ဖားကန့်မှာအသတ်ခံရတဲ့ကိုးဦးဖြစ်ရပ် အမှုမှန်အမြန်ပေါ်ဖို့ ကျန်ရစ်သူတွေမျှော်လင့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ရွာမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဒေသခံ ပြည်သူ ကိုးဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါတယ်။ အဲဒီနေ့က လဝါရွာက ခြံတစ်ခြံမှာရှိနေတဲ့ အဲဒီလူတွေကို KIA တပ်ရင်း (၂၀) နယ်မြေက တပ်ဖွဲ့ဝင်တွေနဲ့၊ မိုးကောင်း မြို့ပြပြောက်ကျားအဖွဲ့ UG Black K (PDF) အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအမှုကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ အမှုမှန်စုံစမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးနေတာ သုံးလနီးပါးရှိနေပေမယ့် အဖြေထွက်မလာသေးပါဘူး။ ဒါကြောင့် မြန်မြန်ဆန်ဆန် အမှုမှန်ပေါ်လာဖို့ ကျန်ရစ်သူ မိသားစုတွေက မျှော်လင့်နေကြပါတယ်။
သတ်ဖြတ်ခံရတဲ့သူတွေထဲမှာပါတဲ့ မိုးကောင်းမြို့နယ် လမ်းခွရွာက အသက် (၄၉) နှစ်အရွယ် ဦးယောဟန်ရဲ့ သမီးက အမှုမှန်လိုချင်တယ်လို့ပြောပါတယ်။
"ကျမတို့အဖေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာလည်း ပါဝင်တယ်။ ဘာသာရေး အသင်းတော်မှာလည်း အမျိုးသားဌာနရဲ့ ခေါင်းဆောင်။ ဘုရားကျောင်းတွေမှာလည်း စီးပွားရေးတာဝန်ခံအနေနဲ့ ပါဝင်ပြီးလုပ်ကိုင်နေတာ။ အသင်းတော်ကကျောင်းတွေမှာ လည်း ကူညီတယ်။ သူ့ကိုပြောလိုက်ရင် နည်းလမ်းပေါင်းစုံနဲ့ ကူညီတယ်။ တစ်ခါမှ မငြင်းဘူး။ ကျမတို့က အဖြေမှန်အမြန်လိုချင်တယ်။ အမှုမှန်ကိုလည်း အမြန် ပေါ်ပေါက်ဖို့ မျှော်လင့်တယ်။ နောက်ကွယ်က ဘယ်သူတွေက ဘယ်လိုမဟုတ်မမှန် သတင်းပေးပြီး သတ်ခိုင်းတာဆိုတာကိုလည်း သိချင်တယ်"
အရပ်ဘက်အမှုမှန်စုံစမ်းရေးကော်မရှင်ကို တာဝန်အပ်ထားတဲ့အတွက် ကော်မရှင်တွေ လည်း အကောင်းဆုံး အဖြေရအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ လမ်းခွရွာက အသက် (၄၉) နှစ် ဦးယောဟန်၊ မိုးညှင်းမြို့နယ်၊ ဆားမှော်ရွာက အသက် (၂၇) နှစ်အရွယ် မအင်ဒေါင်နန်လွမ် နဲ့ အသက် (၂၅) နှစ် အရွယ် မဖောင်မားခေါန်ဘူ၊ ဗန်းမော်မြို့က အသက် (၅၅) နှစ်အရွယ် ဦးလဇွမ်တူးလွမ့်၊ အသက် (၃၅) နှစ်အရွယ် လဇွမ်ထွယ်ရှောင်၊ အသက် (၅၀) အရွယ် ဦးမြင့်ထွေး၊ အသက်(၂၈) နှစ်အရွယ် ဦးထွန်းယုံ၊ ကိုဖိုးတုတ်နဲ့ အသက် (၅၀) အရွယ် ဦးကျော်စိုးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတော့ သတ်ဖြတ်မြှုပ်နှံထားတဲ့ရုပ်အလောင်းတွေကို လဝါးရွာနားက ခုနစ်ပေခန့်ရှိတဲ့ ကျင်းတစ်ကျင်းမှာ ခုနစ်လောင်း၊ နောက်ကျင်းတစ်ခုမှာ နှစ်လောင်းစီခွဲပြီး မြှုပ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ ရုပ်အလောင်းတွေကိုတော့ အဲဒီနေ့မှာပဲ လဝါးရွာမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ (၉) ဦးကိုသတ်ဖြတ်စီရင်လိုက်တဲ့အမှုမှာပါတဲ့ ၁၉ ဦးကို KIA တပ်မဟာ (၂) မှာ ဖမ်းထားပြီး စစ်ဆေးနေတယ်လို့ ကျန်ရစ်တဲ့မိသားစုဝင်တွေကပြောပါတယ်။
အမှုမှန်စုံစမ်းစစ်ဆေးရေးကော်မတီကို ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်မြို့နဲ့ နမ္မတီးမြို့တွေက အရပ်ဘက်အဖွဲ့ဝင် ၂၇ ဦးနဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
KIO အနေနဲ့လည်း အခုဖြစ်ရပ်ကို ပေါ့ပေါ့တန်တန်မလုပ်ဖို့ လိုတယ်လို့ အမည်မဖော်လိုတဲ့ အမှုမှန်စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ (KIO) ဘက်က ကျနော်တို့အရပ်ဘက်က ဖွဲ့စည်းထားတဲ့ကော်မရှင်နဲ့ ပူးပေါင်းရအောင်ဆိုပြီး သူတို့မေတ္တာရပ်ခံတယ်ဆိုပြီးပြောတယ်။ အခုက အဲလိုမျိုး အနေအထားမရှိဘူး။ ဒီစုံစမ်းမှုရဲ့ ဖြစ်စဉ်တစ်ခုတိုင်းကို ပြန်ပြီး သူတို့နဲ့ အချိတ်အဆက် လုပ်ရတယ်။ အဆက်အသွယ်လုပ်ရတယ်။ ဒါက တော်တော် စဉ်းစားစရာ ဖြစ်လာတယ်။ ကေအိုင်အို (ဗဟို) တာဝန်ရှိသူတွေကလည်း ဒီကိစ္စကို ပေါ့ပေါ့တန်တန် မထားပါနဲ့လို့။ ဒီကိစ္စ ပေါ့ပေါ့တန်တန်နဲ့ အဆုံးသတ်မဲ့လမ်းကြောင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်တာ က ကောင်းပါလိမ့်မယ်လို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် အခုဒီအမှုကိစ္စကို ပေါ့ပေါ့ဆဆ ဆုံးဖြတ်ခဲ့ရင် ပိုပြီးရှုပ်ထွေးလာလိမ့်မယ်။ အများကြီး ပြဿနာ ဖြစ်လာနိုင်တယ်"
အတူတွေ့ဆုံပြီး စစ်ဆေးရသမျှတွေကို ဖလှယ်ဆွေးနွေးဖို့ ချိန်းထားတဲ့ရက်တွေ ကြာပြီဖြစ်ပေမယ့် အဖြေမှန် မရှာနိုင်သေးတဲ့အပေါ် KIO စုံစမ်းရေးအဖွဲ့ကို သံသယဝင်လာဖွယ်ရှိတယ်လို့ ပြောပါတယ်။
KIA တပ်မဟာ (၂) က ဒီအမှုကိုအဓိကစစ်ဆေးနေပြီး ရလဒ်တွေကိုလည်း ဗဟိုကို တင်ပြနေတယ်လို့ ပြောပါတယ်။ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အစီရင်ခံစာ မပြည့်စုံသေးတဲ့အတွက် စိစစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
