ဝဒေသ တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာလူငယ် ၁၉ ဦး ရောင်းစားခံထားရ

RFA Burmese
2022.12.20
ဝဒေသ တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာလူငယ် ၁၉ ဦး ရောင်းစားခံထားရ ရှမ်းပြည်နယ် မိုင်းပေါက်မြို့မှ တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုတွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသားများနေထိုင်ရာ အဆောက်အအုံအနီးဝန်းကျင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိုင်းပေါက်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာနိုင်ငံသား ၁၉ ဦး ရောင်းစားခံထားရတယ်လို့ ကာယကံရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“အခုနက အစ်မပြောသွားတယ်လေ ပွဲစားတွေက ကျနော်တို့ကို ရောင်းသွားတယ်လို့ ပြောတယ်နော်”

“အေး ဟုတ်တယ်လေ၊ ပွဲစားက နင်တို့ကို ခေါ်လာတာ”

“ဒါပေမဲ့ စာချုပ်ချုပ်တုန်းက ပွဲစားတွေက ကျနော်တို့ကို ရောင်းသွားတယ်ဆိုတာ အစ်မတို့ မပြောဘူး”

“ပွဲစား နင်တို့ကို ခေါ်လာတာ၊ ငါတို့က နင်တို့ တစ်ယောက်ကို ၁၇၀၀၀ (ယွမ်) ပေးတယ်၊ နင်တို့ မသိဘူးလား”

“မသိဘူး၊ ကျနော်တို့ ဘာမှ မသိဘူး”

“နင်တို့ လူ ၁၉ ယောက်လုံးအတွက် ငါတို့ လေးသိန်းကျော်တောင် သူတို့ကို ပေးလိုက်ပြီ”

ဒါကတော့ UWSA ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ထိန်းချုပ်ရာ မိုင်းပေါက်မြို့နယ်က တရုတ်လုပ်ငန်းရှင်ပိုင် ငွေလိမ်ဂိုဏ်းတစ်ခုမှာ ရောင်းစားခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်ရှင်ကြား အပြန်အလှန် ပြောဆိုနေကြတာပါ။

ပွဲစားကတစ်ဆင့် ရောင်းစားခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား ၁၉ ဦးထဲက တစ်ဦးရဲ့ မိသားစုဝင်က ဒီအသံဖိုင်ကို RFA ကို ပေးပို့လာတာပါ။

"ဒီကုမ္ပဏီက တရားဝင် မဟုတ်တော့ ဆိုင်းဘုတ်မတတ်ထားဘူးဗျ"

ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ အနည်းငယ်တတ်ရင် ဝဒေသမှာ နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အလုပ်အတွက် တစ်လကို တရုတ်ယွမ်ငွေ ၅,၀၀၀၊ မြန်မာငွေ ၁၅ သိန်းကျော် ရမယ်လို့ ပွဲစားကပြောတာကြောင့် သူငယ်ချင်းတွေနဲ့အတူ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ဒီငွေလိမ်ဂိုဏ်းကို ရောက်လာတာလို့ လူငယ်တချို့က ပြောပါတယ်။

မိုင်းပေါက်မြို့ကို ရောက်ချိန်မှာတော့ လုပ်ရတဲ့အလုပ်က ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စတဲ့ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် နိုင်ငံခြားသားတွေကို အဓိက ပစ်မှတ်ထားပြီး ငွေလိမ် ရတဲ့အလုပ်ဖြစ်နေတာကြောင့် မလုပ်ချင်ဘဲ နေရပ်ပြန်ဖို့ ပြောချိန်ကျမှ ပွဲစားကတစ်ဆင့် သူတို့ ရောင်းစားခံရတာကို သိရတာလို့ လောလောဆယ် မိုင်းပေါက်မြို့ပေါ်က ဝ-အုပ်ချုပ်ရေးရုံးအနီး အဆောက်အအုံတစ်ခုမှာ ပိတ်လှောင်ခံထားရသူ လူငယ်တစ်ဦးက ပြောပါတယ်။

