ICJ အပြည်ပြည်ဆိုင်ရာတရားရုံး ဥပဒေပါ အချက်အလက်များ
2019.11.17

ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နဲ့ နယ်သာလန်နိုင်ငံ အခြေစိုက် ICJ အပြည်ပြည်ဆိုင်ရာတရားရုံး ဥပဒေပါ တချို့အချက်အလက်တွေကို ဒေါ်စမ်းစမ်းတင်က ကောက်နှုတ်တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုမှာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ် ချိုးဖောက်မှုနဲ့ မြန်မာနိုင်ငံကို ICJ ကမ္ဘာ့ခုံရုံးမှာ အနောက်အာဖရိက တစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာက အမှုဖွင့်လိုက်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ကမ္ဘာ့ခုံရုံးလို့လည်းခေါ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အခြေစိုက်တာပါ။
ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ အဖွဲ့ဝင်နိုင်ငံတွေဟာ ကိုယ်ပါဝင်တဲ့ ဘယ်အမှုမဆို ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ တာဝန်ယူရတယ်လို့ အခန်း ၁၄၊ အပိုဒ် ၉၄ မှာ အတည့်အလင်း ဖော်ပြထားပါတယ်။ အခန်း ၁၄ ဟာ အပြည်ပြည်ဆိုင်ရာ တရားရုံးအကြောင်း ဖော်ပြထားပြီး အပိုဒ် ၉၂ မှာ ဒီတရားရုံးဟာ ကုလသမဂ္ဂရဲ့ အဓိကတရားစီရင်ရေးအဖွဲ့ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။
အပိုဒ် ၉၃ မှာတော့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးဟာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့အကြောင်းကြောင့်ပဲ အပြည်ပြည် ဆိုင်ရာ တရားရုံး ဥပဒေနဲ့ သက်ဆိုင်တာချည်းပဲလို့ ပြောပါတယ်။
အဖွဲ့ဝင်နိုင်ငံမဟုတ်ရင်တောင် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ကိစ္စတစ်ခုချင်းစီအလိုက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်အရ ICJ အပြည်ပြည်ဆိုင်ရာတရားရုံး ဥပဒေနဲ့ အကျုံးဝင်တဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့လည်း ဆိုပြန်ပါတယ်။
အပိုဒ် ၉၄ မှာတော့ အမှုတစ်ခုခုမှာပါနေတဲ့ အဖွဲ့ဝင်တစ်နိုင်ငံဟာ တရားရုံးရဲ့စီရင်ချက်အရ မိမိပေါ် ကျရောက်တဲ့ တာဝန်ကိုပျက်ကွက်ရင် တဖက်အမှုသည်နိုင်ငံဟာ လုံခြုံရေးကောင်စီရဲ့ အကူအညီကို ရယူနိုင်ပါတယ်။ လိုအပ် တယ်လို့ လုံခြုံရေးကောင်စီက ထင်မြင်ရင် စီရင်ချက်အတိုင်း အတည်ဖြစ်အောင် ဘယ်ပုံဘယ်နည်းဆောင်ရွက် မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
ကုလသမဂ္ဂပဋိညာဉ်စာချုပ် အပိုဒ် ၉၆ အပိုဒ်ခွဲ ၁ မှာ အထွေထွေညီလာခံ ဒါမှမဟုတ် လုံခြုံရေးကောင်စီဟာ တရားဥပဒေနဲ့ဆိုင်တဲ့ ဘယ်ကိစ္စမဆို အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တိုင်ပင်ရုံမက ထင်မြင်ချက်တောင်းနိုင် တယ်လို့ ဖော်ပြပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး ဥပဒေ အခန်း၂ ကတော့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ဖော်ပြထားပါတယ်။
အပိုဒ်မှာ ၁ မှာ ICJ ရှေ့မှောက်ရောက်လာတဲ့ အမှုတွေမှာ အမှုသည်တွေဟာ နိုင်ငံတွေသာ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ICJ ဟာ သူ့ဥပဒေနဲ့အညီ အမှုနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အများနဲ့ဆိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းနိုင်တဲ့အပြင် ဒီအကြောင်းအရာတွေကို အဖွဲ့အစည်းတွေက အလိုအလျောက်တင်သွင်းရင်လည်း လက်ခံရမယ်လို့ ပါရှိပါတယ်။
အခန်း-၃ ဟာ ကျင့်ထုံးဖြစ်ပြီး အပိုဒ် ၅၀ မှာ ဆိုရင် တရားရုံးက ရွေးချယ်တဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ ဘယ်ဌာန၊ ဘယ်ကော်မရှင်၊ ဒါမှမဟုတ် တခြား ဘယ်အဖွဲ့အစည်းကိုမဆို စုံစမ်းစစ်ဆေးရေးကိစ္စ ဆောင်ရွက်ဖို့ဖြစ်ဖြစ်၊ အထူးထင်မြင်ချက်ပေးဖို့ဖြစ်ဖြစ် အချိန်မရွေးတာဝန်အပ်နှင်းနိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရှိရပါတယ်။
တိုက်ဆိုင်တာကတော့ မြန်မာနိုင်ငံကို ICJ မှာ တရားလိုလုပ်တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံသူ ဖာတူးဘင်ဆူးဒါး Fatou Bensouda ဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ဥပဒေချုပ်ဖြစ်ပါတယ်။