အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ဆုံးဖြတ်ချက် ထိရောက်မှာလား

ဦးတင်အောင်ခိုင်
2019.11.14
Fatou-Bensouda-622.jpg နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ရှေ့နေ Fatou Bensouda ကို ၂ဝ၁၈ ခုနှစ်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တခုတွင် တွေ့ရစဉ်။
Photo: AFP

၂ဝ၁၇ခုနှစ် သြဂုတ်လက မြန်မာလုံခြုရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က ကြာသပတေးနေ့က ခွင့်ပြုလိုက်ပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက်ကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့တယ်ဆိုတဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေရှိတယ်လို့ ICC က ပြောပါတယ်။ ဒီအမှုအတွက် ICC က အကြိုဖွဲ့စည်းတဲ့ တရားရုံးမှာ တရားသူကြီးသုံးဦးကို တာဝန်ပေးထားတာဖြစ်ပါတယ်။

အခု ICC က ခွင့်ပြုလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ခွင့်အတွက် ICC ရှေ့နေချုပ် ဖာတူးဘင်ဆိုဒါက ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ခုလို ICC က ပါဝင်လာတာဟာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့တွေ အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့တဲ့ နေရာတွေအပါအဝင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာပါ စစ်ဆေးမှုတွေ လုပ်မှာပါ။

ICC ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ ... "နောက်ဆုံးမှာ ရိုဟင်ဂျာတွေအတွက် တရားရင်ဆိုင်ဖို့ အခွင့်အရေး ရပြီ" လို့ ပြောပါတယ်။

ICC ရဲ့ဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးကတော့ ..... "စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ မြန်မာပြည်တွင်း ဝင်ရောက်ခွင့်ဟာ မြန်မာအစိုးရအပေါ်မှာ မူတည်နေတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံလည်းမဟုတ်ဘူး။ ICC ရဲ့ဆုံးဖြတ်ချက်ကိုလည်း လက်ခံမှာမဟုတ်ဘူး။ မြန်မာနိုင်ငံအစိုးရက ပူးပေါင်းဆောင်ရွက်မှသာ မြန်မာနိုင်ငံအတွင်းဝင်ခွင့်ရမှာ။ နောက်တခုက မြန်မာအစိုးရက လက်ခံသဘောတူတယ်ထား အဲဒီဒေသက မငြိမ်းချမ်းဘူး။ ဒါကြောင့် ဝင်လို့မရနိုင်ဘူး

တကယ်တမ်း အခြေအနေမှာ ICC ဟာ တရားရုံးတခုသာဖြစ်ပြီး ရဲတပ်ဖွဲ့ဆိုတာ မရှိတာကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းလို့မရပါဘူး။ ဒါကြောင့်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ပဲ ဆောင်ရွက်လို့ရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ICC က ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖမ်းဆီးတာထက် မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေလုပ်ဖို့ တိုက်တွန်းတာမျိုးတွေ လုပ်နိုင်လိမ့်မယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

စစ်တပ်က အရာရှိတွေ တဦးချင်းအပေါ်မှာ ပိတ်ဆို့မှုတွေ ပိုပြီးတိုးလာနိုင်တယ်။ ICC အဖွဲ့ဝင်နိုင်ငံတွေကို ဖိအားပေးပြီး တောင်းဆိုဖို့ ICC ဆက်ပြီး လုပ်လာနိုင်တယ်

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အမိန့်ချလိုက်သလို မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကလည်း OIC နိုင်ငံတွေကိုယ်စား ကုလသမဂ္ဂ နိုင်ငံတကာတရားရုံးမှာ တရားစွဲထားပါတယ်။

အခုလိုဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့.... " ဘယ်သူတဦးတယောက်မှ အကျိုးရှိဖို့ မမြင်ဘူး" လို့ RFA ကို ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။