ဖားကန့်မှာ မြေပြိုပြီး လူသေဆုံးမှု ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

အောင်သိင်္ခ၊ ဇာဏီထွဏ်း
2020.07.07

တိုင်းနဲ့ပြည်နယ်အသီးသီးက ရေမဆေးကျောက်ရှာဖွေသူ  လေးသိန်းကျော်ရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့် မြို့နယ်မှာ  လူ ၂ဝဝ နီးပါး သေဆုံးခဲ့တဲ့ မြေပြိုမှုကြီးဖြစ်ပွားပြီး နောက်တစ်နေ့မှာ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က   စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစေလွှတ်ပြီး  ကွင်းဆင်းစစ်ဆေးတာ၊ သေဆုံး၊ ဒဏ်ရာရသူတို့ရဲ့ မိသားစုကို ငွေကြေးထောက်ပံ့တာတွေ လုပ်ခဲ့ပါတယ်။

"နိုင်ငံတော်က ဖွဲ့ထားတဲ့အဖွဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းပေါ့ဗျာ သူဦးဆောင်တဲ့အဖွဲ့ပေါ့၊ အဲအဖွဲ့ရယ် ကျနော်တို့ကချင်ပြည်နယ် အစိုးရအဖွဲ့ရယ်က ပူးပေါင်းပြီးတော့ ကွင်းဆင်းနေပါတယ်၊ မေးသင့်တာတွေမေး ကြည့်သင့်တာတွေ အကုန်လိုက်လုပ်နေပါတယ်။"

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ပြောသွားတာပါ။ အဖွဲ့အနေနဲ့ စုံစမ်းရရှိထားတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းဝင်းက ဒီဖြစ်ရပ်ဟာ သေဆုံးသွားသူတွေရဲ့ လောဘကြောင့် ဖြစ်ပွားခဲ့တယ်လို့ မှတ်ချက်ပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

ဖားကန့်နယ်မြေမှာ မြေပြိုကျလို့ သေဆုံးတာတွေ၊ ကျင်းပိလို့သေဆုံးတာတွေ နှစ်စဉ်ရှိခဲ့ပြီး ရုပ်အလောင်း ပြန်လည်တူးဖော်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဇူလိုင် ၂ ရက်နေ့ ဝှေခါမြေပြိုမှုမှာတော့  နွံကန်ထဲကျပြီး သေဆုံးသွား သူတွေရဲ့ ရုပ်အလောင်းအများအပြားနောက်ပိုင်းမှာ ပြန်ပေါ်လာတာကြောင့် ရုပ်အလောင်း ၁၇ဝ ဝန်းကျင် ပြန်လည်ရရှိခဲ့ပါတယ်။ ဒါဟာ ကျောက်စိမ်းမြေ မတော်တဆဖြစ်ရပ်တွေထဲ ရုပ်အလောင်း အများဆုံး ပြန်လည် တွေ့ရှိရတဲ့ဖြစ်ရပ် ဖြစ်လာပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ KIA လှုပ်ရှားနယ်မြေဖြစ်တဲ့ ဖားကန့်မြို့ မြေပြိုသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက တင်းတင်းကျပ်ကျပ် လုပ်ကိုင်ချင်ပေမယ့်လည်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ ရှိတဲ့ဒေသဖြစ်နေတာကြောင့် မလွယ်ကူဘူးလို့ စိမ်းလန်း အမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ ပြောပါတယ်။

