အစိုးရချေးငွေ လုပ်ငန်းရှင်အများအပြားအတွက် အဆင်မပြေသေး
2020.05.20
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ရပ်တည်နိုင်ဖို့အတွက် အစိုးရက ချေးငွေတွေ ချထားပေးရာမှာ လျှောက်ထားသလောက် မရတဲ့အတွက် အဆင်မပြေတဲ့လုပ်ငန်းတွေ ရှိနေပါတယ်။
အစိုးရက အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးပေးဖို့ စီစဉ်ရာမှာ လုပ်ငန်းရှင်တွေ မျှော်မှန်းထားသလို ဖြစ်မလာဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
လုပ်ငန်းမလည်ပတ်နိုင်ခင် ဝန်ထမ်းစရိတ် ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ချေးငွေပေးတာဖြစ်ပြီး တချို့ လုပ်ငန်းရှင်တွေ ချေးငွေလျှောက်ထားရာမှာ ဝန်ထမ်းစရိတ်ပေးဖို့တောင် မရတာမျိုးတွေရှိနေတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
ချေးငွေချထားပေးရာမှာ ဦးစားပေးလုပ်ငန်းတွေဖြစ်တဲ့ လက်ခစား အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း၊ အသေးစားအလတ်စား စားသောက်ကုန်၊ လူသုံးကုန်လုပ်ငန်းတွေ ပါဝင်ပါတယ်။
ဟိုတယ်၊ ခရီးသွားကုမ္ပဏီနဲ့ စားသောက်ဆိုင် လုပ်ငန်းပေါင်း ၃၀၀ ကျော် လျှောက်ထားတယ်လို့ ဆိုပါတယ်။
ဝန်ထမ်း ၂၅ ဦးကို တစ်နှစ်စာ လစာပေးဖို့အတွက် ကျပ် သိန်း ၃၀၀၀ လျှောက်ထားတာမှာ ၆၅ သိန်းသာ ကျလာတဲ့အတွက် မချေးဘဲ ပြန်အပ်ခဲ့တယ်လို့ Apex International ကုမ္ပဏီ ဒါရိုက်တာ ကိုသီကဟ ပြောပါတယ်။
ချေးငွေလျှောက်ထားတဲ့ကုမ္ပဏီတွေဟာ ၂၀၁၈-၁၉ က စတင်တဲ့ ငွေစာရင်းရှင်းတမ်းကို တင်ပြရပြီး အခြား စာရွက်စာတမ်းအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်လိုင်စင်၊ အခွန်၊ ဝန်ထမ်းအင်အား စတာတွေကို တင်ပြရပါတယ်။
လျှောက်ထားတဲ့ကုမ္ပဏီတွေကို အစိုးရဝန်ကြီးဌာန ၃ ခု၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ စက်မှုအသင်း၊ ဟိုတယ်ခရီးသွားအသင်းနဲ့ အထည်ချုပ်လုပ်ငန်းရှင်များအသင်း စတာတွေက စီစစ်တာဖြစ်ပါတယ်။
တင်ပြချက်တွေအပေါ်မှာ ချေးငွေကို ပြန်လည်ပေးဆပ်နိုင်တာရှိမရှိ စီစစ်ပြီး ချေးငွေချထားပေးတာလို့ စီစစ်ရေးအဖွဲ့မှာပါဝင်တဲ့ UMFCCI SME ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်က ဆိုပါတယ်။
အစိုးရအနေနဲ့ မျှော်မှန်း ၆ လစာ ဝန်ထမ်းစားရိတ်အတွက်ပဲ ချေးငွေချထားပေးတာဖြစ်ပြီး တချို့ကုမ္ပဏီတွေက လုပ်ငန်း လည်ပတ်စားရိတ်တွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ချေးငွေတင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာ ဗွိုက်ရေးချပ် ကုမ္ပဏီက ဦးသက်လွင်တိုးကတော့ အချို့ကုမ္ပဏီတွေက သိန်းသောင်းနဲ့ချီပြီး ချေးငွေ လျှောက်နေတာမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။
မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၄၂၀၀ ကျော်မှာ ၂၇၀၀ ကျော်ကို စီစစ်ပြီး တတိယအကြိမ် ချေးငွေ ချထားပေးပြီးဖြစ်ပါတယ်။
ချေးငွေလျှောက်ထားတဲ့ ကုမ္ပဏီတွေထဲမှာ နိုင်ငံခြားပိုင် ကုမ္ပဏီ ၄၈ ခုနဲ့ ငွေစာရင်းရှင်းတမ်း မပြနိုင်တဲ့ ကုမ္ပဏီ၊ လိုင်စင်သက်တမ်း မတိုးထားတဲ့ကုမ္ပဏီ တစ်ရာကျော်ကို ပယ်ထားတယ်လို့ UMFCCI တာဝန်ရှိသူက ဆိုပါတယ်။
လုပ်ငန်းလမ်းညွှန်ချက်နဲ့ ကိုက်ညီမှုရှိပြီး ပြန်လည်ပေးဆပ်နိုင်မှုရှိတဲ့ ကုမ္ပဏီတွေဆိုရင် ချေးငွေ သိန်း ထောင်ဂဏန်းအထိ ချထားပေးတာမျိုးတွေရှိတယ်လို့ ပြောပါတယ်။
လျှောက်ထားတဲ့ ကုမ္ပဏီတွေကို ကျပ် သိန်း ၅၀ ကနေ သိန်း ၆၅၀၀ အထိ အသီးသီး ချေးငွေတွေ ချထားပေးပြီး စီစစ်နေဆဲကုမ္ပဏီတွေကိုလည်း ထပ်မံချေးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။