ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန် တိုက်ပွဲတွေ ရပ်တန့်ထားဖို့လိုအပ်
2020.05.11
ကိုရိုနာဖြစ်ပွားနေတဲ့ကာလမှာ တိုက်ပွဲတွေကို ရပ်တန့်ပြီး ရောဂါကို အဓိကထား တိုက်ဖျက်ဖို့ တောင်းဆိုနေချိန်မှာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါတယ်။ ဒီလိုကာလမျိုးမှာ တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် အရပ်ဘက်အဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ ရှိသလို တိုက်ပွဲရပ်တန့်ဖို့ မလိုအပ်ဘူးလို့ ပြောဆိုသူတွေလည်း ရှိနေပါတယ်။
ကိုရိုနာ မဖြစ်ပွားခင်အချိန်တည်းက ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကပ်ကြောင့် ကမ္ဘာမှာ ရောဂါတိုက်ဖျက်ရေး မပြန့်ပွားရေးအတွက် အားထုတ်ကြိုးပမ်းနေရချိန်မှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကတော့ နေ့စဉ်ဖြစ်ပွားနေပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာရေးအအဖွဲ့အစည်းတွေက တိုက်ပွဲအရှိန်တွေလျှော့ပြီး ရောဂါ မကူးစက်၊ မပြန့်ပွားရေးအတွက် တောင်းဆိုနေကြတဲ့အချိန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရပ်တန့်ထားမယ့်အကြောင်း တပ်မတော်က ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ နယ်မြေဒေသတွေတော့ ပါဝင်ခြင်း မရှိပါဘူး။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက လက်ရှိ ကိုဗစ်ကာလမှာ အပစ်အခတ်ရပ်စဲပြီး ရောဂါကို ကာကွယ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
"ဒီတိုင်းရင်းသားတွေနဲ့ ကိုဗစ်ပူးပေါင်းကော်မတီ ဖွဲ့တော့ ကိုဗစ်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး စာပို့တဲ့ထဲမှာတော့ AA ပြန်ပါတယ်ဗျ။ သူဟာ အကြမ်းဖက်အဖွဲ့အစည်း ကြေညာထားပေမယ့် ၉ ရက်နေ့ တပ်မတော်က ပြန်ကြေညာတာကျတော့ အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အတွက်ကြောင့် သူတို့အပစ်မရပ်ဘူးလို့ ကြေညာထားတယ်။ အစိုးရက ကိုဗစ်-နိုင်တီးန် နဲ့ ပတ်သက်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ဖို့ ပြောနေပါစေ တပ်မတော်ဘက်ကနေ အပစ်မရပ်ဘူး ဆိုရင်တော့ ပူးပေါင်း ဆောင်ရွက်ဖို့ကတော့ မဖြစ်နိုင်ဘူးဗျ။ လောလောဆယ်မှာ ကျနော်တို့အမြင်ကတော့ ကိုဗစ်ကာလမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်ပါ၊ တပ်မတော်ဘက်ကရော ကျန်တဲ့ တိုင်းရင်းသားလက် နက်ကတွေကရော။ တစ်ပြည်လုံး အပစ်အခတ် ရပ်ထားမှသာလျှင် တစ်ပြည်လုံးအတိုင်းအတာအရ ကျနော်တို့ ကိုဗစ်ကို ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။"
ကိုရိုနာ ကာကွယ်ရေးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင် အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေးစကားဝိုင်းမှာ အပစ်အခတ် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။
တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ အောင်မျိုးက အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ မလိုအပ်ဘူးလို့ သူ့အမြင်ကိုပြောပါတယ်။
