ပြည်နဲ့တိုင်းအချို့မှာ မိုးများပြီးရေကြီးတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နေရ

ရှမ်းပြည်နယ် တာချီလိတ်မြို့ အပါအဝင် တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တွေမှာ အခုရက်ပိုင်း မိုးရွာသွန်းမှုများပြီး တောင်ကျရေနဲ့ မြစ်ချောင်းတချို့ရေလျှံတာ ကြောင့် လူနေရပ်ကွက်တွေအထိ ရေဝင်ရောက်ပြီး အချို့နေရာတွေမှာ နေအိမ်ပါရေ မြုပ်တာကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကတည်းက မိုးရွာသွန်းမှုကြောင့် မဲခေါင်မြစ်ကနေ မယ်ဆိုင်ချောင်းထဲ ရေဝင်ရောက်မှုများလာပြီး မြို့ပေါ်ရပ်ကွက်တွေထဲအထိပါ ရေဝင်ရောက်နေတာ ဖြစ်ပါတယ်။
"အသက်ကယ်လှေကို ပို့ထားတယ်။ ဘေးစီမံတွေနဲ့ ဆက်တိုက်လေ့ကျင့်မှုတွေ လုပ်ထားတယ်"
ရေက ငါးပေအထက် ကျော်လာတာကြောင့် ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းကတည်းက တာချီလိတ်မြို့ပေါ် (၁၁) ရပ်ကွက်ရှိအထဲက ရပ်ကွက်ခြောက်ခုက ဒေသခံတွေကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်ကရေကြီးဖူးပေမယ့် အခုဖြစ်တာကတော့ အဆိုးဆုံးပဲလို့ တာချီလိတ်ဒေသခံ ဦးဘိုစံက RFA ကို ပြောပါတယ်။
"တာချီလိတ်ကတော့ နှစ်တိုင်းတော့ ရေကြီးနေကြပဲ၊ ဒါပေမဲ့ ဒီနှစ်မှာ အရင်နှစ်တွေ ထက်စာရင် ပိုကြီးလာတာပေါ့။ မနေ့ညက တော်တော်လေးကို ရေကြီးတယ်။ ညတွင်းချင်းကို ကယ်ဆယ်ရေးစခန်း သုံးခုလောက်ဖွင့်ပြီးတော့မှ ဒီထဲမှာ လူ ၁၀ ယောက်ကျော်လောက်ပဲ ကယ်ဆယ်ရေးလုပ်ပြီး ကယ်ထုတ်လာတာ တွေ့တယ်ဗျ"
လက်ရှိ အမှတ် (၁) ချစ်ကြည်ရေး တံတားဘောင်အထိ ရေရောက်နေပြီး တာချီလိတ်အရှေ့ မြို့ပတ်လမ်း၊ တာလော့ဈေးနဲ့ မိုင်းတုံ-ပုံပါကျင် ကားလမ်း၊ တာချီလိတ်-ကျိုင်းတုံ ကား လမ်းဘေးက မိုင်းကုံးအုပ်စု၊ မကင်အုပ်စု စတဲ့နေရာတွေလည်း ရေမြုပ်နေတယ်လို့ ဆိုပါ တယ်။
ရေမြုပ်တဲ့ နေရာတွေကနေ ပိတ်မိနေသူတွေကို ရေလွတ်ရာ သဘာဝဘေးအန္တရာယ် စီမံချက် အဆောက်အအုံတွေဆီ နေရာခွဲပြီး ပို့ဆောင်ပေးနေတယ်လို့ တာချီလိတ် အခြေစိုက် ရွှေမယ်ယန်းပရဟိတအသင်း တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"တစ်မြို့လုံးလိုလို မြုပ်သွားပြီဗျ။ တချို့က ရင်ခေါင်းပိုင်း၊ တချို့က ဒူးခေါင်းပိုင်း။ ရေအနက်က တစ်နေရာနဲ့ တစ်နေရာမတူဘူး။ ကျနော်တို့က ပေနဲ့တော့ မပြောတတ်ဘူး။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း လေးငါးဆယ်အိမ် မြုပ်တယ်။ အိမ် (၂၀) မြုပ်တယ်။ အိမ် (၁၀၀) မြုပ်တယ်။ မြုပ်တဲ့အထဲမှာ ပိတ်မိနေတဲ့အိမ်တွေကို ရအောင်တော့ ကယ်နေတယ်။ တချို့က ဗိုက်ကြီးသည်တွေ။ တချို့က အဘိုးကြီး အဘွားကြီးတွေ"
အရေးပေါ် ပြောင်းရွှေ့ပေးနေရတဲ့ မြို့ပေါ်ရပ်ကွက်ခြောက်ခုမှာ တစ်ရပ်ကွက်ကို အိမ်ခြေ (၂၀) ကနေ အိမ်ခြေ (၁၀၀) အထိ ရေဝင်ရောက်နေပြီး အချို့နေရာတွေမှာ နေအိမ်ပါနစ် မြုပ်နေပေမယ့် လူသေဆုံးတာတော့ မရှိသေးဘူလို့ ဆိုပါတယ်။
တနင်္သာရီမြို့မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကတည်းကစလို့ မြစ်ရေကြီးပြီး မြို့ပေါ်ရပ်ကွက်နှစ်ခုက အိမ်ခြေသုံးရာကျော် ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချို့နေရာတွေမှာ အိမ်အောက်ထပ်အထိ နစ်မြုပ်သွားတယ်လို့ အမည်မဖော်လိုတဲ့ တနင်္သာရီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တနင်္သာရီက မြို့ပေါ်မှာပဲကြီးတာ။ အကုန်လုံး (၁၇) ပေလောက်ထိ တက်တယ်။ အိမ်တွေမြုပ်သွားတယ်။ အိမ်တွေ မြုပ်သွားတာက ဥပမာ နှစ်ထပ်ရှိ တစ်ထပ်လောက် ကတော့ မြုပ်တာပေါ့။ စာသင်ကျောင်းတွေဆိုရင်လည်း တစ်ဝက်မြုပ်သွားတာပေါ့။ မိုးများလို့ပါ အခုက မိုးများတဲ့အချိန်မို့ ပြီးရင် နောက်သုံးလေးရက်ဆို ဖြည်းဖြည်းချင်း ပြန်ကျမယ့် သဘောရှိတယ်။ ဒါက နှစ်စဉ်ဖြစ်တယ် တော်တော်လေးလည်း ကြာနေပြီ"
