေကို ကြည့်ရှုရင်တောင် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တာ၊ ဒဏ်ငွေရိုက်တာအပြင် စစ်ကြောရေးကို ဖမ်းခေါ်တာတွေအထိရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“ကိုယ် ယူကျူ့ထဲမှာ ဖြစ်စေ၊ ဖေ့စ်ဘွတ်ခ်ထဲမှာ ဖြစ်စေ၊ တယ်လီဂရမ်မှာပဲ ဖြစ်စေ၊ တစ်တော့ထဲမှာပဲ ဖြစ်စေ ဒီလိုသတင်းအချက်အလက်လေးတွေပေါ့။ ဥပမာ RFA ရှိမယ်။ BBC ချန်နယ်လေးကို သွားပြီး နှိပ်မိတာရှိ မယ်နော့။ ခေတ်သစ်လိုဟာမျိုး ရှိမယ်ဆိုရင် သူတို့က ဒီအကြောင်းပြချက်တွေနဲ့ ပြည်သူတွေကို ဖမ်းဆီးချင်တိုင်း ဖမ်းဆီးတယ်။ နေရာမှာတင် ဒဏ်ဆောင်ခိုင်းတဲ့အခါမျိုး ရှိတယ်။ နေရာမှာတင် ညှဉ်းပန်းနှိပ်စက်တာတွေ ရှိတယ်”
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ ဖုန်းနဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့မြို့နယ်ပေါင်း ၉၂ မြို့နယ်ရှိတယ်လို့ အသံအဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီကို ဝေဖန်လို့ အဖမ်းခံရသူ နှစ်နှစ်အတွင်း ၁၅၀၀ နီးပါးရှိ
နိုင်ငံ့နယ်မြေတစ်ဝက်ခန့် ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ခံထားရ
အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်အချို့ အသုံးပြုခွင့် ထပ်တိုးကန့်သတ်ခံလာရ
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်က မြို့နယ်ပေါင်း ၈၀ ကျော်ကို အင်တာနက်ဖြတ်တောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ အထိဆိုရင် မြို့နယ်ပေါင်း ၉၂ မြို့နယ်ကို အင်တာနက်ဖြတ်တောက်ထားဆဲဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ သုတေသီ ဒါရိုက်တာ ကိုနော်စိုင်းက ပြောပါတယ်။
“မြန်မာပြည်မှာရှိတဲ့ ဖုန်းနဲ့ အင်တာနက်ကုမ္ပဏီတွေအားလုံးက သူတို့ရဲ့ ထိန်းချုပ်မှုလက်အောက်ထဲကို ရောက်ကုန်တာကို တွေ့ရမယ်။ ဒီအင်တာနက် ဖြတ်တောက်ထားတာ၊ ဖြတ်တောက်တဲ့ လုပ်ရပ်တွေကိုပေါ့နော်။ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် လုပ်နေတယ်ပေါ့နော်။ ဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြတ်တောက် ပစ်တာမျိုးတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ လကအထိဆိုရင် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၉၂ မြို့နယ်အထိ ရှိခဲ့တာကို ကျွန်တော်တို့ တွေ့ရမယ်ပေါ့နော်”
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်လို့ RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ခုနှစ် ဇွန်လကနေ ဩဂုတ် (၂၁)ရက်နေ့အထိ သုံးလအတွင်း ရန်ကုန်နဲ့ မန္တလေးအပါအဝင် ပြည်နယ်နဲ့ တိုင်း ခုနစ်ခုက မြို့ပေါင်း (၂၄) မြို့မှာ လူဦးရေ (၃၇ )ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီထဲမှာ အမျိုးသား (၂၀) ဦးနဲ့ အမျိုးသမီး (၁၇) ဦး ပါဝင်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မန္တလေးတိုင်းက (၁၆) ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ရှစ်ဦး၊ ရန်ကုန်တိုင်းက ခုနစ်ဦး၊ ဧရာ၀တီတိုင်းက သုံးဦးနဲ့ နေပြည်တော်၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က တစ်ဦးစီ ပါဝင်ပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး စတင်ဖမ်းဆီးချိန်မှာ စစ်ကောင်စီသတင်းစာတွေက ပုံမှန်ဖော်ပြလေ့ရှိပေမဲ့ နောက်ဆက်တွဲ တရားစွဲဆိုတာတွေနဲ့ ပြစ်ဒဏ်ချမှတ်တာတွေကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။
ဒီသုံးလအတွင်း ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်လို့ အရေးယူခံရတဲ့နောက်ဆက်တွဲအခြေအနေတွေကို သိနိုင်ဖို့ ကျန်ခဲ့တဲ့မိသားစုတွေကို RFA အနေနဲ့ ဆက်သွယ်ဖို့ ကြိုစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ တစ်နှစ်ခွဲကျော်အတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ တစ်ထောင့်သုံးရာကျော် (၁၃၁၆) ဦး အထိ ရှိခဲ့ပါတယ်။