သတင်းသမားတွေကို အစိုးရထောက်ပံ့မှုပုံစံ ဝေဖန်ခံနေရ
2020.10.04
ကပ်ဘေးကာလအတွင်း လပေါင်းအတန်ကြာ စားဝတ်နေရေး ခက်ခဲနေကြချိန် အစိုးရက ကူညီထောက်ပံ့တာကို ရရှိမယ့်သူတွေထဲမှာ သတင်းသမားတွေလည်း ပါဝင်လာပါပြီ။
လျှောက်ထားမယ့်သူ ရရှိမယ့် ထောက်ပံ့ငွေ ပမာဏ၊ ကပ်ဘေးကာလ သတင်းရယူပိုင်ခွင့်တို့နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာရေးဆရာနဲ့ သတင်းမီဒီယာ နယ်ပယ် ငါးခုကို အစိုးရက ငွေကျပ် သိန်း ၁၅၀၀ ထောက်ပံ့မှာဖြစ်ပြီး အဲဒီကဏ္ဏတွေမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။
အစိုးရအနေနဲ့ နယ်ပယ် ငါးခုက လိုအပ်နေတဲ့သူတွေကို ကဏ္ဍတစ်ခုအနေနဲ့ ထောက်ပံ့တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဆိုပါတယ်။
"အဖွဲ့အစည်းတွေကို ထောက်ပံ့တာမဟုတ်ဘူး။ နယ်ပယ် ငါးရပ်မှာရှိတဲ့ စားဝတ်နေရေးခက်ခဲတဲ့သူတွေကို ထောက်ပံ့တာ။ အဲဒီနယ်ပယ်မှာ ဘယ်သူတွေက ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့က မသိနိုင်ဘူး။ အဲတော့ နယ်ပယ်အသီးသီးက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကနေ သူတို့ကတဆင့် ထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်တာပါ။ အမြင်ကတော့ အမျိုးမျိုးရှိနိုင်တယ် မတူနိုင်ပါဘူး။"
အစိုးရထောက်ပံ့ကူညီမှုထဲက သတင်းမီဒီယာ အဖွဲ့အစည်းအတွက် ငွေကျပ်သိန်း ၃၀၀ ရရှိထားပြီး အဲဒီကရရှိတဲ့ ထောက်ပံ့ငွေကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA၊ မြန်မာနိုင်ငံစာနယ်ဇင်း သမဂ္ဂ MJU၊ မြန်မာဂျာနယ်လစ်ကွန်ရက် MJN၊ နိုင်ငံတကာ မြန်မာသတင်း BNI၊ မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့၊ အထက်မြန်မာပြည် သတင်းစာဆရာအသင်း စတဲ့ သတင်းမီဒီယာ အဖွဲ့အစည်း ခြောက်ခုက တစ်ဖွဲ့ကို သိန်း ၅၀ နှုန်းနဲ့ ခွဲဝေဖို့ တာဝန်ယူလိုက်ကြပါတယ်။
အဲဒီအထဲမှာ MJA အဖွဲ့က သူတို့အဖွဲ့အစည်းအနေနဲ့ ရရှိထားတဲ့ ကျပ်သိန်း ၅၀ ကို အစိုးရ ကိုဗစ်ကော်မတီထံ ပြန်လည်လှူဒါန်းတယ်ဆိုပြီး အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အခြားအဖွဲ့အစည်းတွေအနေနဲ့ သတင်းသမားတစ်ဦးကို ငွေကျပ် သုံးသောင်းစီ ခွဲဝေထောက်ပံ့ဖို့ ဆုံးဖြတ်ထားပြီး စားဝတ်နေရေးခက်ခဲတဲ့ သတင်းသမားတွေရှိရင် ထောက်ပံ့ငွေကို လျှောက်ထားရယူနိုင်တယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။
အစိုးရအနေနဲ့ ထောက်ပံ့တယ်ဆိုတာဖြစ်ရုံလောက်နဲ့ နှစ်သိမ့်တာမျိုးကို လက်မခံနိုင်ဘူးလို့ မော်ကွန်းမဂ္ဂဇင်း တည်ထောင်သူ အယ်ဒီတာ ကိုဇေယျာလှိုင်က သူ့အမြင်ကို ပြောပါတယ်။
"လူတိုင်းလူတိုင်းက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ သတင်းစာဆရာတွေလိုချင်တာက သတင်းလွတ်လပ်စွာရယူခွင့် ကိုဗစ်နဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ်၊ အစိုးရအရာရှိတွေ အနေနဲ့ သတင်းအချက်အလက်ကို တုံ့ပြန်ပေးတာလိုချင်တာ အဲဒါမျိုးမဟုတ်ဘဲ မင်းတို့တစ်ယောက် သုံးသောင်း ယူကြဆိုတာမျိုး၊ သုံးသောင်းဆိုတာကလည်း ပြောရမယ်ဆို ဝန်ကြီးသောက်တဲ့ ဝီစကီဖိုးတောင်မရှိဘူး။ ပေးမယ်ဆိုပြီး နာမည်ခံပေးတာ မလုပ်စေချင်ဘူး သုံးသောင်းနဲ့ ဘယ်နှစ်ရက်စားလို့ရမှာလဲ။ မီဒီယာသမား တွေမှာလည်း ခက်ခဲတဲ့သူတွေရှိပါတယ်။ ယူချင်တဲ့သူ ယူကြ။ ကျနော်ရဲ့ တစ်ဦးတည်း ခံစားချက်အနေနဲ့ ငွေလေး သုံးသောင်းနဲ့ နှစ်သိမ့်တာမျိုးလို့ မြင်တဲ့အတွက် အဲဒီ အစီအစဉ်မှာ မပါဝင်တာဖြစ်ပါတယ်။"
