ICJ အမှုကိုပဲ ဖြေရှင်းမယ်ဆိုတဲ့ အစိုးရတုံ့ပြန်ချက်အပေါ် ဝေဖန်မှုတွေရှိ

ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အာဂျင်တီးနား နိုင်ငံတရားရုံးတွေမှာ တရားစွဲဆိုထားတဲ့အပေါ် မြန်မာအစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းမယ်ဆိုတာ မဖြစ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြကြပါတယ်။
နိုင်ငံတကာတရားရုံးတွေမှာ မြန်မာအပေါ်တရားစွဲဆိုမှုတွေကို မဖြေရှင်းဘူးဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပုံရိပ် ကျဆင်းလာပြီး နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာ ထိခိုက်မှု တွေရှိနိုင်တဲ့အတွက် မတုံ့ပြန်ဘူးလို့ ပြောနေတာထက် ဥပဒေကြောင်းအရ တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောကြပါတယ်။
နိုင်ငံတကာတရားရုံးတွေက ဆုံးဖြတ်ချက်တွေကို ဥပဒေအကြောင်းအရ မဖြေရှင်းရင် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှုတိုင်းမှာ အခက်အခဲတွေဖြစ်လာလိမ့်မယ်လို့ ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောပါတယ်။
“ကျနော်တို့တွေက တရားရုံးက ဆုံးဖြတ်ချက်ကို နိုင်ငံရေး တုံ့ပြန်ချက်နဲ့ လုပ်နေတဲ့ဟာက ရောမသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကို ကျနော်တို့ သွားတဲ့အခါ ခင်ဗျားမှာ ICC တရားရုံးက ဝရမ်းထုတ်ထားတာရှိတယ်လို့ လာပြောတဲ့အခါ ကျနော်တို့က နိုင်ငံရေးအရ ငါနဲ့ မဆိုင်ဘူးသွားပြောလို့ မရဘူး”
သူက “ကျနော်တို့ မြန်မာနိုင်ငံက သူဌေးတွေက နိုင်ငံခြားသွားရင်းနှီးမြှုပ်နှံမှုတွေလုပ်ချင်တယ်။ စီးပွားရေး လုပ်ချင်တယ်။ ပညာသင်ချင်တယ်။ တစ်ခုခု လုပ်ချင်တယ်ဆိုတာနဲ့ ဘယ်ကလာလဲ မြန်မာနိုင်ငံ။ ခင်ဗျားတို့မှာ အမှု သုံးခုရှိတယ်။ ICC မှာရှိတယ်။ ICJ မှာရှိတယ်။ အာဂျင်တီးနားမှာရှိတယ်။ ကျနော်တို့ ပြန်စဉ်းစားဦး မယ်ဆိုတာတွေက ရှိတယ်။ ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ပြောနေတာက သိပ်ပြီးတော့ အနှစ်သာရမရှိတဲ့ ဖြေရှင်းချက်မျိုးလို့ ယူဆပါတယ်။ အစိုးရကို မကောင်းပြောနေတာ မဟုတ်ပါဘူး” လို့ ဆက်ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ရိုဟင်ဂျာဖြစ်တည်မှုကို ခြိမ်းခြောက်မှု စတဲ့ စွဲဆိုချက်တွေနဲ့ ICC ၊ ICJ နဲ့ အာဂျင်တီးနားတရားရုံး သုံးခုမှာ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း နှစ်ဦးဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးထင်ကျော်နဲ့ လက်ရှိ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲ ဆိုထားတာပါ။
နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က နိုင်ငံတကာတရားရုံး ICJ ထံ တိုင်တန်းခံထားရတဲ့ အမှုအတွက် နိုင်ငံတကာဥပဒေအရ တုံပြန်ဖို့ စီစဉ်နေတယ်လို့ မနေ့က သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ထံ ဘင်္ဂလားဒေ့ရှ်က တရားလိုပြုလုပ် တိုင်တန်းထားတဲ့ ကိစ္စကိုတော့ မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ဖြေရှင်းဖို့မလိုကြောင်း မြန်မာအစိုးရက တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာလူ့အခွင့်ရေးအဖွဲ့နဲ့ သောမတ်စ်အိုဟေးကင်တားနားတို့ ဦးဆောင်ပြီး အာဂျင်တီးနား တရား ရုံးမှာ တရားစွဲတင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးလည်း အချုပ်အခြာအာဏာပိုင် အချင်းချင်းထိပါးတဲ့ ကိစ္စဖြစ်လို့ ဖြေရှင်းဖို့ မရှိဘူးလို့ ဦးဇော်ဌေး က မနေ့က တုန့်ပြန်ခဲ့ပါတယ်။