"အစိုးရကလည်း သူတတ်နိုင်သမျှတော့လုပ်တယ်၊ နိုင်ငံရေးအကျပ်အတည်းဖြစ်နေတော့ ဥပဒေစိုးမိုးမှ မလုပ်နိုင်တာ ဒီနယ်မြေကတည်ငြိမ်အေးချမ်းမှု မရှိဘူးလေ၊ လက်နက်ကိုင်တွေရှိနေတော့ကျတော့ စစ်ရေး အမြင်ကို ပိုအရေးကြီးတော့ အဲဒီဒေသရဲ့ နယ်မြေစိုးမိုးမှုမှာ တာဝန်အရှိဆုံးက တပ်မတော်က ဖြစ်နေတာပေါ့၊ စီမံခန့်ခွဲမှုကိစ္စတွေက စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်နေတာပေါ့လေ၊ ကုမ္ပဏီတွေကလည်း နယ်မြေ ထဲမှာ သြဇာအာဏာရှိတဲ့ လက်နက်ကိုင်တွေနဲ့ အကုန်လုံးအဆင်ပြေအောင်နေတော့ သူတို့ကလည်း တစ်ခု မဟုတ်တစ်ခု ဒီဥပဒေထဲကနေပြီးတော့ သူတို့ကိုယ်ကျိုးစီးပွားအတွက် လုပ်တဲ့ဟာတွေရှိတယ်၊ အစိုးရက မလုပ်နဲ့တားလည်း သူတို့ကလုပ်ပြီးတော့ မှောင်ခိုလမ်းကနေပြီးတော့ ခိုးထုတ်တာတွေကလည်းရှိနေ တာပဲလေ၊ ဒီလိုပြဿနာတွေက ရှုတ်ထွေးနေတဲ့အခါကျတော့ တကယ်ဖြစ်သင့် ဖြစ်ထိုက်တာကိုလုပ်ဖို့ ခက်တာပေါ့"

ဖားကန့်ကျောက်စိမ်းနယ်မြေမှာ  ကုမ္ပဏီတွေအများစုဟာ တရုတ်လုပ်ငန်းရှင်တွေ၊ ယခင် တပ်မတော် ခေါင်းဆောင် မိသားစုတချို့၊  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ပါဝင်ပတ်သက်နေတာကြောင့် အဲဒီနယ်မြေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ပိုကြီးမားနေတယ်လို့သူက သုံးသပ်ပါတယ်။

လုပ်ကွက်တွေမှာ လူပေါင်း ရာဂဏန်း သေဆုံးခဲ့တဲ့အမှုကို စစ်ဆေးရမယ့်အဖွဲ့မှာပါဝင်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်က ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူတွေထဲက တစ်ဦးအပါအဝင် ဖြစ်တဲ့အတွက် ကော်မတီကနေ နုတ်ထွက်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုထား ပါတယ်။

ကျောက်စိမ်းဒေသ နယ်မြေတည်ငြိမ်အေးချမ်းဖို့ လိုအပ်နေတယ်လို့ သုံးသပ်လာသူက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေပါ။

"အစိုးရကိုချည်းပဲ ပုံချနေလို့တော့ မရဘူး၊ ဘာကြောင့်လဲဆိုတော့ အစိုးရအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်၊ ခုနကပြောတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ စီးပွားရေး အာရုံစိုက်ရာနေရာဖြစ်နေတယ်၊ အသီးသီးကိုယ်ကျိုးစီးပွားတွေရှိနေတယ်၊ ဒီဒေသတွေမှာ နယ်မြေရဲ့လုံခြုံမှုနဲ့ ဒေသစိုးမိုးမှုကို ကိုင်တွယ်ရတဲ့အခါမှာ အခက်အခဲအများကြီးရှိတယ်၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းရဲ့ ညွှန်ကြားမှု အစိုးရအဖွဲ့ရဲ့ လုပ်ချင်ကိုင်ချင်တဲ့ အနေအထားတွေသည်  ထိရောက်သင့်သလောက် မထိရောက်ဘူးလို့ ကျနော်ကဒီလိုသုံးသပ်ချင်တယ်"

ဖားကန့်နယ်မြေက ကျောက်စိမ်းလုပ်ကွက်တွေကနေ နိုင်ငံတော်အတွက် အခွန်ငွေ အမြောက်အမြား ဆုံးရှုံးနေတယ်လို့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်လည်းဖြစ်တဲ့ ဦးသိမ်းဆွေက ပြောပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေကလည်း ရပ်ကွက် ခြောက်ခု ကျေးရွာအုပ်စု ၁၅ ခုရှိတဲ့ ဖားကန့်နယ်မြေရဲ့ အရိုးစွဲ အကျင့်တစ်ခုဖြစ်နေပြီး ဒီဒေသကို ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ချိန်မှာ ကုမ္ပဏီအချို့က ငွေကြေးလက်ဆောင်ပေးတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သူက ပြောပါတယ်။

