ICRC ရိက္ခာကူညီမှု ဘူးသီးတောင်မှာ ကန့်သတ်ခံရ


2019.11.30
icrc-help-buthedaung-622 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိန်ညင်းပြာကျေးရွာကို ၂၀၁၉၊ အောက်တိုဘာလထဲမှာ ICRC က စားနပ်ရိက္ခာနဲ့ သီးနှံမျိုးစေ့တွေ လာရောက်ပေးအပ်စဥ်
Photo: International Committee of the Red Cross Myanmar

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းမြောက်ပိုင်းမှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ခန့်ကို ဧပြီလဝန်းကျင်ကစပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က စားနပ်ရိက္ခာအကူအညီတွေကို ပေးအပ်နေတာပါ။

ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ကြရပြီး ICRC အဖွဲ့က စိုင်းဒင်တံတားအနီး ကင်းတောင်ကျေးရွာမှာ အခြေပြုပြီး အထက်ပိုင်းကျေးရွာတွေကို ရိက္ခာ ဖြန့်ဝေပေးနေတာပါ။

အမှတ်- ၅၅၁ တပ်ရင်းက  ICRC ရဲ့ ဆန်ကူညီမှုကို ကန့်သတ်နေတာ ငါးလခန့် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြင်ချောင်းကျေးရွာက ဒေါ်မစောသိန်းက ဆန်သယ်ယူခွင့် ပိတ်ပင်ခံရတယ်လို့  ပြောပါတယ်။

“ဆန်ဆိုရင် လုံးဝမသယ်နဲ့လို့ ပြောတယ်။ ဆီ၊ ဆား၊ ပဲ စတာတွေကိုပဲ ယူခွင့်ပြုပါတယ်။ ဒါနဲ့ ခွဲတမ်းရတဲ့ ဆန်တွေကို ကင်းတောင်ရွာမှာပဲ ထားခဲ့ရပါတယ်။ စားဝတ်နေရေးက တော်တော်လေး အခက်အခဲရှိနေပါတယ်” လို့ သူက ရခိုင်ဘာသာစကားနဲ့ ပြောဆိုသွားတာပါ။

နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာလူကြီးတစ်ဦးကလည်း ဆန်ရိက္ခာ ကန့်သတ်မှုကြောင့် ရွာပေါင်း ၄၀ နီးပါး အခက်အခဲဖြစ်နေပြီလို့ ပြောပါတယ်။

ဒေသခံတွေဟာ ICRC အဖွဲ့ကပေးအပ်တဲ့ ဆန်ရိက္ခာခွဲတမ်းတွေကို ကင်းတောင်ကျေးရွာကို လာယူရတာဖြစ်ပါတယ်။

တချို့ကတော့ ဆန် တစ်ပြည်စ နှစ်ပြည်စ ယူဆောင်ခွင့် ရနေတယ်လို့ဆိုပါတယ်။

စိုင်းဒင်ချောင်းအထက်ပိုင်း ကျေးရွာတွေဟာ သွားလာရခက်ခဲတာကြောင့် ဒေသခံတချို့ဟာ ခွဲတမ်းရရှိတဲ့ ဆန်တွေကို ရသလောက်ဈေးနဲ့ ရောင်းချပြီးမှ ပြန်ကြရတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ပြင်ချောင်း၊ သြရမ၊ ကညင်ချောင်း စတဲ့ကျေးရွာတွေကို ICRC အဖွဲ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနဲ့အတူ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပေးနေတာပါ။

ICRC က ဘူးသီးတောင်မြို့နယ်က ဒေသ ၂၆ ခုမှာ အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး လူဦးရေ ၄၇၀၀၀ ကို စားနပ်ရိက္ခာ လစဉ်ပေးနေပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ကန့်သတ်ပိတ်ပင်တယ် ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချလိုက်ပြီး အကူအညီတွေဟာ အေအေ အဖွဲ့ထံ ရောက်နေတတ်တာကြောင့် စိစစ်နေခြင်းသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

စားနပ်ရိက္ခာအကူအညီတွေ ကန့်သတ်ခံနေရတာနဲ့ပတ်သက်လို့ ICRC အဖွဲ့ကို RFA က အီးမေးလ်ကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာ စိုင်းဒင်ချောင်းဒေသအတွက် ပေးအပ်မယ့် ဆန်ကို ကင်းတောင် ကျေးရွာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ဂိုဒေါင်မှာ ယာယီထိန်းသိမ်းထားပြီး ဖြန့်ဝေဖို့ စောင့်ဆိုင်းနေတယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ရဲ့ လုပ်ငန်းတွေဟာ အခုနှစ်အတွင်း ပိုမိုခက်ခဲလာနေပြီး အဓိက အခက်အခဲကတော့ လိုအပ်နေတဲ့ ဒေသခံတွေဆီ သွားရောက်ခွင့်ရရှိရေးဖြစ်တယ်လို့ ICRC အဖွဲ့က ပြောပါတယ်။

နယ်မြေလုံခြုံရေးအရ သွားလာမှုကန့်သတ်ချက်တွေကြောင့် လစဉ် လူဦးရေ ၈၀၀၀ ခန့်လောက်ကိုသာ စားနပ်ရိက္ခာသက်သက် ပေးဝေနေရတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ကိုးသောင်းကျော် ရှိနေပြီလို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။