စားသောက်ဆိုင်စားပွဲတွေကြား အကာအရံထားရန် အစိုးရ ညွှန်ကြား

ဝေယံမိုးမြင့်
2020.06.14

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးကာလမှာ အစိုးရအဖွဲ့အသီးသီးရဲ့ ညွှန်ကြားချက်တွေဟာ လက်တွေ့အခြေအနေနဲ့ သင့်တော်မှု ရှိ - မရှိ လေ့လာသုံးသပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းတွေအနေနဲ့ မျက်နှာအကာတပ်ဖို့၊ နှာခေါင်းစည်းတပ်ဖို့၊ လက်အိတ်စွပ်ဖို့၊ စားပွဲခုံတွေအကြား အကာအရံထားရှိဖို့ စတဲ့ ကန့်သတ်ချက်တွေနဲ့ ဇွန်လဆန်းပိုင်း ကစပြီး ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။

စားသောက်ဆိုင်ထိုင်ခွင့်နဲ့ ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ် အသီးသီးက အစိုးရအဖွဲ့တွေဆီကို ဒီရက်ပိုင်းမှာ ပြည်ထောင်စုအစိုးရကနေ ညွှန်ကြားလာတာရှိတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

"ညွှန်ကြားထားတာရှိပါတယ် စားသောက်ဆိုင်တွေမှာ စားပွဲခုံတွေပေါ်မှာ တင်ထားတာမဟုတ်ဘဲ စားပွဲ တစ်လုံးနဲ့ တစ်လုံးကြား အကာအရံထားဖို့ပါ ညွှန်ကြားထားပါတယ်။ ကျနော်တို့ တိုင်းဒေသကြီးအစိုးရတွေ က စားသောက်ဆိုင်တွေကို ဆက်ပြီး လမ်းညွှန်သွားမှာပါ။"

ဒီညွှန်ကြားချက်ထုတ်ပြန်အပြီးမှာပဲ  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Facebook စာမျက်နှာမှာ  “ကိစ္စတစ်ရပ်နဲ့ပတ်သက်ပြီး စည်းမျဉ်းညွှန်ကြားချက်တွေ ထုတ်ပြီးတဲ့အခါ - ဒီစည်းမျဉ်းတွေဟာ သင့်တော်ရဲ့လား၊ အလုပ်ဖြစ်ရဲ့လား ဆိုတာကိုလည်း လေ့လာသုံးသပ်ရတယ်” လို့ ပြောဆိုထားပါတယ်။

ညွှန်ကြားချက်ထဲမှာပါဝင်တဲ့ စားပွဲခုံတွေအပေါ်  အကာထားဖို့ကိစ္စကို အဓိကထား ထောက်ပြထားတာပါ။

“ကားတစ်စီးတည်း အတူစုလာကြတာတွေ၊ ဆိုင်ကယ်တစ်စီးတည်း အတူထိုင်ပြီးလာကြသူတွေက စားသောက်ဆိုင်ရောက်မှ စားပွဲပေါ်မှာ အကာအရံနဲ့ တစ်ယောက်စီ စားသောက်ရတာဟာ အကျိုးရှိတဲ့ သက်ရောက်မှု မဟုတ်တဲ့အတွက် မသတ်မှတ်သင့်ဘူး” လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ရေးသားထားပါတယ်။ အရေးကြီးတာက သူစိမ်းများနဲ့ ထိတွေ့မှု မရှိစေအောင် စားပွဲခုံတွေကြားမှာ အကာတွေထားရှိဖို့ပဲဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဆိုင်တွေမှာ ဒီလိုလုပ်တာ ရောဂါပိုးကို လုံးဝကာကွယ်နိုင်တယ်လို့ မထင်ပေမယ့် မလုပ်တာထက်စာရင် ကောင်းပါတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။

