အိန္ဒိယသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်
2018.12.14

အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် (Shri Ram Nath Kovind) ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီးပွားရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ တိုးမြှင့်နိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံဘက်က ခိုင်မာတဲ့အစီအစဉ်တွေ ချမှတ်ဖို့လိုအပ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ထောက်ပြ ကြပါတယ်။
RFA ဝိုင်းတော်သူ မနန္ဒာချမ်း တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~
အိန္ဒိယသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်
(မနန္ဒာချမ်း)
ဒီကနေ့ပဲ ပြီးဆုံးသွားတဲ့ အိန္ဒိယသမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် (Shri Ram Nath Kovind) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး အပါအဝင် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ တိုးမြှင့်နိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်တဲ့ အခါမှာ မြန်မာနိုင်ငံဘက်က ခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ်ဖို့ လိုအပ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြတာပါ။
အိန္ဒိယသမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် (Shri Ram Nath Kovind) ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရားရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့သလို၊ နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်ဖို့၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ သင့်မြတ်ရေးလုပ်ငန်းတွေမှာ အကူအညီပေးသွားဖို့လည်း အိန္ဒိယနိုင်ငံဘက်က ကတိပြုခဲ့ပါတယ်။
နှစ်နိုင်ငံအကြား လတ်တလော ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေ တိုးတက်ကောင်းမွန်နေပြီး ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာတွေ ရှိနေကြောင်း နှစ်ဖက်စလုံးက လက်ခံထားပြီး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုလွယ်ကူချောမွေ့စေရေးနဲ့ ဈေးကွက်ရရှိမှု တိုးတက်လာဖို့ လိုအပ်ချက်ကို အလေးထား ပြောကြားခဲ့ကြကြောင်းလည်း ခရီးစဉ်အဆုံးသတ်အဖြစ် ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ဒီလိုစီးပွားရေးနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့်ရာမှာ မြန်မာလုပ်ငန်းရှင်တွေအတွက် အကာအကွယ် ပေးနိုင်မယ့် အာမခံချက်တွေ ရရှိနိုင်အောင် စီစဉ်ဖို့လည်း လုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံကို တင်ပို့နေတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို တင်ပို့မှုတွေမှာ ကြုံနေရတာမျိုး မဖြစ်အောင် အာမခံချက်ရနိုင်ဖို့ လိုတယ်လို့လည်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။
“အထူးသဖြင့် ကျနော်တို့က ပဲတင်မှုကတော့ အိန္ဒိယကိုပဲ အားထားပြီး တင်ပို့ရတာပေါ့နော်။ ပဲဆိုတာကလည်း ကျနော်တို့ တိုင်းပြည်က လယ်သမားတွေအတွက် အရေးကြီးတဲ့ဟာပေါ့နော်။ ပြီးခဲ့တဲ့လပိုင်းတွေမှာ အိန္ဒိယက နေပြီးတော့ ကိုတာ ကန့်သတ်လိုက်တဲ့အတွက်ကြောင့် ပဲဈေး ကျတဲ့ အနေအထားမျိုးတွေ ဖြစ်ပြီး ထိခိုက်မှုတွေ ရှိခဲ့တယ်။ မြန်မာဘက်က ကျနော်တို့အနေနဲ့ လိုလားတာကတော့ ပဲဆိုရင်လည်း ပဲဝယ်မယ်။ ပဲတန်ချိန် ၅ သိန်းကို ဘယ်နှစ်ခုနှစ်မှာ ဝယ်မယ်။ တိတိကျကျ ကျနော်တို့ဆီက ထွက်တာ ဘယ်လောက်လဲ စိုက်ဧက ပဲတန်ချိန် ဘယ်လောက်ထွက်မှာလဲ ၁ဝ သိန်းလား၊ ၅ သိန်းလား။ အဲဒါကို အခြေခံဈေးနှုန်း ဘယ်လောက်သတ်မှတ်ပြီး ဝယ်မယ်ပေါ့။ အဲလိုဆိုရင် စိုက်ပျိုးရမယ့် လယ်သမားတွေလည်း အဆင်ပြေတာပေါ့။ အလုပ်လုပ်ရတာ ပိုပြီးတော့ ရေရှည်သွားနိုင်တာပေါ့နော်။ ဒါမှပဲ တည်ငြိမ်တဲ့ ကုန်သွယ်မှု ဖြစ်မယ်လို့ မြင်ပါတယ်”
ဒီနေ့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို နောက်တကြိမ် အမြန်ဆုံးကျင်းပနိုင်ရေး၊ နှစ်ဘက်ညှိနှိုင်းထားတဲ့ နယ်စပ်ဈေးတွေ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး စတာတွေကိုလည်း သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကတော့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့အထိ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာစေချင် တယ်လို့ ဆိုပါတယ်။