ဒေသခံတွေတော့ ကြိုတင်ပြင်ဆင်ထားတာကြောင့် လူအသေအပျောက်မရှိပေမယ့် အဆောက်အအုံနဲ့ လူသုံးကုန် ပစ္စည်းတချို့တော့ ပျက်စီးဆုံးရှုံးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကတော့ ရေကြီးမှုအခြေအနေကို စောင့်ကြည့်နေပြီး အသက်ကယ်လှေတွေ အသင့်ပြင်ထားတယ်လို့ RFA ကိုပြောပါတယ်။
"အသက်ကယ်လှေကို ပို့ထားတယ်။ ဘေးစီမံတွေနဲ့ ဆက်တိုက်လေ့ကျင့်မှုတွေ လုပ်ထား တယ်။ ကျနော်လည်း စိုးရိမ်ရေမှတ်ကို စောင့်ကြည့်နေတယ် အမြဲတမ်း။ အခု နောက် ဆုံးအခြေအနေက ညနေပိုင်းလောက်ထိ (၁၆) ပေးနဲ့ နှစ်လက်မကို နည်းနည်းလေး ပြန်ဆင်းသွားတယ်။ အခုလက်ရှိ အနေအထား ရွှေ့ပြောင်းအနေအထား မရှိသေးဘူး"
တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ (၂၄) ပေသတ်မှတ်ထားတယ်လို့လည်း လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက သောင်းရင်းမြစ်နဲ့ နီးစပ်တဲ့နေရာတွေမှာလည်း မိုး သည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် မြဝတီမြို့ပေါ် အမှတ် (၁) ရပ်ကွက် အပါအဝင် နေရာအချို့မှာ ရေဝင်ရောက်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ရေကြီးမှုကြောင့် မြဝတီတောင်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတွေအတွက် ရိက္ခာသယ် ယူဖို့ လမ်းခရီး အခက်အခဲတွေ ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း (Site 5) ရဲ့ အတွင်းရေးမှူး နော်အယ်ဝါးက RFA ကို ပြောပါတယ်။
"မိုးရွာတော့ ကျမတို့အိမ်တွေ မိုးယိုတယ်။ နောက်ပြီး ကျမတို့နေတဲ့ နေရာက ချောင်း လေး တစ်ချောင်းရှိတယ်။ အဲဒါ တစ်ခါမှ ကျမတို့ လမ်းမပြင်နိုင်တော့ဘူး။ ပြင်လိုက် နောက်မိုးရွာလည်း ပြိုလိုက်။ အဲဒီချောင်းလေးကို အသုံးပြုနေရတယ်လေ။ အခက်အခဲ က အဲဒါတစ်ခုပါ။ ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ဘူး။ သွားရလာရတာ အဆင်မပြေဘူးပေါ့ လမ်းတွေလည်း ပျက်နေတယ်လေ"

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက စိုးရိမ်ရေအမှတ် အထက် (၁၆) လက်မအထိ မြင့်တက်ခဲ့တဲ့ သောင်ရင်းမြစ် ရေဟာ ဩဂုတ် ၁၃ ရက် ဒီနေ့မှာတော့ စိုးရိမ်ရေအမှတ် အောက်ကို ပြန်ရောက်နေပြီလို့ ဖော်ပြထားပါတယ်။
မွန်ပြည်နယ် ရေးမြို့မှာတော့ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဩဂုတ်လ ၁၂ ရက် မနေ့ညနေပိုင်းမှာ ရေပြန်ကျသွားတာကြောင့် ပြောင်းရွှေ့နေရတဲ့ ဒေသခံတွေ နေအိမ်ပြန် နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရေကြီးရေလျှံမှုဖြစ်နေတဲ့ တနင်္သာရီ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့က ဒေသခံအများစုကတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ နှစ်တွေထက် နည်းလာတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဋ္ဌာနက နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နောက်နှစ် ရက်အထိ မိုးပိုရွာမယ်လို့ ဩဂုတ်လ ၁၃ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။