ထန်တလန်မြို့မှာ အိမ်ခြေ ၂၀၀၀ ကျော် အနက် ၅၀၀ ကျော် မီးလောင်ဆုံးရှုံး

2021.12.08
ထန်တလန်မြို့မှာ အိမ်ခြေ ၂၀၀၀ ကျော် အနက် ၅၀၀ ကျော် မီးလောင်ဆုံးရှုံး ချင်းပြည်နယ် ထန်တလန်မြို့မှာ ၂၀၂၁၊ ဒီဇင်ဘာ ၅ ရက်နေ့က မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကို တွေ့ရစဥ်
Photo: Chin News Journal

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ ကနေ ဒီဇင်ဘာ ၈ ရက် ဒီနေ့အထိ အချိန် လေးလအတွင်း မီးရှို့ခံရမှု ၁၃ ကြိမ်မှာ ဘုရားကျောင်း ငါးကျောင်းနဲ့ နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ ထန်တလန်မြို့ လူနေအိမ်တွေရဲ့ လေးပုံတစ်ပုံ အရေအတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အိမ်တွေကို မီးရှို့တာဟာ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန် ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်က သူတို့ ကြိုက်တဲ့ နေရာကိုသွားပြီးတော့ မီးရှို့တယ်။ ဘာမှ အပြစ်မှမရှိတဲ့ ပြည်သူလူထု အိမ်ကို အခုအိမ်ခြေလေးရာ ငါးရာကျော် မီးရှို့တယ်ဆိုတာ အဓိပ္ပာယ်ကိုမရှိဘူး။ ဒါတွေက ကျွန်တော်တို့အိမ်ကို တမင်သက်သက် မီးရှို့ခံတာ။ ဒါက လူမဆန်ဘူးလို့ ပြောချင်တယ်။ အရမ်းကိုပြန်ချင်တယ်။ အိမ်က မီးလောင်ပေမယ့် မီးလောင်ထားတဲ့ဟာကို သန့်ရှင်းရေးလုပ်ပြီးတော့ မိုးကာတဲနဲ့ပဲနေမယ်၊ ပြန်မယ်၊ ဒါပဲ”

မြို့ခံတွေ အားလုံးကတော့ မီးရှို့ခံရမှု ပထမဆုံးဖြစ်ပွားတဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မြို့ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ထန်တလန်မြို့မှာ ဟားခါးမြို့အခြေစိုက် ခလရ- ၂၆၉ နဲ့ ၂၂၂ အပါအဝင် တပ်မ - ၁၁ က စစ်ကောင်စီ တပ်သားတွေက မြို့ကို အပေါ်စီးကနေ မြင်ရတဲ့ တောင်ကုန်းပေါ်မှာ နေရာယူထားတယ်လို့ ထန်တလန် CDF အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ဒဏ်ရာရတာ၊ သေဆုံးတာရှိတဲ့အခါမှာ စစ်ကောင်စီတပ်သားတွေဟာ မြို့ကလူနေအိမ်တွေကို မီးရှို့တာကြောင့် အခုလို အကြိမ်ကြိမ်မီးလောင်နေရတာလို့ ထန်တလန် CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“မီးလောင်မှု ခဏခဏ ဖြစ်တယ်ဆိုတာက သူတို့ဘက်က အကျအဆုံး နည်းနည်းများမယ်ဆိုရင် အိမ်မီးလောင်တဲ့ အရေအတွက် ပိုများလာတယ်လို့ ကျွန်တော်တို့ယူဆတယ်။ ပြည်သူတွေရဲ့ မှီခို အားထားလို့ရတဲ့ အရာတစ်ခုက အိမ်လို့ပြောလို့ရတာပေါ့။ ဒီဟာကို တမင်သက်သက် မီးရှို့တာတို့ ဘာတို့ကတော့ တော်တော်လေး ကန့်ကွက်ပါတယ်။ ဒီကိစ္စအပေါ်မှာ ကျွန်တော်တို့ CDF ထန်တလန် ကလည်း ကြိုတင်ပြင်ဆင်မှု အဟန့်အတား လုပ်နိုင်အောင်ပေါ့နော်။ သူတို့ကို ဒီမြို့ကနေ တိုက်ထုတ် နိုင်ဖို့လည်း ကျွန်တော်တို့ အခုကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်တာပေါ့။ အင်နဲ့အားနဲ့ပေါ့”

ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က အင်အားသုံး စစ်ဆင်ရေးလုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ နေအိမ်တွေ၊ ဘုရားကျောင်းတွေ မီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာတွေရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

"ဒါတွေက ကျွန်တော်တို့အိမ်ကို တမင်သက်သက် မီးရှို့ခံတာ။ ဒါက လူမဆန်ဘူးလို့ ပြောချင်တယ်။"

ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာငွန်ထောင်းမာန်က ချင်းပြည်နယ်မှာ ထန်တလန်မြို့က ဘုရားကျောင်း ငါးကျောင်းအပါအဝင် ဖျက်ဆီးခံရတဲ့ ဘုရားကျောင်းဟာ ၁၁ ကျောင်း ရှိနေတယ်လို့ ပြောပါတယ်။

“တပ်စွဲတာ ဖျက်စီးတာနဲ့ မီးရှို့တာ အကုန်းလုံးပေါင်းရင်တော့ ၁၁ ကျောင်းလောက်ရှိနေပြီ။ ထန်တလန်က အသင်းတော်ဆရာ တစ်ပါးကိုတော့ သတ်ပစ်တာ တစ်ပါးရှိတယ်။ မတူပီမှာလည်း တစ်ပါးဖမ်းပြီးမှ အခုထိ ဘာမှမသိတော့ဘူး။ အသက်တော့ ဆုံးရှုံးသွားပြီလို့ မှတ်တမ်းတင်ထားတယ်။ ဘာသာရေး ပဋိပက္ခအသွင် လည်း ဆောင်နိုင်တယ်ပေါ့။ ဖြစ်ဖို့ လည်းများတယ်။ ဒါပေမဲ့ ဖြစ်ရင်လည်း ဘယ်လိုအနေအထားရှိမလဲ ဆိုတာကပြောလို့ မရဘူးနော်”

နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်ဆိုတဲ့ ပြောဆိုချက်ကို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

htantalan fire
(ချင်းပြည်နယ် ထန်တလန်မြို့မှာ ၂၀၂၁၊ နိုဝင်ဘာ ၂၇ ရက်နေ့က မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကို တွေ့ရစဥ်) Photo: Chin News Journal

ဒါဟာ တပ်မတော်ကို ပြောင်းပြန်စွပ်စွဲတာ ဖြစ်တယ်လို့ လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

"ထန်တလန်မြို့ထဲမှာဆို လူ မရှိသလောက် ဖြစ်နေတယ်။ CDF အမည်ခံအဖွဲ့တွေ၊ PDF အမည်ခံ အဖွဲ့တွေပဲ ရှိတယ်။ ကင်းအဖွဲ့တွေ ပစ်ခတ်တယ်။ လှည့်ကင်းအဖွဲ့တွေ ပစ်ခတ်တယ်။ ပစ်ခတ်ပြီးမှ တပ်ကနေ လုံခြုံရေးအရ လိုက်လံဆောင်ရွက်တဲ့အခါမှာ မီးရှို့ပြီး ထွက်ပြေးတာတွေ လုပ်တယ်။ သူတို့ လက်တွေ့ လုပ်ဆောင်နေတဲ့ အလုပ်တွေကို တပ်မတော်ကိုလွှဲချပြီး ပြောင်းပြန်ပြောဆိုခြင်း ဖြစ်တယ်လို့ ပြောချင်ပါ‌တယ်"

ဒါပေမဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကတော့ နေအိမ်တွေ မီးရှို့ခံရတာဟာ စစ်တပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“ထန်တလန်မြို့သူ မြို့သားတွေက ပြန်ဖို့လည်းအိမ်မရှိတော့ဘူး။ ဒီလိုမျိုး လုပ်ရပ်ဟာဆိုလို့ရှိရင် ဆိုးရွားတဲ့ လူ့အခွင်အရေး ချိုဖောက်မှုဖြစ်တဲ့အပြင် စစ်ပိုင်းဆိုင်ရာဇဝတ်မှုကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ လူသားချင်စာနာမူမရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်ရပါတယ်။ ဒါတွေကို တရားစွဲဆိုမူတွေ လုပ်မယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ဒါကိုလုပ်ရမှာဖြစ်ပါတယ်”

ထန်တလန်မြို့မှာ နေအိမ်တွေ အကြိမ်ကြိမ် မီးရှို့ခံနေရဆဲဖြစ်ပေမယ့် မြို့ကို စွန့်ခွာထွက်ပြေး တိမ်းရှောင် နေရတဲ့ မြို့ခံတွေကတော့ ထန်တလန်မြို့ကို လုံခြုံအေးချမ်းလာပြီး နေရပ်ပြန်နိုင်ဖို့အတွက်ကိုပဲ မျှော်လင့် နေကြတယ်လို့ ပြောကြပါတယ်။

နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုအပေါ် ပြည်တွင်း၊ ပြည်ပက ပြစ်တင်ရှုတ်ချနေကြပေမယ့်လည်း မီးရှို့ဖျက်ဆီး မှုတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။