“ကျနေ်ာတို့ကတော့ ကုန်သွယ်မှုတခုတည်းတင်မဟုတ်ဘဲ supply change တခုလုံး ဆောင်ရွက်ပေးနိုင်ရင် တော့ ပိုကောင်းတယ်ပေါ့နော် ကုန်သွယ်မှုကြီးပဲ ဦးစားပေးတာမျိုးမဟုတ်ဘဲနဲ့ စိုက်ပျိုးတဲ့ လယ်သမားတွေကို နည်းပညာ၊ ချေးငွေ၊ သယ်ယူပို့ဆောင်မှုစနစ်၊ သိုလှောင်တဲ့စနစ် ဒါလေးတွေပါ ဝိုင်းပြီး ဆောင်ရွက်ပေးနိုင်ရင် တော့ ပိုပြီး ဖွံ့ဖြိုးလာမယ်ပေါ့နော်။ State Level ပြောမယ်ဆိုရင်တော့ change တခုလုံးကို စဉ်းစားပြီး ပြောနိုင်ရင် ပိုကောင်းတယ်။ တကယ်လို့ contract တို့ MOU တို့ ထိုးတယ်ဆိုရင်လည်း supply change တခုလုံး စိုက်ပျိုးထုတ်လုပ်မှုကနေ ဈေးကွက်ထဲကို ရောက်တဲ့အထိ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ ဟာ ထည့်ပေးနိုင်ရင် အထူးသဖြင့် လယ်သမားတွေအတွက်ပါ ပို အကျိုးရှိမယ်လု့ိ မြင်ပါတယ်”
“အရှေ့နဲ့ထိတွေ့ဆက်ဆံရေး” “အိမ်နီးချင်း ဦးစားပေးရေး” မူဝါဒတွေချမှတ်ထားတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံဟာလည်း အိမ်နီးချင်းနိုင်ငံတနိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အာရုံစိုက်နေတာပါ။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်မယ့် ရခိုင်ပြည်နယ် ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းအပေါ် လုံခြုံရေးအရ အိန္ဒိယက စိုးရိမ်နေတာပါ။ ဒီအတွက်လည်း တရုတ်နိုင်ငံက အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံကို ပိုမိုအာရုံစိုက်လာ နေတာလို့လည်း အကဲခတ်တွေက တွက်ဆနေကြပါတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ အိန္ဒိယသမ္မတကတော့ အိမ်နီးချင်း ရင်းနှီးတဲ့ နိုင်ငံတွေဖြစ်ပေမဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အသင့်အတင့်သာ ရှိနေသေးတာကို အသိအမှတ်ပြု ပြောကြားခဲ့သလို၊ ဒီအခြေအနေတွေကို ပြောင်းလဲသွားဖို့ မျှော်မှန်းထားတဲ့အကြောင်း ရန်ကုန်မြို့က အိန္ဒိယစီးပွားရေးလုပ်ငန်းတွေရဲ့ ပြပွဲဖွင့်ပွဲအခမ်းအနားမှာ အလေးထား ပြောကြားခဲ့တာပါ။
စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး ကတော့
“ကျနော်တို့ကတော့ ဘယ်သူ့ဆီမှလည်း ကပ်သွားလို့မရဘူး၊ ခွာလို့လည်းမရဘူးပေါ့နော်။ နိုင်ငံကြီးနှစ်နိုင်ငံက ကျနော်တို့ရဲ့ အကြီးမားဆုံး အိမ်နီးချင်းစီးပွားရေးနိုင်ငံတွေလည်း ဖြစ်နေတဲ့အပြင်၊ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအတွက်လည်း အင်မတန်မှ အရေးပါတဲ့ ကုန်သွယ်ဘက်နိုင်ငံတွေလည်း ဖြစ်နေတဲ့အတွက် ကျနော်တို့ အများဆုံးပေါ့နော် ပြည်သူပြည်သားတွေ အကျိုးရှိအောင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာကတော့ တရုတ်နိုင်ငံဘက်က သူ့ရဲ့မဟာဗျူဟာ အချက်အခြာကျတဲ့ ကျနော်တို့ဆီက ကုန်သွယ်ရေလမ်းကြောင်းထွက်ပေါက် ရှိနေတဲ့အတွက်ကြောင့်မို့ စြင်္ကန်တွေ လာရောက်ထူထောင်ပေးတယ် ဆိုတဲ့ကိစ္စက သူတို့ရဲ့အကျိုးစီးပွားရော နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိနိုင်မယ့် အစီအစဉ်ဖြစ်နေတဲ့အတွက် ဒါက ပိုပြီးမြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မယ့် အနေအထားရှိတာပေါ့။ ဒါပေမယ့်လည်း အိန္ဒိယကိုလည်း ကျနော်တို့က မချန်ထားဘူးဆိုတဲ့ကိစ္စကို ကျနော်တို့ သေသေချာချာ လေးလေးနက်နက်ထားပြီး တင်ပြဖို့လိုမယ်လို့ ထင်တယ်”
၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာသန်း ၉ဝ လောက် ရှိခဲ့တယ်လို့ အိန္ဒိယကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယသမ္မတရဲ့ ခရီးစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံကို လာရောက်မည့် အိန္ဒိယ ကမ္ဘာလှည့် ခရီးသွားတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့် ပြုလိုက်ကြောင်းလည်း မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။ ဒေသတွင်းနဲ့ နယ်စပ်ဒေသတွေ တည်ငြိမ်ရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေး အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သလို၊ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်အားပေးသွားမှာ ဖြစ်ကြောင်းလည်း အိန္ဒိယသမ္မတက ပြောကြားခဲ့တာပါ။ မတည်မငြိမ်အခြေအနေတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ သွားသူတွေ ပြန်လည်လက်ခံရေး မြန်မာအစိုးရရဲ့ အစီအစဉ်တွေကို အိန္ဒိယနိုင်ငံက ထောက်ခံကြောင်းနဲ့ ကူညီထောက်ပံ့ဖို့ အသင့်ရှိနေကြောင်း ကတိပြုခဲ့တယ်လို့လည်း ခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ သမ္မတ ဦးဝင်းမြင့်ကို အိန္ဒိယသမ္မတက အပြန်အလှန်အနေနဲ့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ ဖိတ်ကြားချက်ကို မြန်မာသမ္မတဖက်က လက်ခံခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်ရှင်။