ICC နဲ့ အာဂျင်တီးနားတရားရုံးတွေမှာ တရားစွဲဆိုခံထားရမှုတွေကို မဖြေရှင်းရင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ သုံးသပ်သူက တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ပါ။
“စီးပွားရေး လုပ်ကိုင်မယ့်သူတွေ မလုပ်ကိုင်တော့မယ့် အခြေအနေမျိုးဖြစ်အောင် ဖန်တီးလာနိုင်တဲ့ အခြေအနေ တွေ ဖြစ်လာနိုင်တာက အဓိကကျတယ်လို့ ကျနော် မြင်ပါတယ်။ နိုင်ငံတကာက လာပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ရှောင်ဖယ်အောင်လုပ်တဲ့ ဗျူဟာတစ်ခုလို့ ကျနော်က မြင်တယ်ဗျ။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နိုင်ငံရေး အခင်းအကျင်းက အနည်းငယ် တုံ့ဆိုင်းသွားမယ်လို့ မြင်ပါတယ်”
ဦးအောင်သိန်းဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ တရားစွဲတင်ခံထားရမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေက ICC ရဲ့ သုံးပါးထိုင် တရားသူကြီး သုံးဦးက မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ဖြစ်ပွားတဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို တရားဝင်စုံစမ်းစစ်ဆေးခွင့်ပြုထားလိုက်ပါပြီ။
လုံလောက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းပြီးရင် သက်ဆိုင်တယ်လို့ စွပ်စွဲထားတဲ့ ပုဂ္ဂိုလ်တွေကို ICC တရားရုံးကို ဆင့်ခေါ်တာ နောက်ဆက်တွဲအနေနဲ့ ဝရမ်းထုတ်လာနိုင်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် က ပြောပါတယ်။
ဒီအခြေအနေတွေအပေါ် အစိုးရတစ်ခုတည်း ကြိတ်ဖြေရှင်းတာမျိုးမဟုတ်ဘဲ ပညာရှင်တွေရဲ့ အကြံဉာဏ် ရယူသင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း က ပြောပါတယ်။
“တဖြည်းဖြည်းနဲ့ဖိအားတွေက တစ်စတစ်စများလာတယ်။ အကုန်လုံး မျက်စိစုံမှိတ်ငြင်းနေလို့တော့ မရတော့ဘူး။ ပြည်တွင်းထဲကနေ အရေးယူမယ်။ နိုင်ငံတကာက ပါစရာမလိုတော့ဘူးဆိုတဲ့ အနေအထားလည်း မလုံလောက်တော့ဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရတစ်ခုတည်း ခေါင်းသုံးပြီး စဉ်းစားတာထက်စာရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ ခေါ်ပြီးတော့မှ ဆွေးနွေးတိုင်ပင်ဖို့လိုမယ်။ အစိုးရ တစ်ခုတည်း ကြိတ်ဖြေရှင်းနေတာ အဖြေထွက်ဖို့ခက်မယ် ထင်တယ်”
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နှစ်လယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တရားစွဲတင်ခဲ့တာဖြစ်ပါတယ်။
မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ခုံရုံးရဲ့ တရားစီရင်မှုကို လက်မခံနိုင်ဘူးလို့ မြန်မာအစိုးရက ငြင်းပယ်ခဲ့တဲ့အတွက် မြန်မာကို ဖိအားပေးဖို့ ကြိုးပမ်းလာမှုတွေအနေနဲ့ ICJ နဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ တရားစွဲဆိုမှုတွေ ထပ်မံပေါ်ပေါက်လာတာမို့ အစိုးရအနေနဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက ပြောကြတာပါ။