ရောင်းစားခံရတဲ့ ကလေးနှစ်ယောက်အမေ တရုတ်ကိုယ်ဝန်နဲ့ အိမ်ပြန်ဖို့ခက်နေ


2019.10.09
human-trafficking-622.jpg မူဆယ်မြို့က လူကုန်ကူးမှုကာကွယ်တားဆီးရေး သတိပေးထားသည့် ပိုစတာတစ်ခု။
Photo: RFA

■ မိသားစု ရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တရုတ်ပြည်မှာ အလုပ်လုပ်ဖို့ သွားရာက အရောင်းစားခံရတဲ့ အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတဦးဟာ စက်တင်ဘာလကုန်က မြန်မာပြည်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ငါးလ ပါလာပြီး မိသားစုဆီကို ပြန်ဖို့  အခက်အခဲဖြစ်နေတဲ့ သန်လျင်မြို့က ကလေးနှစ်ယောက် အမေတဦး ကြုံတွေ့ရတဲ့ ရင်နင့်စရာ အဖြစ်ပါ။

အဲ့ဒီရောင်းစားခံရတဲ့မိန်းကလေးကို သန်လျင်မြို့မှာ သိကျွမ်းခဲ့တဲ့ အမျိုးသမီးတဦးက တစ်လ ကျပ် ၃သိန်း လောက်ရမယ့် အလုပ်ရှိတယ်ဆိုပြီး တရုတ်နယ်စပ် မူဆယ်မြို့ကို ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲ့ဒီကမှ တဆင့်ပြီး တဆင့် တရုတ်ပြည်ထဲက မြို့တမြို့ကို ရောက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်မြို့ဆိုတာတော့ မသိခဲ့ဘူးလို့ ပြောပါတယ်။

“ ကုန်ကားကြီးနဲ့ ခေါ်သွားတာ။ ညနေ ၄ နာရီလောက်က သွားတာ ၅နာရီလောက်က ရောက်တယ်။ ဘယ်မြို့ဆိုတာတော့ မသိပါဘူး။ အဲ့ဒီမှာ ၈လလောက် နေတယ်။ စကားတွေဘာတွေလည်း မသင်ပေးဘူး။ ကိုယ်ဝန်မရမချင်း ခိုင်းတယ်။ ကိုယ်ဝန်လည်းရလည်းရရော ဆေးတွေ သောက်ရတယ်။ ၃လလောက်နေတော့ ထွက်ပြေးလာတာ။ ပထမတခေါက်က ထွက်ပြေးတာပြန်မိတယ်။ သူတို့က ရိုက်တယ်ပေါ့နော်။ နောက်တခေါက် နေ့ဘက်ပုန်းပြီး ညဘက်ထွက်ပြေးတာ။ ဘူတာကိုရောက်တော့ ရဲတွေကို မှတ်ပုံတင်ပြပြီး မြန်မာမြန်မာဆိုပြီး ပြောပြီး ပြေးလာတာ” လို့ ပြောပါတယ်။

တရုတ်ရဲက သူ့ကို ခေါ်သွားပြီးစစ်ဆေးတဲ့အခါမှာ သူ့မှာ မြန်မာမှတ်ပုံတင်ကလွဲပြီး ဘာ အထောက်အထားမှ မရှိတာနဲ့ တလခွဲလောက် အချုပ်ခံရပါတယ်။ အဲ့ဒီနောက်မှာတော့ မှုဆယ်ကို ပြန်ပို့ခဲ့တာပါ။

“ သူတို့ ရွှေလီအထိလာပို့တယ် ရွှေလီက ဗမာရဲဘက်ကိုအပ်တာ”

သတင်းထောက်- “ညီမကို ခေါ်ထားတဲ့သူတွေကို အရေးယူတာရှိလား”

“သူတို့ကမေးတယ်လေ။ ရပ်ကွက်တွေဘာတွေမေးတော့ နေရာမသိဘူး။ တရုတ်စကားမတတ်လို့”

အခုလို အိမ်ထောင်ရှင်တဦးလည်းဖြစ် ခင်ပွန်းသည်လည်းရှိပေမယ့် ဘာကြောင့်များ စွန့်စားပြီး တရုတ်ပြည်ကိုသွားရတာပါလဲ။