ရန်ကုန်တိုင်းကို အိမ်တွင်းနေထိုင်ရေးအစီအစဉ် သတ်မှတ်ထားပြီး အပြင်ထွက်သွားလာခွင့် ရရှိတဲ့ လုပ်ငန်း အမျိုးအစားတွေထဲ သတင်းမီဒီယာတွေ မပါဝင်ဘဲ အိမ်ကနေပဲ သတင်းရယူကြဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး သတင်းဌာန တာဝန်ရှိသူတွေ အဖွဲ့အစည်းတွေက အပြင်ထွက် သွားလာ သတင်း ရယူခွင့်ပေးဖို့ တင်ပြတောင်းဆိုပေမယ့် ခွင့်ပြုထားတာမရှိပါဘူး။
ဒီလိုအခြေအနေတွေအပြင် သတင်းမီဒီယာတွေအနေနဲ့ တခြားသောအခက်အခဲတွေလည်းရှိနေပါတယ်။
အစိုးရက ထောက်ပံ့တယ်ဆိုတာ သတင်းရယူခွင့်နဲ့ လဲလှယ်လိုက်တာမျိုးမဟုတ်ဘဲ သတင်းရယူခွင့်က သပ်သပ်ပြောဆိုရမယ့် ကိစ္စဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော်က ပြောပါတယ်။
"ကိုဗစ်အကူအညီပေးတဲ့အစီအစဉ်မှာပါတဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ ဒါပြန်ကြားရေးက ပေးတာလည်း မဟုတ်ဘူး။ ဒါက နိုင်ငံတော်စီမံဘဏ္ဍာက ခွင့်ပြုလို့လာတာ။ ဒါက နိုင်ငံတော် ဘဏ္ဍာပဲ။ ဒါ ပြန်ကြားရေးနဲ့ သတင်းရယူခွင့် အလဲအလှယ်လုပ်တဲ့သဘောလည်း မဟုတ်ဘူး။ ဒါက သီးခြား အခက်အခဲဖြစ်သူတွေကို အကူအညီပေးတာ။ ကျနော်တို့က သတင်းရယူခွင့်ကိုလည်းပြောရမှာပဲ။ ဒါယူလို့ သတင်းရယူခွင့်ကို မပြောတော့ဘူးဆိုတဲ့သဘောလည်း မရှိပါဘူး။"
အစိုးရထောက်ပံ့ငွေကြေးဟာ အမှန်တကယ်လိုအပ်နေသူတွေအတွက် အထောက်အပံ့တစ်ခုခု ဖြစ်စေနိုင်ပေမယ့် ပမာဏ နည်းလွန်းတယ်လို့မြင်ကြောင်း ဧရာဝတီသတင်းဌာန နေပြည်တော် သတင်းထောက် ကိုထက်နိုင်ဇော် က သူ့အမြင်ကို ပြောပါတယ်။
"သုံးသောင်းဆိုတဲ့ငွေက အရမ်းနည်းပါတယ်။ ဘာမှလုပ်မရဘူး ထိထိရောက်ရောက် ကူညီချင်တယ်ဆိုရင် အစိုးရအတွက်က ဒီ သိန်း ၃၀၀ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကဏ္ဍ ငါးခုပေါ့။ သိန်း ၃၀၀ တစ်ယောက် သုံးသောင်းကတော့ မဖြစ်သင့်ဘူး။ ကျနော်တို့ သတင်းသမားအချင်းချင်း ကူညီဖို့ဖွဲ့ထားတဲ့ အဖွဲ့အစည်း သေးသေးလေးတောင် သတင်းသမား တစ်ဦး ပေါ့စတစ်ဖြစ်ရင် သုံးသိန်း၊ ကွာရန်တင်း ဝင်ရရင် တစ်သိန်း ထောက်ပံ့နိုင်တာ။ အစိုးရက သုံးသောင်းဆိုတာကတော့ ရီစရာကောင်းတာပေါ့။ ဒီထက်ပို စေတနာ ထားသင့်တယ်။ ဒီထက်ထိရောက်တဲ့နည်းလမ်းနဲ့ လက်ရောက်ပေးနိုင်တာမျိုး စဉ်းစားသင့်တယ်။"
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ သတင်းထောက်အင်အားကို ကောက်ယူနေဆဲဖြစ်ပြီး ခန့်မှန်းစာရင်း အရ ၅၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်းအသီးသီးက ထောက်ပံ့ငွေကြေးပေးဖို့ လျှောက်လွှာစိစစ်တာတွေကို လုပ်ဆောင်နေပြီး ဒီရက်ပိုင်း အတွင်းမှာ ပေးအပ်နိုင်မှာဖြစ်ပါတယ်။ မြန်မာဂျာနယ်လစ်ကွန်ရက်ကို လျှောက်ထားသူက ရန်ကုန်နဲ့ နယ် စာရင်းအားလုံးပေါင်း ၁၃၀ ရှိနေပြီဖြစ်ပါတယ်။