ဗိုလ်ချုပ်တစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ စစ်ဆေးခံနေရ
2023.09.12

စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှာ တွဲဖက်အတွင်းရေးမှူး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ရန်နောင်စိုးနဲ့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက အရာရှိတချို့ အပြင် စီးပွားရေးလုပ်ငန်းရှင် တချို့ကို စစ်ကောင်စီက နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဗိုလ်ချုပ်ရန်နောင်စိုးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းက စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) တို့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး စီးပွားကူးသန်း ဝန်ကြီးဌာနက အရာရှိတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ရန်နောင်စိုးဟာ ဒေါ်လာဝယ်ယူခွင့် လိုင်စင်ထုတ်ပေးသူတစ်ဦးဖြစ်သလို ပို့ကုန် သွင်းကုန် ကိစ္စတွေမှာလည်း အရေးပါသူတစ်ဦးဖြစ်ပါတယ်။ သူ တာဝန်ယူထားတဲ့လုပ်ငန်း တွေမှာ မသမာမှု တွေ့ရတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရတာလို့ ရန်ကုန်မြို့က လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးထူးခ က ပြောပါတယ်။
"တခြားနည်းနဲ့ ကြည့်မယ်ဆိုရင်တော့ မသမာမှုတွေ့လို့ပေါ့။ မသမာမှုတွေ့တယ် ဆိုတာက ဒီဒေါ်လာကို သူ လက်မှတ်ထိုးပေးမှ ထုတ်လို့ရတယ်။ ကုန်သွယ်ခွင့်ရတယ် ဆိုတော့ သူ့နေရာက နာမည်ဆိုးထွက်လာ တယ်။ တချို့ကလည်း သူတို့အသိုင်းဝိုင်းက နေပြီးတော့ သူ့ကိုလက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်။ ပရက်ရှာလည်း ပါတယ်။ တချို့လည်း သူ့နာမည်ကိုသုံးစွဲပြီးတော့ ဗိုလ်ချုပ်နဲ့ပိုင်တာပဲ လုပ်လို့ရတယ်။ ကျွန်တော်က ဗိုလ်ချုပ်နဲ့ သိတယ်။ ခင်ဗျားလုပ်ချင်တာကိုပြောဆိုပြီး အခကြေးငွေ ဝန်ဆောင်မှုတွေ ယူတာရှိတယ်။ သူလည်း ယူကောင်း ယူလိမ့်မယ်။ အဲဒီသတင်းထွက်လို့ သူ့ကိုဖမ်းတာပါ"
ဖမ်းဆီးစစ်ဆေးခံနေကြရတဲ့ စီးပွားရေးလုပ်ငန်းရှင် အရေအတွက် ရာဂဏန်း အထိရှိနိုင် တယ်လို့ ဦးထူးခ က ပြောပေမယ့် RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီဖမ်းဆီးခံ နေရသူတွေ အနက် ဒီနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်းပြောပါတယ်။
"အခြေခံစားသောက်ကုန်ပစ္စည်းတွေ မကျတာ။ မကျတဲ့အတွက် ဒီဒေါ်လာဈေးကျလည်း ခဏပဲ အဖမ်းဆီးလုပ်လို့ ကျသွားလည်း ခဏပဲ ဘယ်လိုမှ ထိန်းလို့ရမှာ မဟုတ်ဘူး"
ထိန်းသိမ်းခံနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ စက်သုံးဆီ၊ စားသုံးဆီနဲ့ ပို့ကုန် သွင်းကုန် လုပ်ကိုင်သူတွေ ပါဝင်နေပြီး သူတို့ကို ဈေးနှုန်းကျဆင်းရေးအတွက် စစ်ဆေးနေ တာဖြစ်တယ်လို့လည်း ပြောပါတယ်။
လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နောက်ထပ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ ဆီကုန်သည်ကြီးများအသင်း တာဝန်ရှိသူတွေနဲ့ ဆီကုန်သည်တွေဟာ စစ်ကောင်စီသတ်မှတ်စျေးအတိုင်း မရောင်းလို့ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေကြရတာလို့ RFA ကို ပြောပါတယ်။
"ဆီသမားတွေ၊ စားအုန်းဆီသမားတွေလို့ ကျွန်တော်တို့ ကြားရတယ်။ နိုင်ငံတော်က နေပြီးတော့ ၅၀-၅၀ ရာခိုင်နှုန်းနဲ့ ဒေါ်လာဝယ်ယူခွင့် ပေးထားပြီးတော့ export သွင်းတဲ့ သွင်းကုန်သမားတွေပေါ့နော်။ အဲဒါတွေကို အစိုးရက သတ်မှတ်တဲ့ ဈေးနဲ့ မရောင်းဘဲနဲ့ သူတို့ ဒီမှာ ရောင်းနေတဲ့ ဈေးနဲ့ ရောင်းနေကြတဲ့အပါ် မူတည်ပြီးတော့ စစ်ဆေးနေ တယ်လို့ သိရပါတယ်"