"ကမ္ဘာလုံးဆိုင်ရာ ကပ်ကြီး၊ အဲဒါကြီးက ဒီကိုရောက်လာပြီ။ အထူးသဖြင့် ရွာတွေမှာပေါ့နော်၊ ဖြစ်နေပြီ ဆိုလို့ရှိရင်တော့ သူတို့ကရပ်သွားမှာပါ။ တပ်ကလည်း ရပ်မှာပဲ၊ AA လည်းရပ်မှာပဲ၊ ဒီအရေးက ကြောက်စရာ မဟုတ်သေးဘူး။ လက်ရှိမှာ ရောဂါကြီးက မဖြစ်သေးခင် ကာလပတ်လုံး ဒါကိုကြောက်စရာအဖြစ် ဒါကိုမယူဆဘူး။ ဖြစ်လာရင်တော့ နှစ်ဘက်လုံး ဆင်ခြင်သွားမှာပါ"
တပ်မတော်ရဲ့အပစ်အခတ်ရပ်စဲတာကို ကြိုဆိုပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ရင် ပိုကောင်းမယ်လို့ UWSA "ဝ" တပ်ဖွဲ့ လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
"နိုင်ငံတကာအနေနဲ့တောင် ပူးပေါင်းတယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ပိုပြီး ပူးပေါင်းတာကတော့ ပိုပြီးတော့ ထိရောက်တာပေါ့နော်။ ဒီကိစ္စက ကိုယ်တစ်ယောက်တည်းနဲ့လည်း မပြီးနိုင်ဘူးလေ။ သူ့ဆီကနေဖြစ်တယ်ဆိုရင်လည်း ကိုယ့်ဆီကူးနိုင်တယ်၊ ကိုယ့်ဆီကနေ ထိရင်လည်း သူ့ဆီကူးနိုင်တယ် ဆိုတဲ့အခါကျတော့ ပူးပေါင်းပြီးမှ လုပ်ဆောင်ကြရင် ပိုပြီးတော့ ထိရောက်မှာပေါ့နော်။ တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲတဲ့ ထုတ်ပြန်ချက်ကိုတော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမဲ့ ပိုမိုပြီးတော့ ပြည့်စုံအောင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပိုပြီးမှဖြစ်သင့်တယ် ပိုပြီးမှ ပြည့်စုံတယ်လို့ ကျနော်တို့ကတော့ မြင့်ပါတယ်။"
တိုက်ပွဲတွေ ရပ်တန့်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးကိုသာ လုပ်ဆောင်သင့်တယ်လို့ ပြောချက်တွေအပေါ် အစိုးရတပ်မတော်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာ အဖွဲ့ နှစ်ဖွဲ့ရှိကြောင်း ရက္ခိုင့်တပ်တော် AA နဲ့ အာဆာအကြမ်းဖက်အဖွဲ့တို့ဖြစ်ကြောင်း ဒီ နှစ်ဖွဲ့ရှိတဲ့နေရာဟာ အပစ်ရပ်တဲ့ထဲမှာ မပါဝင်ကြောင်း RFA ကို ပြောပါတယ်။
ဒါကလည်း ပလက်ဝမှာ AA က ပိတ်ဆို့ထားတာ လမ်းတွေမှာ မိုင်းထောင်တိုက်ခိုက်တာတွေ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့်ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်လုပ်သူတွေကို အပစ်ရပ်တဲ့အတွက် ပြည်သူလူထုပိုပြီး ဒုက္ခရောက်မှာဖြစ်ကြောင်း ပြောပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပေမယ့် ရက္ခိုင့်တပ်တော် AA ကို ကိုရိုနာကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို တပ်မတော်က စာပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ Covid 19 ရောဂါ ကူးစက်ပြန့်ပွားမှု ဆိုးဆိုးရွားရွားဖြစ်မှာကို ဘယ်လောက်အထိ စိုးရိမ်မှု ရှိနေသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ မေလ ၉ ရက်နေ့မှာ စစ်တွေ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်မြို့တွေမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်စောင့်ရှောက်ရေးတွေကို လေယာဉ်တွေနဲ့ စေလွှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ဖြေကြားပါတယ်။