အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး နိုင်ငံတကာဖိအားပိုရအောင် ကြိုးစားသင့်

RFA Burmese
2023.01.18
အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး နိုင်ငံတကာဖိအားပိုရအောင် ကြိုးစားသင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။
DITA ALANGKARA / POOL / AFP

မြန်မာ့အရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပြီး သက်ဆိုင်သူအားလုံးနဲ့ နိုင်ငံအဆင့် စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြိုးစားမယ်လို့ အာဆီယံ အထူးကိုယ်စားလှယ်သစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ပြောဆိုချက် ကို ကြိုဆိုရမှာဖြစ်ပေမယ့် လက်တွေ့ထိရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

“ဂျာကာတာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အထူးအစည်းအဝေးတွေ ခေါ်သင့်တယ်"

အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေးအတွက် ပိုကြိုးစားဆောင်ရွက်မှာကို ကြိုဆိုရမှာ ဖြစ်ပေမယ့် အားလုံးပါဝင်တဲ့ နိုင်ငံအဆင့် ဆွေးနွေးပွဲတွေကတော့ လောလောဆယ် ဖြစ်လာမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“ကျမတော့ မထင်ဘူး။ အဲလောက်ထိတော့ ပေးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်မှာလေ ဒီစစ်အစိုးရနဲ့ အဆင်မပြေတာကို။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ကျမ သိတာတော့ စစ်အစိုးရနဲ့ စေ့စပ်ဖို့ ကြိုးစားတော့မှာ မဟုတ်တော့ဘူးထင်တယ် ကြည့်ရတာတော့။ သူရဲ့ အမျိုးသား ရင်ကြားစေ့ရေးမူဝါဒကြီးက ကျဆုံးသွားပြီ။ သူလည်း ဒါသဘောပေါက်မှာပေါ့”

အင်ဒိုနီးရှားရဲ့ ကြိုးစားချက်တွေ အောင်မြင်ဖို့ဆိုတာက နိုင်ငံအဆင့် စေ့စပ်ဆွေးနွေးရေးကို နှစ်ဖက်စလုံးက လက်ခံယုံကြည်ဖို့ လိုအပ်တယ်လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ကိုကြည်စင် က ပြောပါတယ်။

“အာဆီယံရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုက ဒီစစ်ကောင်စီနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ ဒီစေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို တကယ်လိုအပ်တယ်လို့ နှစ်ဖက်လုံးက ယုံကြည်မှုရှိဖို့ကိုလည်း အများကြီး မူတည်တယ်။ အာဆီယံအနေနဲ့ ကတော့ ဒါသံတမန်ရေးအရ စစ်ကောင်စီကို ဖိအားပေးတာတွေ လုပ်နိုင်မယ်၊ နောက်ပြီးတော့ စစ်ကောင်စီကို လက်ရှိလိုမျိုးပဲ အစည်းအဝေးတွေမှာ မပါအောင် ကန့်သတ်တာ၊ နောက်ပြီးတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဖိအားပေးတာ စသဖြင့်ဟာမျိုးတွေ လုပ်လို့ရပေမယ့် အခြေခံမူငါးချက်လုံး အောင်မြင်ဖို့ကတော့ နှစ်ဖက်လုံးကနေ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို တက်ချင်တယ်ဆိုတဲ့ အခြေအနေတစ်ခုကို ရောက်လာဖို့က အဓိကဖြစ်တယ်ပေါ့”

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရဆိုတဲ့ အာဆီယံရဲ့ အ‌‌ခြေခံမူတွေကို အင်ဒိုနီးရှားဘက်က လိုက်နာရမှာဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ မဆက်ဆံဖို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ချက်ချင်းကြေညာချက် ထုတ်ပြီး တုံ့ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာပဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားပြီး မကြာခဏလည်း ထုတ်ဖော်စွပ်စွဲလေ့ရှိပါတယ်။

ဒီလိုအခြေအနေမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးလာနိုင်တာကြောင့် စစ်ကောင်စီဘက်က လက်ခံမှာ မဟုတ်ဘူးလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