“အစမ်းခန့် ခုနစ်ရက် ရှိတယ်ဗျ။ အစမ်းခန့် ခုနစ်ရက်မှာ ကျနော်တို့က လုပ်ငန်းလုပ်လို့ အဆင်မပြေတော့ဘူး လုပ်လည်းမလုပ်ချင်တော့ဘူးဆိုပြီး မိုင်းပေါက်မြို့မှာရှိတဲ့ ပွဲစားမ ကို ဖုန်းပြန်ဆက်လိုက်တာ။ ဒီကုမ္ပဏီက ပိုက်ဆံယူထားတာ ငါတစ်ယောက်တည်း ယူထားတာ မဟုတ်ဘူးတဲ့။ တခြာသူတွေလည်း ရှိသေးတယ်တဲ့။ မင်းတို့ကို ငါပြန်လာ မထုတ်ပေးနိုင်ဘူးဆိုပြီး ကျနော်တို့ကို အဲလိုပြောတာဗျ။ ပွဲစားနဲ့ ကုမ္ပဏီကြားမှာ ပိုက်ဆံယူသွားတဲ့ဟာလည်း ကျနော်တို့ လုံးဝမသိရဘူး။ အဲနေ့ အလုပ်ထွက်မယ်ဆိုမှပဲ ကျနော်တို့ သိလိုက်ရတာ၊ ကျနော်တို့ကို ရောင်းစားသွားတယ်ဆိုတာမှန်း။ ဒီမှာကျတော့ ကျားဖျန့်အလုပ်ဗျ၊ တရားမဝင်တဲ့ အလုပ်ဗျ။ ဒီကုမ္ပဏီက တရားဝင် မဟုတ်တော့ ဆိုင်းဘုတ်မတတ်ထားဘူးဗျ။ နိုင်ငံခြားသားကို ငွေလိမ်ခိုင်းတာပေါ့ဗျာ။ ပိုက်ဆံသွင်းတဲ့ အထိ လိမ်ခိုင်းတယ်ဆိုတော့ ကျနော်တို့က မလုပ်ချင်တော့ဘူး”

အရင်က သူတို့ကို မိုင်းပေါက်မြို့နယ် ခိုင်ပါချိမြို့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ အလုပ် လုပ်ခိုင်းခဲ့တာပါ။

မလုပ်ချင်ကြောင်း ပြောတဲ့အခါ ပြဿနာကိုဖြေရှင်းပေးမယ်ဆိုပြီး အခုပိတ်လှောင်ခံထား ရတဲ့ မိုင်းပေါက်မြို့ မြို့နယ်အုပ်ချုပ်ရေးရုံးအနီးက အဆောက်အအုံတစ်ခုထံ ပြန်ပို့လိုက် တာလို့ နောက်ထပ် လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“ဘာလို့ အလုပ်မလုပ်တာလဲဆိုတော့ သူတို့က ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတာတွေ ရှိတယ်ဗျာ။ ဟိုဘက် ကုမ္ပဏီကနေ ဒီဘက်ကုမ္ပဏီကို ခေါ်လာတာ ပြဿနာရှင်းဖို့ဆိုပြီး ခေါ်လာတာ။ ဒီဘက်ကျတော့ ကျနော်တို့ကို အလုပ်လုပ်ခိုင်းတယ်။ အဲဒါနဲ့ ကျနော်တို့ လည်း အလုပ်မလုပ်ဘူး။ သူတို့ဘက်က စာချုပ်ဖောက်ဖျက်ထားတာတွေလည်း ရှိတယ်ဗျာ။ အဲဒါတွေကျတော့ ဘာမှ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး”

သူတို့ ၁၉ ဦးမှာ ရှမ်းပြည်နယ် သီပေါမြို့က သုံးဦး၊ ကျောက်မဲမြို့က သုံးဦးဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်၊ မကွေး၊ ပဲခူး၊ သာယာဝတီ၊ မန္တလေး၊ ဧရာဝတီတိုင်း မြန်အောင်နဲ့ အင်္ဂပူမြို့တွေက ဖြစ်ပါတယ်။ သူတို့အထဲမှာ အမျိုးသမီး ခြောက်ဦး ပါဝင်ပြီး အများစုက အသက် ၂၀ ဝန်းကျင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်မလုပ်ချင်ရင် တစ်ဦးကို တရုတ်ယွမ် ၁၇,၀၀၀ မြန်မာငွေ ကျပ်သိန်း ၆၀ ဝန်းကျင် လျော်ကြေးပေးရမယ်လို့ အလုပ်ရှင်က ခြိမ်းခြောက်ထားတယ်လို့ ရောင်းစားခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ရောင်းစားခံထားရတဲ့ ကျောက်မဲမြို့က လူငယ်တစ်ဦးရဲ့ ဖခင်ကတော့ သူ့သားဟာ ငွေလည်းပြန်မလျော်၊ အလုပ်လည်း ဆက်မလုပ်ဘူးဆိုရင် အချုပ်ထဲထည့်မယ်လို့ ခြိမ်းခြောက်ခံထားရတယ်လို့ RFA ပြောပါတယ်။

“ပိုက်ဆံတော့ သွားရှာကြတာပဲ။ အဆင်မပြေရင်တော့ ပြန်လာချင်ကြတာပဲ။ အခုလည်း ပြန်လာချင်တာပဲ။ ဒါပေမဲ့ သားတို့မှာ ရွေးချယ်စရာ မရှိဘူးတဲ့။ အချုပ်နဲ့ အလုပ်ပဲ ရှိတယ်တဲ့။ အလုပ်မလုပ်ရင် အချုပ်ကျရုံပဲရှိမှာ။ သားတို့ကို လာထုတ်မယ့်သူလည်း မရှိပေါ့”

