ဖားကန့်ဒေသ ဖြစ်ရပ်ဆိုးအတွက် အစိုးရရဲ့ဝမ်းနည်းကြောင်း ကြေညာချက်ကို မျှော်လင့်နေ
2020.07.03
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါးကျေးရွာမှာ ဇူလိုင် ၂ ရက်နေ့ မနေ့က မြေစာပုံ ပြိုကျမှုကြောင့် လူ နှစ်ရာ နီးပါး အစုလိုက်အပြုံလိုက်သေဆုံး ဒဏ်ရာရခဲ့တဲ့အပေါ် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှု အားနည်းတယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ဝေဖန်နေကြတာပါ။
ဒီဖြစ်ရပ်မှာ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းရကြောင်းနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းရှာဖွေမှုတွေမှာ တပ်မတော်သားတွေ ကူညီဆောင်ရွက်သွားမယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ချက်ချင်း ဆိုသလို ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့အစည်းတချို့၊ ပါတီတချို့က ထုတ်ပြန်တာတွေ အပြင် ကုလသမဂ္ ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကြေညာချက် ထွက်ပေါ်လာချိန်အထိ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ အဖွဲ့နဲ့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိတာကို စောင့်ကြည့်သူတွေက အားမလိုအားမရ ဖြစ်နေကြပါတယ်။
ပြည်သူနှင့်အတူလို့ ကြွေးကြော်ထားတဲ့ ပြည်သူ့အစိုးရက သေဆုံးသွားသူတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုမှုတွေ နှောင့်နှေးနေတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ မန္တလေးက ဝေဖန်ရေးဆောင်းပါးရှင် ဦးကျော်နိုင်ဝင်း (MDY) က ပြောပါတယ်။
"ထိုင်းနိုင်ငံမှာ ကလေးတွေ ၁၃ ဦး ဂူထဲပိတ်မိနေတော့ နိုင်ငံတော်အဆင့်နဲ့ ကူညီပေးဖို့ စာထုတ်ခဲ့တယ်။ ကိုယ့်နိုင်ငံမှာ လူ ၂၀၀ နီးပါး သေဆုံးတဲ့ကိစ္စမှာ နိုင်ငံတော်အဆင့်က ညွှန်ကြားတာ မတွေ့ရဘူး။ NLD အစိုးရက ပြည်သူ့မဲနဲ့ ပခုံးထမ်းတင်ခဲ့တာ သူတို့ကိုယ်တိုင်ကလည်း ပြည်သူနဲ့အတူလို့ ကြွေးကြော်ခဲ့တာလေ တပ်မတော်ကရော နိုင်ငံတကာ ဗြိတိန်ကရော ဝမ်းနည်းကြောင်း ပြောနေချိန်မှာ ကိုယ့်ပြည်သူတွေကို အစိုးရကလည်း ဝမ်းနည်းကြောင်း ဘယ်လို အရေးတကြီးဆောင်ရွက်နေတယ်ဆိုတာမျိုး မျှော်လင့်နေတယ်။"
လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုသက်ဆွေဝင်း က အစိုးရအပေါ် တော်တော် များများ ပြောဆိုမှုတွေရှိနေတာ တွေ့ရပြီး သူ့အနေနဲ့လည်း အစိုးရအပေါ် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
"လူတော်တော်များများလည်း ဒီကိစ္စကို ပြောနေတော့ ကျနော်အနေနဲ့ ပြောတောင်မပြောချင်ဘူး။ စိတ်ပျက်ဖို့ တော်တော်ကောင်းတယ်။ တပ်မတော်ကာကွယ်ရေးရုံးကတောင် ကြေညာချက်ထုတ်တယ်။ အစိုးရတစ်ခု လုပ်နေပြီး အင်မတန်နှောင့်နှေးတယ်။ ဒီအဖြစ်အပျက်အကြီးကြီး လူတွေအများကြီးသေတာ ဒါအစိုးရ စီမံခန့်ခွဲမှု ညံ့လို့ လိုအပ်လို့ ဒီလူတွေသေတာ ဒါရိုးရိုးသေတာမဟုတ်ဘူး။ ပြီးခဲ့တဲ့အခေါက်က တပ်ကလေယာဉ် ပျက်ကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြေညာချက်ထုတ်တာ တွေ့ရတယ်။ ပြည်သူတွေ အသက်က တန်ဖိုးမရှိဘူးလား ပြည်သူတွေကို ဘာများပြောဖို့ရှိလဲ ဒါတော်တော်သိချင်တယ်။ အခုထိလည်း ဘာမှ မပြောသေးဘူး။ စိတ်တော်တော်ပျက်မိပါတယ်။"