လောလောဆယ် အစိုးရက  စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး မြေပြိုကျခဲ့တဲ့ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးဖို့၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ပေးဖို့ တာဝန်ပေးထားပါတယ်။

လက်ရှိဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုတွေမှာ အဖွဲ့အစည်းအသီးသီးက အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ လုပ်ကွက်တွေတူးဖော်လုပ်ကိုင်မှု၊  လာဘ်ပေးလာဘ်ယူမှု၊ မြေစာကို စည်းကမ်းမဲ့စွန့်ပစ်မှု စတဲ့အချက်တွေ တွေ့ရတယ်လို့ ဦးတင့်စိုးက ပြောပါတယ်။

"စည်းမဲ့ကမ်းမဲ့ကျင်းတွေလုပ်တယ်ဆိုတာလည်း ဒါလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်တာပေါ့၊ အဓိကပြောမယ်ဆိုရင် ဒီမှာတာဝန်အရှိဆုံးက မြန်မာ့ကျောက်မျက်ရတနာကော်ပိုရေးရှင်းပေါ့၊ သူတို့မှာလည်း လုံခြုံရေးဆိုတဲ့ကဏ္ဍကရှိနေပြန်ရော ကျနော်တို့ဆီမှာလည်း အစီရင်ခံစာတွေ အမြဲတမ်းရောက်နေတာပဲလေ၊ ဘယ်တပ်ဖွဲ့က ဗိုလ်ကြီးဘယ်သူတဲ့ ဘယ်တပ်ဖွဲ့က ဘယ်သူသွားပြီးစစ်တယ် စစ်တဲ့အခါ တကယ့်မြေပြင်မှာ ကျတော့ သွားတာဘာညာမရှိဘူး၊ ကြပ်မတ်မှုတွေကလည်း တော်တော်လေး အားနည်းတယ်ဆိုတာကို တွေ့ရတယ်၊  ဒီလိုကိစ္စတွေကျတော့ ကျနော်တို့ကလည်း လက်ဆုပ်လက်ကိုင်တော့ ပြောဖို့တော့ ခက် တာပေါ့"

မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာ လခူးချောင်ရပ်ကွက်က တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်းကျောက်စိမ်း လုပ်ကွက်မြေနေရာဖြစ်ပြီး ကုမ္ပဏီတွေကတော့ နားထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဖားကန့်မြို့မှာ အခုလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် နေပြီး ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ ဦးတင့်စိုးကပြောပါတယ်။  

ဒီလိုအခြေအနေမျိုးမှာ အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ပေးနိုင်မလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ကတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့အတွက် ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနဲ့ တပ်မှူး တစ်ဦးကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေဆိုပြီး အရေးယူခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"လုပ်ကွက်တွေနဲ့ ပတ်သက်ပြီးတော့ ပိတ်ထားတဲ့ဟာတွေရှိတယ်၊ မိုးတွင်းကာလ ပိတ်ထားတဲ့ဟာတွေ တခြားဒေသန္တရ လုံခြုံရေးပိုင်းဆိုင်ရာ  ထုတ်ပြန်ထားတဲ့ဟာတွေ ရှိပါလိမ့်မယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးကျ တော့ လုံခြုံရေး တာဝန်ယူထားတဲ့လူတွေမှာ သူတို့ကိုယ်တိုင် ချိုးဖောက်တဲ့လူတွေရှိနေတယ်၊ ချိုးဖောက်တဲ့ ကိစ္စတွေရှိနေတယ်၊ လိုက်နာမှုအားနည်းမှုတွေ ရှိတဲ့အတွက် သူ့မှာတာဝန်ရှိတဲ့အလျောက် လိုက်နာဖို့ ကန့် သတ်ဖို့ တားဆီးဖို့ တာဝန်တွေရှိမယ် သတင်းပို့တင်ပြဖို့ တာဝန်တွေရှိမယ် ဒါတွေအပေါ်  အားနည်းတဲ့ အတွက် ကျနော်တို့အနေနဲ့ အရေးယူဆောင်ရွက်မှုလုပ်ရမှာဖြစ်ပါတယ်။"

ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကျောက်စိမ်းလုပ်ငန်းက ရတဲ့ဝင်ငွေဟာ ၂ဝ၁၄ တနှစ်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံနဲ့ ညီမျှပြီး တနိုင်ငံလုံးရဲ့ တရားဝင် ကုန်ထုတ်တန်ဖိုး GDP ရဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

၁၉၉ဝ ပြည့်လွန် နှစ်တွေကစလို့ ကျောက်စိမ်းလုပ်ငန်းနဲ့ သယံဇာတလုပ်ငန်း အမြတ်အစွန်းတွေကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေက လက်ဝါးကြီးအုပ် ရယူ ပိုင်ဆိုင်ခဲ့ကြပြီး၊ ၂ဝ၁၄ ခုနှစ် တစ်နှစ်တည်းမှာတင် အကျိုးအမြတ် ဒေါ်လာသန်း ၂၂ဝ ရခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဖားကန့်နယ်မြေခံတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းစိုးက လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို လိုက်နာမှုရှိဘဲ စည်းကမ်းမဲ့တူးဖော်တာတွေများတယ်လို့ ပြောပါတယ်။

"လုပ်စိမ်းလုပ်ကွက်တွေကို စနစ်တကျ တူးဖော်ဖို့ စည်းနဲ့ကမ်းနဲ့ တူးဖော်ဖို့ ရေမဆေးတွေကလည်း အန္တရာယ် ရှိတဲ့နေရာတွေကို သတိထားပြီး မဝင်ဖို့ ကျောက်စိမ်းလုပ်ကွက်တွေကို ရွာတွေနဲ့ နီးတဲ့နေရာတွေမှာ ချပေးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့နောက်နောင်လည်း မချပေးဖို့ ပြောချင်ပါတယ်၊ ရေမဆေးသမားဆိုတာက ကျနော်လည်း ရေမဆေးဘဝက တက်ခဲ့တဲ့လူဆိုတော့ ရေမဆေးဆိုတာက ကျောက်ထွက်တဲ့နေရာကို ရှာကြ မှာပဲ၊ မိမိအသက်အန္တရာယ်နဲ့ နီးတာဝေးတာ အရေးမကြီးဘူး၊ ကျနော်တို့ကျောက်ရမှ မိသားစုစားဝတ်နေရေး အဆင်ပြေတာမျိုးတွေရှိတယ်ဗျ၊ ရေးမဆေးသမားတစ်ယောက်ကို မှီခိုနေတာက မိသားစုက ငါးဦး ခြောက်ဦး လောက်ရှိတယ်၊ ဒီကရမှပဲ မိသားစုစားဝတ်နေရေး အဆင်ပြေတာမျိုးတွေ တွေ့နေရတယ်"

လက်ရှိတူးဖော်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေဟာ NLD အစိုးရလက်ထက်မှာ ချထားတဲ့ လုပ်ကွက်တွေမဟုတ်ဘဲ အစိုးရအဆက်ဆက် ချပေးခဲ့တဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ မြေပြိုမှုကိစ္စကိုလည်း စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ အထွေထွေ အုပ်ချုပ်ရေးကိုပဲ မေးမြန်းသွားပြီး ဒေသခံတွေကို မေးတာမဟုတ်တဲ့အပေါ် ဘဝင်မကျဘူး လို့လည်း ပြောပါတယ်။  

စုံစမ်းဆေးမှုတွေ၊ အရေးယူတာတွေ အသီးသီးလုပ်ဆောင်သွားကြပေမယ့် လူပေါင်း ၁၀၀ ကျော်ရဲ့ အသက်တွေ ပြန်လည်မရှင်သန်နိုင်တော့ပါဘူး။ စုံစစ်ဆေးမှုတွေက ဖားကန့်ပြည်သူတွေအတွက် အမှန်တရားဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။