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သူတို့အဖွဲ့ထဲက အလုပ်မလုပ်လိုတဲ့ လူငယ်နှစ်ဦးကို လက်ထိပ်ခတ်ပြီး ခေါ်ထုတ်သွားတယ်လို့ မိဘတွေက ပြောပါတယ်။ လာဖမ်းသူတွေဟာ UWSA ဝတပ်ဖွဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ ဟုတ်၊ မဟုတ်ဆိုတာကို လူငယ်တွေက အတိအကျ မပြောနိုင်သလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာတော့ လူငယ် ၁၉ ယောက်စလုံးရဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ရှင်က သိမ်းယူလိုက်တာကြောင့် တခြားနီးစပ်သူတွေရဲ့ ဖုန်းကတစ်ဆင့် မိဘတွေထံ ဆက်သွယ်လာတယ်လို့ သီပေါမြို့က ရောင်းစားခံထားရသူ လူငယ်တစ်ဦးရဲ့ မိသားစုဝင် ဖြစ်တဲ့ စိုင်းဝင်းကိုက RFA ကို ပြောပါတယ်။

“တခြားမိဘတွေက ဆက်သွယ်လာတာ ဖုန်းတွေ သိမ်းသွားပြီပေါ့နော်။ သူတို့က တခြားသူများဖုန်းနဲ့ ယူပြီးပြန်ဆက်တာပေါ့။ ကျနော်တို့က စိုးရိမ်တာပေါ့နော်၊ ပိုပြီးတော့ စိုးရိမ်သွားတာပေါ့၊ ဒါမျိုးဖြစ်တဲ့အခါကျတော့။ ဒီဟာအတွက် ကျနော်တို့က ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ဒီလိုဖြစ်မယ်ဆိုတာ အတွက်လေ။ ကလေးတွေပြန်ရဖို့ အတွက် ကျနော်တို့ နည်းလမ်းမျိုးစုံနဲ့လည်း လုပ်ခဲ့ပြီးပြီ။ နည်းလမ်းမျိုးစုံနဲ့လည်း လုပ်သွားမယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဝပြည်နယ်ထဲမှာရှိတဲ့ တာဝန်ရှိသူ လူကြီးမင်းတွေ ဝလူကြီးတွေပေါ့နော်၊ နောက်ပြီး မိုင်းပေါက်ရဲဌာနက လူကြီးတွေကိုရော ကျနော်တို့က အကူအညီ တောင်းချင်ပါတယ်ဗျ။ သီပေါက ကလေးတွေရော၊ မြန်မာနိုင်ငံအတွင်းက ကလေး ၁၉ ယောက်လုံးကို ကယ်ထုတ်ပေးပါလို့။ ဒီနေရာကနေ ပြောချင်ပါတယ်ခင်ဗျ”

နောက်ဆုံးစုံစမ်းချက်တွေအရ လူငယ် ၁၉ ဦးလုံးကို မိုင်းပေါက်မှာရှိတဲ့ ဝတပ်ဖွဲ့ မြို့နယ်ရုံးအနီးက ဆိုင်းဘုတ်တပ်မထားတဲ့ ဟော်ပိရှောင်ဟိုးလုံ ဆိုတဲ့ ကုမ္ပဏီအမည်ခံ အဆောက်အအုံရဲ့ လေးလွှာမှာ ချုပ်နှောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလက လားရှိုးအခြေစိုက် စစ်ကောင်စီရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးနဲ့ ၀ ဆက်ဆံရေးရုံးတွေကို အဖမ်းခံထားရတဲ့ လူငယ်တွေရဲ့ အမည်၊ ဓာတ်ပုံနဲ့ နေရပ်လိပ်စာတွေနဲ့တကွ သွားရောက်တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ ဘာမှအကြောင်း မထူးသေးဘူးလို့ တိုင်ကြားရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မိသားစုတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒီကိစ္စကို ရောင်းစားခံရတဲ့လူငယ်တွေက မိုင်းပေါက်မှာရှိတဲ့ ဝရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ ပေမယ့် ရဲစခန်းက တရုတ်သူဌေးဆိုသူကို ခေါ်ယူမေးမြန်းတာလောက်သာရှိပြီး ဘာမှအရေးယူဆောင်ရွက်တာ မရှိဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လားရှိုအခြေစိုက် ဝဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို RFA က အွန်လိုင်းကနေ မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုန့်ပြန်ဖြေဆိုခြင်း မရှိပါဘူး။