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဇူလိုင် ၃ ရက် ဒီနေ့ မနက်က အွန်လိုင်းစကားဝိုင်းတစ်ခုမှာ ဖားကန့်ကိစ္စဟာ နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စ တခုဖြစ်တယ်လို့ ထည့်ပြောခဲ့ပါတယ်။
"အားလုံးပဲသိတဲ့အတိုင်းပဲ ဝမ်းနည်းစွာနဲ့ ဖားကန့်ကိစ္စကို ကြားကြပြီးသား ဖြစ်မှာပါ။ ဖားကန့်ကိစ္စဟာ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်တယ်။ တစ်ခုကလည်း ကျမတို့အ ခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲနဲ့ပတ်သက်နေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်တယ်။ ဖားကန့်ကိုသွားပြီး ကျောက်တူးတယ် ဆိုတာ တော်တော်များက ဝမ်းစာအတွက် အသက်မွေးဝမ်းကျောင်းအတွက် သွားလုပ်တာဖြစ်တယ်။ အခု ကွယ်လွန်သွားတဲ့သူတွေထဲမှာဆိုရင် တရားမဝင်တူးနေတဲ့သူတွေလည်း တော်တော်များများ ပါပါတယ်။ တရားမဝင်သွားပြီးတော့ ကျောက်တူးနေတယ်ဆိုတာဟာ တရားဝင် အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ ကျမတို့နိုင်ငံမှာ အတိုင်းအတာတစ်ခုထိ ရှိနေတယ်ဆိုတာ ဖော်ပြနေတာပါ။ အဲဒါကတော့ လက်ခံရမယ့်၊ ရင်ဆိုင်ရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်"
ဒီလိုထည့်သွင်းပြောသွားတာကလွဲလို့ အစိုးရက ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်သလို တစ်ချိန်တည်းမှာပဲ လက်ရှိ အာဏာရပါတီ NLD က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးမယ့်ကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။
ဒီဝေဖန်ချက်နဲ့ ပတ်သက်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး မုံရွာအောင်ရှင်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကြေညာချက်ဟာ ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး မြေပြိုမှုကြောင့် သေဆုံးသူတွေကို လျစ်လျူရှုပြီး ကြေညာတာမျိုး မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
"မဲဆွယ်တဲ့ကိစ္စက ခုနပြောတဲ့ ဖားကန့်ကိစ္စကို လျစ်လျူရှုပြီး ထုတ်တာမဟုတ်ပါဘူး။ ဒါက စောစောထဲက စီစဉ်ထားလို့ စောစောထွက်သွားတာ ဒီကြေညာချက်က ။ နောက်တစ်ချက်က နေပြည်တော်မှာ CEC အစည်းအဝေးလုပ်နေတယ် ဒီနေ့အထိလည်း မပြီးသေးပါဘူး အဲ့ဒါကြောင့် နှောင့်နှေးသွားတယ်လို့ ထင်ပါတယ်။ ဒါကျနော်အမြင်ပေါ့။ မကြာခင်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီကရော အစိုးရအနေနဲ့ရော ဒါနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ တွေ့ပါလိမ့်မယ်။"
မြေပြိုမှုကြောင့် ရေစီးထဲ နုန်းတွေထဲ ပျောက်ဆုံးသွားသူ ၂၀၀ ကျော်တယ်လို့ မျက်မြင်တချို့ရဲ့ ခန့်မှန်း ပြောပြချက်တွေ ရှိပြီး အဲဒီထဲကမှ ဇူလိုင်လ ၃ ရက် ဒီနေ့ မနက် ၁၁ နာရီအချိန်အထိ ရုပ်အလောင်း ၁၆၅ လောင်းကို တူးဖော်ရရှိထားတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာပြည်အနှံ့က ဒေသခံတွေဟာ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ဖားကန့်ဒေသမှာ ရွှေ့ပြောင်းလုပ်ကိုင်ကြပါတယ်။ ဒီနေ့အထိ ရှာဖွေတွေ့ရှိထားတဲ့ သေဆုံးသူတွေထဲမှာ ရခိုင်တိုင်းရင်းသား ၆၆ ယောက် ပါတယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ထားပါတယ်။
တကယ်တမ်းဆိုရင် ဝမ်းနည်းကြောင်း ထုတ်ပြန်ရုံလောက်တင်မကဘဲ ဒီလိုဖြစ်စဉ်တွေ မကြာခဏရှိနေတဲ့ ဖားကန့်ဒေသက မြေစာပုံတွေ၊ ရေမဆေးသမားတွေအရေး ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်တွေ ထုတ်ပြန် ကြေညာသင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။