“ စီးပွားရေးအဆင်မပြေလို့ အမျိုးသားက အလုပ်မလုပ်နိုင်တော့ဘူး ကျန်မာရေးမကောင်းဘူး။ ဆေးရုံတွေတက် အလုပ်မလုပ်နိုင်ဘူး။ သမီး ၁ဝတန်း ကျူရှင်ဘိုးကလည်းရှိတော့ စိတ်တွေညစ်ပြီး ငါ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်လာတာ”

လက်ရှိမှာတော့ အိမ်ပြန်ဖို့အရေးမှာ ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ ဆုံးဖြတ်ရခက်တယ်လို့ ပြောပါတယ်။

“ အဲ့ဒါကိုပြောတာပေါ့။ ညီမလည်း ကြောက်နေတယ်။ ခုပဲ ၆လ လောက်ဖြစ်နေပြီ ပြန်ဖို့ကတော့ နည်းနည်းဒုက္ခရောက်နေပြီ”

ခုလို ယုံလွယ်မိလို့ ရောင်းစားခံရတယ်ဆိုတဲ့ သတင်းတွေ မကြာခဏထွက်ပေါ်နေပေမယ့် တရုတ်ပြည်ကိုသွားတဲ့ အမျိုးသမီးတွေကတော့ လျော့ကျသွားတာ မတွေ့ရပါဘူး။

“ ချစ်သူရည်းစားတွေကနေ ရောင်းစားတာမျိုးတွေ ရှိသလို Facebook ပေါ်မှာတွေ့ပြီး တရုတ်ပြည်မှာ အလုပ်လုပ်ရင် ဘယ်လောက်ရမယ် ဘာညာပြောပြီး ပါသွားတာတွေများပါတယ်။ သူတို့ရဲ့ လတ်တလောအခြေအနေတွေကို ဖြေရှင်းချင်လို့လည်း သွားတာတွေရှိပါတယ်။ ဟိုရောက်ခါမှ ဒုက္ခတွေရောက်ကြတာပါ။ ပြန်ပြေးလာသူအများစုကတော့ ပိတ်လှောင်ခံရသူတွေ များပါတယ်” လို့ မူဆယ်မြို့လူမှုဝန်ထမ်း စောင့်ရှောက်ရေးစခန်းက ဒေါ်ရီရီချိုကပြောပြပါတယ်။

မူဆယ်မြို့ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးကျော်ညွန့်ကလည်း…

“ တရုတ်အမျိုးသားနဲ့ လိမ်လည်လက်ထပ်တဲ့ အမှုတွေဟာ လျော့ကျလာတာမရှိပါဘူး။ အမှတ်၁၇ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့စု (မှုဆယ်) ကနေ ၂ဝ၁၈ ခုနှစ်အတွင်းမှာ အမှုပေါင်း ၄ဝ ဖော်ထုတ်နိုင်ခဲ့ပြီး ဒီအမှုတွေ ကျူးလွန်တဲ့ တရားခံ ကျား ၃၂ ဦး မ ၈၁ ဦး ကို အရေးယူနိုင်ခဲ့ပါတယ်။ လူကုန်ကူးခံရသူ ၅၈ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂ဝ၁၇ ခုနှစ်မှာ တရုတ်ပြည်ကို လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီး ၂၂၆ ယောက်ရှိခဲ့ပြီး လူမှုဝန်ထမ်းဌာနရဲ့ စာရင်းတွေအရကတော့ တရုတ်ပြည်ကနေ နှစ်စဉ်ပြန်လာတဲ့ အမျိုးသမီးကတော့ ၁ဝဝ နဲ့ ၂ဝဝ ကြားမှာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။  မြန်မာနိုင်ငံက ဒီအခြေအနေအပေါ်မှာ အမေရိကန်အစိုးရက ရူမြင်တာက မြန်မာနိုင်ငံက လူကုန်ကူးမှုတားဆီးရေးဟာ အနိမ့်ဆုံးဖြစ်တဲ့ အဆင့် ၃ မှာ ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။