တရုတ်နယ်စပ်ဖြစ်တဲ့ ဝ ဒေသကို နှစ်စဉ် မြန်မာနိုင်ငံဒေသအသီးသီးက ရွှေ့ပြောင်း လုပ်သား သုံးသောင်းကျော်လောက်အထိ လာရောက်အလုပ်လုပ်ကိုင်လေ့ရှိပြီး ကိုဗစ် ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေလိမ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံသား လူငယ်တွေ လိမ်လည်ရောင်းစားခံရမှု ပိုများလာတာ တွေ့ရတယ်လို့ ပန်ဆန်းမြို့က ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ဝဒေသမှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေဟာ အွန်လိုင်းမှာ အကောင့်အတုတွေဖွင့်ပြီး သြစတေးလျ၊ ဗြိတိန်၊ အမေရိကန် စတဲ့ ချမ်းသာတဲ့နိုင်ငံတွေက လုပ်ငန်းအတုတွေကို လိမ်လည်ပြသပြီး ငွေကြေးရင်းနှီးမြှုပ်နှံဖို့ လိမ်လည်ခိုင်းစေတာလို့ သူက ဆိုပါတယ်။

ဒီလုပ်ငန်းတွေဟာ လူမှောင်ခိုကူးမှုနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံတကာဥပဒေတွေမှာ ပြင်းပြင်းထန်ထန် တားမြစ်ထားပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီး ကတည်းက ထိထိရောက်ရောက် ကိုင်တွယ်တာ မရှိဘူးလို့ ဝါရင့်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။

“အဓိက လူကုန်ကူးဥပဒေနဲ့ဆိုရင် ထောင်က အများကြီးချနိုင်တာပဲလေ။ ဒါပေမဲ့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ဒါကြာင့်မို့ မြန်မာက ကမ္ဘာပေါ်မှာ နာမည်ပျက်တဲ့ စာရင်းထဲမှာ ပါနေပြီးတော့ ရှုတ်ချခံရတဲ့စားရင်းထဲမှာ လူကုန်းကူမှုအတွက် ထိရောက် စွာ မလုပ်ဘူးဆိုပြီးတော့ ရှုတ်ချခံရတဲ့ စာရင်းထဲမှာ ဗမာပါတယ်။ အမှန်ကတော့ အန္တရာယ်ကြီးတာပေါ့၊ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးတာ ပေါ့လေ။ တိုင်းပြည်ရဲ့ အကျင့်စာရိတ္တကိုလည်း ထိခိုက်တယ်။ မြန်မာနိုင်ငံသားတွေ အတွက် အင်မတန် ဆုံးရှုံးနစ်နာတယ်။ သို့သော်လည်း စစ်အာဏာသိမ်းထားတဲ့ လူတွေက ဒါတွေ သိပ်ဂရုမစိုက်ပါဘူးနော်။ သူတို့က ဒီထက်ကြီးတဲ့ အပြစ်ကြီး ကျူးလွန်ထားတော့ ဒါတွေ သိပ်ဂရုမစိုက်ပါဘူး”

mongpauk.jpeg
ရှမ်းပြည်နယ် မိုင်းပေါက်မြို့မှ တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုတွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသားများနေထိုင်ရာ အဆောက်အအုံအနီးဝန်းကျင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အဲဒီလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ လက်ရှိ စစ်ကောင်စီဘက်က လက်လှမ်းမမီနိုင်ဘူးလို့လည်း ဦးကြီးမြင့် က သုံးသပ်ပါတယ်။

အဲဒီလိုလုပ်ငန်းတွေဟာ အရင်က မြဝတီမြို့ ရွှေကုက္ကိုလ်ဒေသမှာ ခေတ်စားခဲ့ပြီး အဲဒီကနေ ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့တွေမှာ ခေတ်စားလာခဲ့တာပါ။ အခု နောက်ပိုင်းမှာတော့ ဝဒေသအထိ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

လားရှိုးအခြေစိုက် ဝဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ သူတို့ဒေသမှာ အဲဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကို လက်မခံသလို ပြစ်မှုကျူးလွန်သူတွေကိုလည်း နှစ်ရှည်ထောင် ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့ အခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က RFA ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

ဝဒေသက တရုတ်နိုင်ငံသားပိုင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံသားလူငယ်တွေ ရောင်းစားခံနေရတာနဲ့ ပတ်သက်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က နိုဝင်ဘာလကတည်းက အီးမေလ်းကနေ ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန် ပါဘူး။

ဒေသအတွင်း အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ပစ်မှတ်ထားလာတဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်တဲ့ တရုတ် လုပ်ငန်းရှင်တွေနဲ့ ပွဲစားတွေကို သက်ဆိုင်ရာ အာဏာပိုင်အသီးသီးက ထိထိရောက်ရောက် အရေးမယူဘူးဆိုရင် လူမှောင်ခိုကူး လိမ်လည်ရောင်းစားမှုတွေဟာ ပိုပြီးကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။