“အာဆီယံရုံး အဖွဲ့တွေဘာညာနဲ့ ထားတယ်။ နောက်အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာ ဘယ်လိုအကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးရေးလဲ၊ သူတို့ဘက်ကတော့ အကုန်လုံးက ပါဝင်သင့်တယ်လို့ ယူဆတယ်။ ကျနော်တို့ ကြုံတွေ့နေရတဲ့ပြဿနာက အကုန်လုံးကို ပါဝင်ခွင့်ပေးလိုက်ရင် ဘာပြဿနာဖြစ်လာမလဲ၊ ဆိုလိုတာက သူတို့ဝင်ပြီးတော့ ညှိပေးတဲ့ဥစ္စာက ရလဒ်ထွက်တာ မထွက်တာထက် လက်ရှိဖြစ်နေတဲ့အခြေအနေက ပိုဆိုးသွားမလား၊ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာက ဒါမျိုးဖြစ်ရပ်ဖြစ်စဉ်တွေက တော်တော်များများ ကြုံခဲ့ပြီးပြီ။ ဒီဘက်က နိုင်ငံရဲ့လုံခြုံရေးကို ထိပါးလာနိုင်တယ်လို့ ယူဆလာမယ်ဆိုရင်တော့ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ နိုင်ငံရဲ့အခြေအနေက လည်း လက်ခံဖို့က အတော်လေးခဲယဉ်းပါတယ်”

ရက်နိုမာဆူဒီကတော့ နိုင်ငံရေးပြဿနာကနေ မြန်မာနိုင်ငံ ထွက်ပေါက်ရအောင် အင်ဒိုနီးရှားအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပေးထားပါတယ်။ မြန်မာ့အရေးကြောင့် အာဆီယံရဲ့ ညီညွတ်ရေးကို ဓားစာခံအဖြစ်မခံနိုင်ဘူးလို့လည်း ဇန်နဝါရီလ ၁၀ ရက်နေ့က နိုင်ငံတကာ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်တွေ တိုးတက်မှု မရှိတာဟာ စစ်ကောင်စီမှာသာ တာဝန်ရှိတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ထုတ်ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီဟာ မြန်မာနိုင်ငံနဲ့စိမ်းသူ မဟုတ်ပါဘူး။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ NLD အစိုးရ ဝန်ကြီးတချို့ အင်ဒိုနီးရှားကို သွားရောက်လည်ပတ် စဉ်မှာ မာဆူဒီက လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားရဲ့ အတွေ့အကြုံတွေကို ဓာတ်ခွဲစမ်းသပ်ခန်းသဖွယ် အသုံးပြုလေ့လာနိုင်ပါတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလက ရခိုင်ပြည်နယ်ကို လာရောက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထံ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ တွေကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်တန်းအရာရှိ တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိုနှိုင်းခဲ့ဖူးပါတယ်။

အခု အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌဖြစ်ချိန်မှာ အရင်က ကြားဝင်ဆောင်ရွက်ခဲ့တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့နဲ့ မတူဘဲ မြန်မာ့အရေးကို ပိုလုပ်ဖို့ ထုတ်ပြောလာတဲ့အပေါ်မှာ လက်တွေ့ဘယ်လောက်ဖြစ်လာနိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“အဓိက စိတ်ဝင်စားဖို့ကောင်းတာက အဲဒီဘုံသဘောတူညီချက် ငါးရပ်ကို သူတို့ အစီအစဉ်ဆွဲမယ်ဆိုတဲ့ဟာမှာ ဘယ်လိုမျိုးအစီအစဉ်နဲ့ ဘယ်လိုမျိုး ရည်ညွှန်းချက်၊ နောက်ဘယ်လိုမျိုး အချိန်သတ်မှတ်ချက်တွေ ဘယ်လိုမျိုးလုပ်မလဲဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားရတာပေါ့နော်၊ ဒါပေမဲ့ အခုလိုမျိုး အထူးသံတမန်ရုံး ဖွင့်တယ်၊ ဒီလိုမျိုး သီးခြားအာရုံပြုတယ်ဆိုတဲ့ဟာကတော့ သူရဲ့ ကတိကဝတ်၊ အထူးသဖြင့် အင်ဒိုနီးရှား ဥက္ကဋ္ဌဖြစ်တဲ့အချိန် သူရဲ့ဦးဆောင်မှုနဲ့ ဒီဒေသတွင်းပြဿနာကို ဦးစားပေးဖြေရှင်းဖို့ ကြိုးစားတယ်ဆိုတဲ့ဟာကို ကျနော်တို့ နားလည်လို့ရတယ်၊ ဒါပေမဲ့ အဲဒီဟာက ဘာတွေထူးခြားလာမလဲဆိုတဲ့ဟာက နည်းနည်းစောသေးတယ် ပြောရမှာ”

