ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲ
2014.12.21
လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ) ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲကို မနေ့က ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးတို့ တက်ရောက်မိန့်ခွန်းပြော ကြားခဲ့သလို သီးလေးသီး အငြိမ့်အဖွဲ့က သီချင်း၊ ပြဇာတ်တွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။
မနေ့ညက ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်လူငယ်(ဗဟို) က ဦးဆောင်ကျင်းပခဲ့တာပါ။ အဲ့ဒီဂုဏ်ပြုဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁ဝဝ)ပြည့် မွေးနေ့ပွဲကိုကျင်းပတာဟာ လူငယ်တွေကို အရည်အချင်းရှိ တဲ့ ခေါင်းဆောင်တွေဖြစ်လာဖို့အတွက် ရည်ရွယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ဖေဖေ့ရဲ့ နှစ် ၁ဝဝ ပြည့်အခမ်းအနားတွေ ကျင်းပတယ်ဆိုတာလည်း ကျမတို့လူငယ်တွေကို သင်ပေးချင်တဲ့စိတ်ဓါတ်နဲ့ ကျင်းပစေချင်တယ်၊ သင်ပေးစေချင်တယ်ဆိုတာ ဘယ်လို အရည်အချင်းနဲ့ဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်၊ ဘယ်လိုခေါင်းဆောင်တွေ ကျမတို့လူငယ်တွေကဖြစ်ဖို့ ကြိုးစားရမယ်ဆိုတာကို သင်ပေးစေချင်တယ်၊ ဒါပေမယ့် ခေါင်းဆောင်ဖြစ်ချင်တာထက် တာဝန်ထမ်းဆောင် တာကိုပဲ ဖြစ်စေချင်ပါတယ်၊ တစ်ချို့ကတော့ ခေါင်းဆောင်တော့ သိပ်လုပ်ချင်တာပဲ၊ တာဝန်တော့ မထမ်းဆောင် ချင်ဘူး၊ အဲ့ဒီတော့ ဒါမျိုးဆိုရင်တော့ ကျမတို့တိုင်းပြည်ကို အကျိုးပြုမှာမဟုတ်ပါဘူး။
အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချိန်ကိုရောက်ရှိနေပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာရောက်ရှိဖို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။အခုအချိန်မှာ ကျမတို့အတွက် အင်မတန်မှအရေးကြီးပါတယ်၊ အားလုံသိ တဲ့အတိုင်ပဲ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ်ကို လျှောက်နေတဲ့နိုင်ငံပေါ့၊ ဒီမိုကရေစီလမ်းပေါ်မှာသိပ်ပြီးတော့ ခိုင်ခိုင်မာမာရောက်သေးတာ မဟုတ်သေးပါဘူး၊ ခိုင်ခိုင်မာမာရောက်အောင်တော့ အားလုံကဝိုင်းပြီးတော့ ကြိုးစားရမယ့်အချိန်ဖြစ်ပါတယ်၊ တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ ကြိုးစားမယ်ဆိုရင် ကျမတို့ မုချအောင်မြင်မှာပါ၊ ဒီမိုကရေစီရဖို့ ကြိုးစားတယ်ဆိုတာဟာ အများအတွက်ကြိုးစားတာ ဖြစ်ရပါလိမ့်မယ်၊ ကိုယ်တစ်ဦး တစ်ယောက်အတွက် ကိုယ့်အဖွဲ့အစည်းတစ်ခုအတွက်သာ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီမိုကရေစီဆိုတဲ့ စိတ်ဓါတ်ကို ဆန့်ကျင်ရာရောက်ပါလိမ့်မယ်၊ ဒါကြောင့်မို့လို့ ကျမတို့လူငယ်တွေကနေပြီးတော့ နိုင်ငံရေးမှာ စိတ်ဝင်စားကြပါလို့ ကျမထပ်ပြီးနည်းနည်းပြောတာပါ၊ နိုင်ငံရေးဆိုတာ လူတိုင်နဲ့ဆိုင်တယ်ပေါ့နော်၊ ကိုယ်ကမဆိုင်ချင်တော့လည်း နိုင်ငံရေးကဆိုင်လာမှာပဲဆိုပြီးတော့ ဖေဖေကပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ နိုင်ငံအပေါ်မှာစေတနာထားတဲ့ သန့်ရှင်းတဲ့နိုင်ငံရေးကို လုပ်ဖို့ကိုလည်း ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။နိုင်ငံရေးတဲ့ပတ်သက်လို့လည်း တချို့ကနိုင်ငံရေးကပဲ မကောင်းသလို လိုပြောတဲ့အခါကျတော့ ဖေဖေကဒီကိစ္စကိုလည်း ပြောခဲ့ဖူးပါတယ်၊ နိုင်ငံရေးကညစ်ပတ်တာ မဟုတ်ဘူး ၊ နိုင်ငံရေးလုပ်တဲ့လူ တချို့ကသာညစ်ပတ်တာလို့ ပြောဖူးခဲ့ပါတယ်၊ ပြည်သူတွေကနေပြီးတော့ သန့်ရှင်တဲ့နိုင်ငံရေး ၊ တကယ့်နိုင်ငံပေါ်မှာ စေတနာထားတဲ့ နိုင်ငံရေးကိုလုပ်ပြပါ၊ အဲ့ဒီလိုလုပ်နိုင်တာကိုလည်း ဂုဏ်ယူကြပါ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်းဦးကလည်း ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့်မွေးနေ့ပွဲ ကို အောင်မြင်အောင်ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ်ထားပြီး ကြိုးစားရမှာဖြစ်တယ်လို့ လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှစ် ၁ဝဝ ပြည့်အခမ်းအနားကို အရှိန် အဟုန်ကြီးမားစွာနဲ့ လာမယ့်ရှေ့ဖြတ်ကျော်ရမဲ့ အဟန့်အတား၊ အတားအဆီးတွေကို အောင်မြင်ရမယ်ဆိုတာက ပထမရည်ရွယ်ချက်၊ ဒုတိယရည်ရွယ်ချက်တော့ ဒါကိုအောင်မြင်ဖို့ခုန ဥက္ကဌပြောတဲ့အတိုင်းပဲ စိတ်ဓါတ်က အရေးကြီးပါတယ်၊ စိတ်ဓါတ်ရှိရင် အောင်မြင်မယ်၊ အောင်မြင်ရမယ်လို့ စိတ်ဓါတ်ကိုဆုံးဖြတ်ရင် လာမယ့်ပွဲတိုင်း ပွဲတိုးမှာ ပွဲတိုင်း ၁ဝဝ အောင်မြင်ရမယ်လို့ ဆိုတဲ့စိတ်ဓါတ်နဲ့ ကြိုးပမ်းလုံးပမ်းသွားဖို့အတွက် ဗဟိုလူငယ်အဖွဲ့ ကို လေးလေးနက်နက် တိုင်တွန်းရင်းနဲ့ နိဂုံချုပ်အပ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့် မွေးနေ့ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနိုင်ဖို့အတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကြိုးပမ်းနေပြီး နယ်မြို့တွေမှာလည်း ပန်းရဲ့လမ်း၊ ရွှေသံဇဉ် တေးဂီတအဖွဲ့တွေက လိုက်လံနှိုးဆော်နေပါတယ်ခင်ဗျား။