လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးမှု ရွှေနဲ့ နိုင်ငံခြားငွေဈေးကွက် ပျက်နိုင်
2024.06.04
မေလကုန်မှာ ရွှေနဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီဟာ နာမည်ကြီး ရွှေလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြား ငွေလဲလှယ်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်လာပါတယ်။
ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၂၁ ဦး၊ နိုင်ငံခြား ငွေရောင်းချသူ ၁၄ ဦးတို့ကို ဈေးနှုန်းမတည်ငြိမ်အောင် လုပ်တယ်လို့စွပ်စွဲပြီး ဖမ်းဆီးစစ်ဆေးနေသလို နောက်ထပ် ၁၁ ဦးကို ဆက်လက်ဖမ်းဆီးမယ်လို့ စစ်ကောင်စီက ဇွန် ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုအရေးယူလိုက်ပြီးနောက် ဇွန် ၄ ရက်နေ့မှာတော့ ရန်ကုန်မြို့က အခေါက်ရွှေဈေးကွက် အရောင်းအဝယ်ရပ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဈေးကွက်က အကုန်လုံးပျက်နေတဲ့သဘောမျိုးပေါ့နော်။ ရပ်ကွက်နဲ့ အနီးစပ်ဆုံးလုပ်နေတဲ့ ရွှေဆိုင်တွေက သူတို့ (ရွှေဆိုင်ကြီးတွေ) ကိုမီပြီးတော့ လုပ်နေရတာဆိုတော့လေ။ ဆိုင်မဖွင့်တာက တစ်ပတ်ကျော်လောက်ရှိပြီ။ ဈေးကွက်အနေအထားမှာ ငွေဖော်ရတာ အဆင်မပြေတော့ ဈေးမငြိမ်တော့ တော်တော်လေး အခက်အခဲဖြစ်တယ်”
မေလကုန်မှာ ကျပ်ငွေ ၅၈ သိန်းအထိ မြင့်တက်ခဲ့တဲ့ အခေါက်ရွှေဈေးဟာ ဒီနေ့ပြင်ပဈေးကွက်မှာ ၅၂ သိန်းကျော်အထိ ရှစ်သိန်းကျော် ပြန်ကျသွားတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီ အရေးယူမဲ့ ရွှေလုပ်ငန်းရှင်တွေထဲမှာ အောင်သမာဓိရွှေဆိုင်၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်တို့က ပိုင်ရှင်တွေအပါအဝင် ရွှေလုပ်ငန်းရှင် ဆယ်ဦးပါဝင်ပါတယ်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က ရွှေဈေးနှုန်း မတည်ငြိမ်ချိန်မှာ သတိထားဖို့ တိုက်တွန်းပေမဲ့ တချို့တွေ မလိုက်နာကြဘူးလို့ RFA ကို ပြောပါတယ်။
“ရွှေစျေးတွေ ကမောက်ကမ ဖြစ်နေတဲ့အတွက်ကြောင့် အသင်းသူအသင်းသားတွေအနေနဲ့ ရှိနေတဲ့ ပြဿနာတွေကြားထဲကို ဝင်မပါမိဖို့ဆိုပြီး တိုက်တွန်းမှုတွေ လုပ်တယ်။ ဒါပေမဲ့ တချို့သော အသင်းမဝင်ထားတဲ့ လုပ်ငန်းရှင်သော်လည်းကောင်း၊ အသင်းဝင်ထားသော်လည်း ဒီအချိန်မှာ ပိုက်ဆံရတယ်ဆိုပြီး လုပ်နေတဲ့သူတွေလည်း ရှိတယ်။ အဲဒါကျတော့ ကျွန်တော်တို့က အတင်းပြောလို့မရဘူး”
အရေးယူခံရမဲ့ ရွှေလုပ်ငန်းရှင်တွေအတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့ ရှိ မရှိကို RFA က မေးမြန်းရာမှာတော့ စစ်ကောင်စီနဲ့သာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးကြည်စိန်က ဆက်ပြောပါတယ်။
အမေရိကန် ဒေါ်လာဈေးနှုန်းဟာလည်း မေလကုန်လောက်မှာ ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ကျပ် ၄၈ဝဝ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၄၃ဝဝ ဝန်းကျင်ကို ပြန်ကျသွားတယ်လို့ ငွေလဲလှယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
ရွှေနဲ့ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ကိုင်သူတွေကို ဖမ်းဆီးစစ်ဆေးတာဟာ ဈေးကွက်ကိုထိန်းညှိဖို့အတွက် ထိရောက်မှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေနဲ့ဒေါ်လာဈေးကွက် လေ့လာသူတစ်ဦးက ပြောပါတယ်။
“အမှန်အတိုင်း ပြောရင်တော့ မလုပ်သင့်ဘူး။ အစည်းအဝေး ခေါ်တာမျိုးတွေ၊ သတိပေးတာမျိုးတွေ၊ ညှိနှိုင်းတာမျိုးက ပိုအဆင်ပြေတယ်။ နိုင်ငံရေးပုံစံမျိုး ပြောမယ်ဆိုရင်တော့ သံတမန်ရေးရာပေါ့။ ညှိနှိုင်းတာပဲ အဆင်ပြေမယ်။ အကြမ်းပတမ်းကြီး သွားသုံးလို့ အရမ်းကြီး ထူးခြားလာမယ့်ကိစ္စ မဟုတ်ဘူး။ သူ့ရဲ့ဇစ်မြစ်က နိုင်ငံရေးပေါ့။ အရမ်းကြီးကောင်းလာအောင် လုပ်နိုင်ဖို့က မရှိပါဘူး။ နိုင်ငံရေး မပြီးမချင်းပေါ့”
ဒီလို ဖမ်းဆီးအရေးယူနေတာတွေကြောင့် ဈေးကွက်ပျက်သွားပြီး နောက်ပိုင်းမှာ မှောင်ခိုလုပ်ကိုင်သူ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။ ရွှေနဲ့နိုင်ငံခြားငွေ ရောင်းချသူတွေကို ဖမ်းဆီးအရေးယူလိုက်တဲ့ နောက်ဆက်တွဲ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်တပ်အာဏာမသိမ်းခင်က တစ်ကျပ်သားကို ၁၃ သိန်းခန့်သာရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ၅၈ သိန်းအထိ လေးဆခန့် မြင့်တက်ခဲ့သလို ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင် ၁၃ဝဝ ခန့်ကနေ ၄၈ဝဝ ကျပ်အထိ သုံးဆကျော် မြင့်တက်ခဲ့တာပါ။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေဈေးနှုန်း မတည်ငြိမ်တာဟာ လူမှုကွန်ရက်ပေါ်မှာ ငွေဈေးနှုန်းဖော်ပြသူတွေ၊ ရောင်းဝယ်သူတွေကြောင့် ဖြစ်တယ်လို့ မေလ ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြီး စွပ်စွဲထားပါတယ်။
စီးပွားရေး ပညာရှင်အချို့ကတော့ ရွှေကို နှုတ်နဲ့ရောင်းဝယ်သူတွေနဲ့ ဒေါ်လာကို လူမှုကွန်ရက်ပေါ်မှာ ဈေးဆွဲတင်နေသူတွေကိုသာ စစ်ကောင်စီအနေနဲ့ ထိန်းချုပ်သင့်ပြီး ရွှေနဲ့ နိုင်ငံခြားငွေဈေးကွက်ကို ဖြစ်သင့်တဲ့ဈေးအတိုင်း ရောင်းဝယ်ခွင့်ပေးသင့်တယ်လို့ ထောက်ပြကြပါတယ်။