"လူသားချင်းစာနာစိတ်နဲ့လုပ်မယ်ဆိုရင် နှစ်ခုပြောလို့ရတယ်။ သက်ဆိုင်ရာ မြေပြိုရတဲ့ အကြောင်းအရင်းကို ကွင်းဆင်းပြီး ချက်ချင်း ခုံရုံးဖွဲ့စစ်ဆေးဖို့လိုတယ်။ ကုမ္ပဏီတွေကိုလည်း ဝှေခါ အပါအဝင် မှော်ဒေသ တစ်ခုလုံးကို စစ်ဆေးပြီး ကမ်းပါးရံတွေကို လှေကားထစ်လုပ်ဖို့လို ကြိုးစားသင့်တယ်။ သေဆုံးသွားတဲ့လူတွေရဲ့ ကျန်ရစ်သူတွေကိုလည်း ထိရောက်တဲ့ ဘဝရပ်တည်မှုရဖို့အတွက် ပြည်ထောင်စုအစိုးရ အပါအဝင် ပြည်နယ် အစိုးရ ကုမ္ပဏီအသင်းတွေက ထိရောက်အောင် ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။"
ဖားကန့် NLD ပါတီဥက္ကဋ္ဌ ဦးရွှေသိန်း ပြောသွားတာပါ။
လူရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီဖြစ်ရပ်အတွက် ဘယ်လိုစစ်ဆေးအရေးယူဖို့ စီစဉ်ထားလဲလို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို RFA က မေးမြန်းရာမှာ တော့ ရဲလုပ်ငန်းစဉ်တွေအရ စုံစမ်းစစ်ဆေးပြီးဖြစ်တယ်လို့ ဖြေသွားခဲ့ပါတယ်။
"စုံစမ်းစစ်ဆေးရေးက မနေ့က ဖြစ်ဖြစ်ချင်း သေမှုသေခင်းဆိုင်ရာ ရဲလုပ်ငန်းကလည်း ရဲလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးသွားပြီ။ ကျန်းမာရေးကလည်း ကျန်းမာရေးဆိုင်ရာပေါ့နော်။ သေဆုံးသွားတဲ့လူတွေ က မြေပြိုကျမှုကြောင့် သေဆုံးတာလား တစ်စုံတစ်ခုကြောင့်လား စီစစ်ပြီးပါပြီ။ ကျန်တဲ့ လုပ်ငန်းစဉ်တွေအနေနဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို ဖော်တယ်၊ ပိုင်ရှင်မဲ့အလောင်းတွေကို မြှုပ်နှံပေးမယ်၊ သေဆုံးသွားသူတွေအတွက် ထောက်ပံ့ရေးတွေ လုပ်နေပါတယ်။ ဒါကျနော်တို့ လုပ်နေတာပါ။"
ပြည်နယ်အစိုးရက သိန်းငါးရာ၊ တပ်က သိန်းငါးရာ၊ လုပ်ငန်းရှင်တချို့၊ အလှူရှင်တချို့ လှူဒါန်းတဲ့ ငွေကြေးအပြင် ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ စားသောက်ကုန်တွေကို သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအားလုံးကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
၂ဝ၁၆ ကနေ ပြီးခဲ့တဲ့ မေလအထိ ဖားကန့်ဒေသမှာ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ ၄၇၇ ဦး သေဆုံးခဲ့တယ်လို့ ဦးဒါရှီလဆိုင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။ မနေ့က မြေပြိုမှုကြောင့် ဒီနေ့ နေ့လယ်အထိ ရှာဖွေတွေ့ရှိထားတဲ့ သေဆုံးသူစာရင်းအရဆိုရင် လေးနှစ်အတွင်း စုစုပေါင်း ၇ဝဝ ဝန်းကျင် ရှိနေပါပြီ။
ဒီဒေသမှာ မြေပြိုမှုကြောင့် အဆိုးရွားဆုံး လူသေဆုံးမှု ဖြစ်ခဲ့တာက ၂၀၁၅ ခုနှစ်ကဖြစ်ပြီး လူဦးရေ ၁၁၀ ကျော် သေဆုံးခဲ့တာပါ။ အခုတော့ မနေ့က ပြိုကျမှုကြောင့် သေဆုံးသူဟာ စံချိန်တင်ဖြစ်လာပါပြီ။ ဖားကန့်ဒေသက ရေမဆေးသမားတွေအရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ဖြေရှင်းဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ ၂၀၁၈ ခုနှစ်ကတည်းက ဆွေးနွေးအဖြေရှာခဲ့ကြပေမယ့် ပီပီပြင်ပြင် အကောင်အထည်ပေါ်လာတာ မတွေ့ရပါဘူး။
ဒီကျောက်စိမ်းနယ်မြေမှာ အလားတူဖြစ်ရပ်တွေကြောင့် နှစ်စဉ်ဆိုသလို လူရာနဲ့ချီ သေဆုံးနေပေမယ့် အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှု မရှိတာက ဝေဖန်စရာဖြစ်နေပါတယ်။