လက်ရှိမှာ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေပြီး အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ အခြေခံ စားသောက်ကုန် စျေးနှုန်းတွေ စံချိန်တင်မြင့်တက်နေတာပါ။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းဖို့ ဘက်ပေါင်းစုံက ကြိုးစားနေသလို ကုန်စျေးနှုန်းတွေ ကြီးမြင့်လာအောင် ကိုယ်ကျိုးစီးပွားရှာသူတွေကိုပါ အရေးယူထားတယ်လို့ စက်တင်ဘာလ ၉ ရက်နေ့က သူ့ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းခရီးစဉ်အတွင်းမှာ ပြောဆိုထားပါတယ်။
လက်ရှိဖမ်းဆီးစစ်ဆေးခံနေကြရသူတွေထဲမှာ စစ်ကောင်စီရဲ့ ဖိအားပေးခံနေကြရသူ တွေလည်း ပါဝင်တယ်လို့ ရန်ကုန်မြို့က လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးထူးခက ဆက်ပြောပါတယ်။
"UMFCCI မှာ ဖြစ်နေတဲ့ ပြဿနာက ဒီလုပ်ငန်းရှင်တွေကို ထိန်းသိမ်းတယ်ဆိုတာက တချို့ကလည်း အဓမ္မ ဖိအားပေးခံထားရတာ။ မင်းတို့ဒါဖြစ်အောင် ဒါလုပ် ဒါရမယ် ဖြစ်မယ်လို့ ဖိအားပေးခံထားရတယ်။ သူတို့က မကိုက်တော့ မရောင်း၊ မရောင်းလို့ ဆွဲစိလိုက်တယ်။ တချို့ကျတော့လည်း ဆန်၊ ဆီ၊ ဆား ဈေးကစားတယ်။ အဲဒီလိုဈေးကစားတဲ့ သူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်။ အဓိကကတော့ နိုင်ငံရဲ့ လိုအပ်ချက်က ဒေါ်လာပဲ။ ဒီဒေါ်လာကို ရတဲ့နည်းနဲ့ဝယ်တယ်။ တစ်ဖက်မှာ ဒေါ်လာနဲ့ ပေးချေရတဲ့အခါ သူတို့အတွက် မကိုက်တဲ့အတွက် အဲဒီလိုလူမျိုးတွေ ထိန်းသိမ်းခံရတယ်။ ပါသွားတယ်။ ကြားပြီးပြီ၊ တော်တော်များများ ပါသွားတယ်"
လက်ရှိကြုံတွေ့နေကြရတဲ့ စီးပွားရေးအကျပ်အတည်းတွေအပေါ် စစ်ကောင်စီရဲ့ ကိုင်တွယ်ပုံတွေဟာ မှားယွင်းနေတယ်လို့ စီးပွားရေးလေ့လာ သုံးသပ်သူတွေက ထောက်ပြဝေဖန်ကြပါတယ်။
ရန်ကုန်မြို့ နိုင်ငံခြားငွေလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ စစ်ကောင်စီက အခုလို ဖမ်းဆီးနေရုံနဲ့ ဒေါ်လာဈေး တည်ငြိမ်မှု ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"နည်းမှန်လမ်းမှန် ဆိုတဲ့နေရာမှာ တစ်ခုတော့ရှိတာပေါ့။ ဒေါ်လာဈေးဘက်ကို ထိန်းချုပ်ချင်တယ်ဆိုရင် ဒေါ်လာဈေးကျသွားလည်း ကုန်ဈေးနှုန်းတွေ တခြားဟာတွေ ကျသွားတာ မရှိဘူး။ ဒေါ်လာဈေးတင် မဟုတ်ဘူး၊ ကားဈေးကွက်၊ ရွှေဈေးကွက်၊ နောက်စားသောက်ကုန်ဈေးကွက်၊ အကုန်လုံးကို တန်းတူ ညှိလိုက်ရမှာပေါ့။ ဒေါ်လာဈေးကျတယ်ဆိုလည်း တခြားဟာတွေက ကျမှ မကျတာ။ အဓိကတော့ အခြေခံစားသောက်ကုန်ပစ္စည်း တွေ မကျတာ။ မကျတဲ့အတွက် ဒီဒေါ်လာဈေးကျလည်း ခဏပဲ အဖမ်းဆီး လုပ်လို့ ကျသွားလည်း ခဏပဲ ဘယ်လိုမှ ထိန်းလို့ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ဒေါ်လာ လိုအပ်ချက်က အများကြီး ကိုယ်ကိုယ်တိုင်လည်း ထုတ်လို့မှမရတာ"
ဗိုလ်ချုပ် ရန်နောင်စိုးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးခံနေ ကြရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိနေတာကြောင့် ဖြေဆိုလို့မရ သေးဘူးလို့ အကြောင်းပြန်ပါတယ်။
RFA က မေးမြန်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးစစ်ဆေးမှု တွေကြောင့် ကျန်ရှိ နေသေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့လည်း ပြည်ပကိုထွက်ခွာပြီး တိမ်းရှောင်ဖို့ ပြင်ဆင်နေကြ တာတွေ ရှိနေတယ်လို့ ပြောပါတယ်။