retno-marsudi-dassk.jpg
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ်။ (Photo: Handout / MINISTRY OF FOREIGN AFFAIRS / AFP)

အမျိုးသားညီညွတ်‌ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကတော့ မြန်မာ့အရေးအတွက် အထူးသံတမန်ရုံးဖွင့်ပြီး ဆောင်ရွက်မယ် ဆိုရင် အာဆီယံတစ်ဖွဲ့တည်း လုပ်ဆောင်တာမျိုး မဟုတ်ဘဲ အမေရိကန်နဲ့ အီးယူသာမက ဂျပန်၊ ကိုးရီးယား၊ ဩစတြေးလျ စတဲ့နိုင်ငံတွေက ထိပ်တန်းခေါင်းဆောင်တွေကိုပါ ဖိတ်ခေါ်ဆွေးနွေးပြီး ကြိုးစားဖို့ တိုက်တွန်းပါတယ်။

“ဂျာကာတာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အထူးအစည်းအဝေးတွေ ခေါ်သင့်တယ်။ အဲဒီအထူးအစည်းအဝေးမှ တစ်ဆင့်ပေါ့လေ အဲဒီမှာ အီးယူလည်း ပြောသင့်တယ်၊ ဗြိတိန်လည်း ပြောသင့်တယ်။ အမေရိကန်လည်း ပြောသင့်တယ်၊ ဩစတြေးလျ အစပေါ့နော် ဂျပန်ကအစ၊ တောင်ကိုရီးယားကအစ အိန္ဒိယ၊ တရုတ် ဒါတွေအားလုံးကလည်း ဒါနဲ့ပတ်သက်ပြီးတော့ ပါဝင်သင့်တယ်လို့တော့ ကျနော် ထင်တယ်။ ဒါတွေအားလုံးကလည်း သူတို့မှာ ရှိပြီးသားဖြစ်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်”

အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စတဲ့ အရေးကြီးအချက်တွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ဆုံးဖြတ်ခဲ့ပေမယ့် နှစ်နှစ်နီးပါးကြာတဲ့အထိ ထူးထူးခြားခြား တိုးတက်မလာပါဘူး။

ဒါကြောင့် ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ အချိန်တစ်ခု အတိအကျ သတ်မှတ်ဖို့နဲ့ မလိုက်နာရင် အပြီးသတ်ဆုံးဖြတ်ချက် ထပ်ချဖို့ အပါအဝင် အချက် ၁၅ ချက်ပါ ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အာဆီယံထိပ်သီး ညီလာခံကနေ ဆုံးဖြတ်ထားပါတယ်။

အဲဒီဆုံးဖြတ်ချက်အပြီး သိပ်မကြာခင် အခု ၂၀၂၃ ဇန်နဝါရီလမှာ မြန်မာ့အရေးအတွက် တစ်စိုက်မတ်မတ် ထောက်ခံအားပေးလာတဲ့ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအဖြစ် လွှဲပြောင်းယူရတာမို့ မြန်မာ့အရေးအတွက် ထူးထူးခြားခြား တိုးတက်မှုရှိလာမလားဆိုပြီး အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။