"စိစစ်ရေးအဖွဲ့တွေက တချို့တွေက တော်တော်များများကတော့ သူတို့ရဲ့ report (အစီရင်ခံစာ) တွေ တင်ကြပြီ။ ဒါပေမဲ့ မပြည့်စုံသေးလို့ ပြန်ပြီးမှ စိစစ်နေဆဲပဲ ဖြစ်ပါတယ်။ အဖြေကတော့ အခုမထွက်သေးဘူးပေါ့။ ခိုင်မာတဲ့ ဒေတာ (အချက်အလက်) တွေကို ပြန်ပြီးစုနေတဲ့အချိန် ဖြစ်ပါတယ်။ မပြီးသေးဘူး။ စစ်ဆေးတဲ့နေရာမှာ လူတချို့က နည်းနည်းရှာလို့ခက်တဲ့အပိုင်းတွေပါတယ်လို့ ပြောကြပါတယ်။ သူတို့ကိုရှာပြီး စောင့်ပြီး စစ်ဆေးတယ်လို့ ပြောကြပါတယ်။ အဲဒါနည်းနည်းကြာသွားတာပေါ့။ အခုလောလောဆယ်တော့ စစ်ဆေးတာ မပြည့်စုံသေးလို့ပါ။ ဒါပေမဲ့ ပြည်သူလူထုတွေ၊ မိသားစုတွေကို ကျနော်တို့ ရှင်းပြနိုင်တဲ့ အထိတော့ ကြိုးစားနေပါတယ်။ စိတ်ရှည်လက်ရှည်နဲ့စောင့်ပေးဖို့တော့ ကျနော် ပြောလိုပါတယ်"
"နောက်နောင်ကျရင် ဒီလိုအဖြစ်မျိုးဖြစ်မလာအောင် ကျနော်တို့က သေသေချာချာစုံစမ်းပြီး အမှန်တရား ပေါ်ပေါက်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်ဗျ"
သတ်ဖြတ်ခံလိုက်ရတဲ့အထဲမှာပါတဲ့ ဗန်းမော် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဂျေအင်းနယ်က ဘုရားကျောင်း ဆောက်လုပ်ရေးကော်မတီခေါင်းဆောင်ဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးလဇွပ်တူးလွမ့်နဲ့ နီးစပ်သူတစ်ဦးကလည်း အခု နှစ်လပြည့်တဲ့အချိန်အထိ ဝမ်းနည်းကြောင်းတောင် ထုတ်ပြန်တာမရှိသေးဘူးလို့ ပြောပါတယ်။
"အခုနှစ်လပြည့်တဲ့အချိန်မှာ ကျနော်တို့ကိုခေါ်ယူပြီးမှ ဆွေးနွေးအဖြေရှာတဲ့အပိုင်း လည်း အခုထိမရှိ သေးဘူး ပေါ့နော်။ ပြီးတော့ ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေဘက် ကိုလည်း အကြောင်းကြားတဲ့၊ တစ်စုံတစ်ရာ ဝမ်းနည်းစကားပြောတဲ့ဟာတွေလည်း အခုထိမရှိသေးဘူးပေါ့နော်။ ပြောရမယ်ဆိုရင်တော့ အလောင်းပေးတယ်လို့ အဲဒီဟာပဲရှိတာပေါ့။ ကျနော်တို့ဆီမှာ ရယူထားတဲ့ သတင်းအချက်အလက်တွေလည်း ရှိပါတယ်။ နောက်နောင်ကျရင် ဒီလိုအဖြစ်မျိုးဖြစ်မလာအောင် ကျနော်တို့က သေသေချာချာစုံစမ်းပြီး အမှန်တရား ပေါ်ပေါက်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်ဗျ"
သုံးလနီးပါးကြာလာတဲ့အထိအမှန်တရားမပေါ်သေးတဲ့အတွက် ဒီအမှုက အမှုမှန် ပေါ်နိုင်ပါ့မလားဆိုပြီး သံသယတွေဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။
မဟုတ်မမှန် စွပ်စွဲပြီးသတ်လိုက်တာကြောင့် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးဖို့ နစ်နာသူ မိသားစုဝင်တွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။