"ဘာမှမလုပ်တာထက်စာရင် အခုလိုလုပ်တာ ကောင်းပါတယ်။ အတူလာတဲ့သူတွေ လက်ဖက်ရည်ဆိုင်မှာ အကာလေးတစ်ခုခြားပြီးထိုင်ရတာ လူရီစရာလည်း ကောင်းပါတယ်။ အခုလို ကာမယ်ဆိုတော့ တစ်သီးတစ်သန့်လေး ဖြစ်သွားတာပေါ့ ကောင်းပါတယ်။"

တချို့ဒေသက စားသောက်ဆိုင်တွေကိုတော့ အခုလို ညွှန်ကြားလာတာမျိုးတွေ မရှိသေးဘူးလို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

"ဘာမှမပြောထားဘူး အခုဖွင့်နေတာ တစ်ခုံနဲ့တစ်ခုံကြား ဘာမှမပိတ်ဘူး၊ ဒီတိုင်းပဲ အခုဖွင့်နေတာ၊ စားပွဲပေါ်မှာ အကာလေးထားထားတယ်၊ အကိုတို့ဆိုင်ဆို ၃ ယောက်ထိုင်ဖို့ အကာလေးတွေ လုပ်ထားတယ်၊ အဲ့လိုပဲရှိတယ်။"

Feel Group စားသောက်ဆိုင်လုပ်ငန်း တည်ထောင်သူ ဦးစိုးညီညီက ပြောသွားတာဖြစ်ပါတယ်။

တချို့ဆိုင်က ဆိုင်ဝန်ထမ်းတွေ လက်အိတ်၊ မျက်နှာအကာ၊ နှာခေါင်းစည်း စတာတွေ အပြည့်အစုံ မတပ်တာတွေ တွေ့မြင်ရတာရှိသလို တချို့ဆိုင်တွေမှာ စားပွဲခုံတစ်ခုံနဲ့တစ်ခုံကြား ၆ ပေအကွာ လုံလောက်တဲ့ အကာအဝေး မရှိတာမျိုးတွေလည်း တွေ့ရပါတယ်။

ဘာမှမလုပ်တာထက်စာရင် အကာအရံတွေထားရှိတာ အတော်အသင့်ကာကွယ်နိုင်တယ်လို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းဆေးရုံက ဒေါက်တာ ရီရီသန်းဦးက ပြောပါတယ်။

"အခုက အလယ်မှာပဲ ကာထားတာမလား၊ အလယ်မှာကာထားတာ ဟိုဘက်ကခုံကဝေးရင် ပြဿနာ မရှိဘူး။ ကပ်နေရင်တော့ ဘာမှမထူးဘူး၊ အလုံပိတ်အခန်းဆို လျှော့သွားမလား တွေးတာနေမှာ။ ဘယ်လိုပဲဖြစ်ဖြစ် သွားနေလာနေကြရင်တော့ ကူးတော့ကူးနိုင်ပါတယ်။"

ပြည်ထောင်စုအစိုးရ ညွန်ကြားချက်အပေါ်  ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ညွှန်ကြားချက် ပြန်လည်ထုတ်ပြန်ရတာဖြစ်ပါတယ်။

စားသောက်ဆိုင်၊ ဟိုတယ်၊ ခရီးသည်တင်ယာဉ်လိုင်း၊ စက်ရုံ၊ အလုပ်ရုံ စတာတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပြီး ပြန်လည်လည်ပတ်ဖို့ မေလလောက်က စတင်ကာ အစိုးရက ဖြေလျှော့ပေးထားတာဖြစ်ပါတယ်။

၆ ပေအကွာနေကြဖို့၊ လူစုလူဝေးမဖြစ်စေဖို့၊ ပွဲလမ်းသဘင်ကျင်းပတာတွေ၊ ဘုရားပွဲ၊ အလှူမင်္ဂလာပွဲတွေ မလုပ်ဖို့၊ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ဖို့ ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြဖို့ စတဲ့ အချက်တွေကိုတော့ ဇွန်လ ၃၀ ရက်နေ့အထိ ဆက်လက်တိုးမြှင့်လိုက်ကြောင်း အစိုးရက ဇွန် ၁၂ ရက်နေ့က ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။