ပျော်ရွှင်မှုပျောက်ဆုံးသွားတဲ့ မြန်မာများ
2021.12.16

၁၉၈၇ ကတည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်တဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ရ စိတ်ဆင်းရဲလူဆင်းရဲဖြစ်နေရချိန်မှာ စစ်အာဏာထပ်သိမ်းလိုက်ပြီးနောက် လုံခြုံရေးပါ ကင်းမဲ့သွားတဲ့အခါ မြန်မာလူထုအဖို့ ပျော်ရွှင်မှုပျောက်ဆုံးသွားပါတယ်။
ဝင်ငွေနည်းတဲ့အဆင့်မှာ ငွေကြေးက အရေးပါတဲ့ ညွှန်းကိန်းတခုဖြစ်ပေမဲ့ ဝင်ငွေတိုးလာတဲ့အခါ အလုံးစုံ ပျော်ရွှင်ခြင်းနဲ့ ညီမျှခြင်း ချကြည့်တဲ့အခါ ငွေကြေးက သိပ်အရေးမပါတော့ဘူးလို့ လေ့လာချက်တွေက တွေ့ရှိ ထားတာပါ။
ပျော်ရွှင်ခြင်းကို သုတေသီတွေက တကယ်တမ်းတိုင်းတာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာကြွယ်ဝတဲ့အပြင် မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနဲ့ လူမှုရေး အထောက်အကူတွေ ခံစားရတာ၊ လွတ်လပ်ခွင့်နဲ့ ကျန်းမာခြင်းအပါအဝင် အချက်အလက်အတော်များများ ရောယှက်ပါဝင်နေတယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှက မြန်မာနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်တာချင်းအတူတူ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နိုင်ငံချင်း တူတူ၊ လူထုက ဆင်းရဲပြီး လုပ်ပိုင်ခွင့်ရသူတွေက ချမ်းသာတာချင်းအတူတူ ဖြစ်ပေမဲ့ ယေဘုယျအားဖြင့် ကမ္ဘောဒီးယားနိုင်ငံကလူတွေက မြန်မာနိုင်ငံကလူတွေထက် ပိုပျော်ရွှင်ရပါတယ်။
၂၀၁၃ မှာ ကောက်ယူတဲ့ စစ်တမ်းအရ ကမ္ဘောဒီးယား လူမျိုး ၇၀ ရာခိုင်နှုန်းကျော်ဟာ ပျော်ပျော်ရွှင်ရွှင်ရှိကြတယ်လို့ Positive Experience Index ဆိုတဲ့ အကောင်းမြင် အတွေ့အကြုံညွှန်းကိန်းက ဖော်ပြပါတယ်။
အဲဒီ ၂၀၁၃ မှာပဲ ကုလသမဂ္ဂက ၁၅၆ နိုင်ငံကို စစ်တမ်းကောက်တဲ့ အခါ မြန်မာနိုင်ငံက ၁၂၁ နိုင်ငံမြောက် ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံဖြစ်ခဲ့ရာက ၂၀၂၁ မှာ ၁၂၆ ကိုရောက်သွားပါတယ်။ ၂၀၂၁ မှာ ကမ္ဘောဒီးယားက ၁၁၄ နိုင်ငံမြောက်ဖြစ်တာမို့ မြန်မာနိုင်ငံထက် ပိုပျော်ရွှင်တဲ့ သဘောသက်ရောက်ပါတယ်။ ဒါတောင် ဒါဟာ စစ်အာဏာသိမ်းပြီး နောက်တလဖြစ်တဲ့ မတ်က ထုတ်ပြန်တဲ့စာရင်း ဖြစ်ပါတယ်။
အဲဒီမတ်လမတိုင်ခင် ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းလိုက်တဲ့အတွက် လုံခြုံရေးပါ ပျောက်ဆုံးသွားတယ်လို့ သတင်းထောက်ဟောင်း တစ်ယောက်က ပြောပါတယ်။
ဘယ်လောက်ပဲ ဆင်းရဲဒုက္ခကြုံရပါစေ၊ လောကဓံကို အပြုံးမပျက် ရင်ဆိုင်ရဲတဲ့ မြန်မာတွေဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ လူသားတွေဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားလမ်းညွှန်တွေမှာ မြန်မာနိုင်ငံကို မိတ်ဆက်တဲ့အခါ အဖော်ရွေဆုံး၊ အပျော်ဆုံး၊ စေတနာအထက်သန်ဆုံးလူတွေကို သင်တို့ဆုံရပါလိမ့်မယ်လို့ ဖော်ပြလေ့လည်း ရှိပါတယ်။

အာရှတဝန်း မြန်မာလူမျိုးတွေပဲ အမှန်တကယ် ပျော်ရွှင်ကြတယ်လို့ ၃၁ ယောက်မြောက် အမေရိကန်သမ္မတ Herbert Hoover ကလည်း ပြောခဲ့ဖူးပါတယ်။ သူဟာ အာရှတိုက်မှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ၁၉၂၀ ပြည့်လွန်က ၁၉၃၀ ပြည့်လွန်အတွင်း ကမ္ဘာမှာ ငွေသတ္တုအများဆုံးထွက်တဲ့ နမ္မတူဘော်တွင်းကနေ ချမ်းသာသွားသူဖြစ်ပါတယ်။
Hoover ပြောတာကို စာရေးဆရာ ဒေါက်တာခင်မောင်ညိုက မငြင်းဘဲ ယဉ်ကျေးမှုကြောင့် ပျော်ရွှင်နေကြတာလို့ ပြောပါတယ်။ အဲဒီလို ပျော်ရွှင်တတ်တဲ့ မြန်မာတွေ ပျော်ရွှင်မှု ပျောက်ဆုံးနေတယ်လို့ သတင်းထောက်ဟောင်းက ပြောတာပါ။ လူတွေမပျော်ရွှင်တော့ဘူးဆိုတာ ဒေါက်တာခင်မောင်ညိုက လက်ခံပါတယ်။
ပျော်ရွှင်ခြင်းကို တိုင်းတာတဲ့အခါ လွတ်မြောက်ခွင့်နဲ့ မိသားစုဆုံဆည်းနိုင်ခွင့် ပါဝင်ပြီး အခု မပျော်ရွှင်လည်း အနာဂတ်အတွက် မျှော်လင့်ခြင်းနဲ့ပဲ အသက်ရှင်ရတယ်လို့ ဆိုစကားလည်း ရှိနေပါတယ်။