အင်းဒင်ရွာလူသတ်မှုနဲ့ တရားဥပဒေစိုးမိုးမှု
2019.05.27

အင်းဒင်ရွာလူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ တပ်မတော်သား ၇ ဦးကို တစ်နှစ်မပြည့်ခင်မှာ ပြစ်ဒဏ်ကလွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေကို ပြသလိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။
■ ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ ခုနှစ်က တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၁ဝ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁ဝ နှစ် အပြစ်ပေးခံနေရတဲ့ တပ်မတော်သား ၇ ဦးကို ပြစ်ဒဏ်ကနေစောပြီး လွှတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်အရာရှိ နှစ်ဦး၊ သူတို့နဲ့အကျဉ်းထောင်ထဲမှာ ဆုံခဲ့ဖူးသူ နှစ်ဦးနဲ့၊ ပြန်လွှတ်လာတဲ့ တပ်မတော်သားတစ်ဦးတို့က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။အဲဒီတပ်မတော်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်လွတ်လာခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ပတ်သက်ပြီး အလားတူ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ရခိုင်ရွာသား တစ်ဦးကိုတော့ လွှတ်မပေးသေးပါဘူး။ သူကတော့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံထားရတာပါ။
နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တပ်မတော်သားတွေကို အခုလို ပြစ်ဒဏ်ကနေ စောပြီးလွှတ်ပေးတာနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က…
“ ၂ဝဝ၈ အခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ ကျနော်တို့နိုင်ငံဟာ အစိုးရ နှစ်ရပ် ဖြစ်နေတယ်။ စစ်တပ်က သူတို့ဘာသာ လွတ်လပ်စွာစီမံခန့်ခွဲတယ်၊ တရားဥပဒေစိုးမိုးရေးဟာ တနိုင်ငံလုံးမှာ အရပ်သားအစိုးရက တပ်မတော်နဲ့ပတ်သက်ရင် မစိုးမိုးဘူး။ တပ်မတော်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဥပမာ တောင်ဒဂုံမှာ မွတ်ဆလင် ဝတ်ပြုဆုတောင်းပွဲတွေကို သွားနှောက်ယှက်တယ်၊ ဦးဝီရသူကလည်း ဟောချင်တာဟော၊ ပြောချင်တာပြော၊ ဆန့်ကျင်ရေးတွေ ပြောချင်ရာပြောနေတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က မသိချင် ယောင်ဆောင်နေတယ်။ လိုက်လံဖမ်းဆီးတာမလုပ်ဘူး။ တပြည်လုံးမှာ တရားဥပဒေစိုးမိုးမှု မရှိဘူး”
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ရက်က ဦးမောင်မောင်လေးကလည်း…
“ တပ်ကနေ ဒီလိုကိစ္စတွေကို ဒါ အမြဲတမ်းလုပ်လာတဲ့ အခြေအနေဖြစ်တယ်။ ဒီဖြစ်စဉ်တွေက တနည်းပြောရင်တော့ တရားဥပဒေ မစိုးမိုးဘူးဆိုတာကို အဓိကဖော်ပြတာပဲ။ နောက်တချက် ပိုအရေးကြီးတာက ကျနော်တို့နိုင်ငံမှာ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လာရင် ၈ဝ ရာခိုင်နှုန်းက အစိုးရက ချိုးဖောက်တာ ဖြစ်ပါတယ်။ အဲဒီ ၈ဝ ရာခိုင်နှုန်းထဲကမှ ခပ်များများ ၇၈ - ၇၉ ရာခိုင်နှုန်းက သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းက ချိုးဖောက်တဲ့ကိစ္စတွေ ဖြစ်နေတာ၊ အခုအချိန်ထိ ကျနော်တို့က ခွင့်လွှတ်ပေးနေရတယ်၊ မသိကျိုးကျွန်ပေးနေရတယ်။ ဥပဒေနဲ့အညီ မဆောင်ရွက်နိုင်ဘူး။ တပ်က ဥပဒေရဲ့အထက်မှာ ရှိနေတယ်လို့ သုံးသပ်လို့ရတယ်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကိုဘိုကြည်ကလည်း… နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့သူတွေကို ပြစ်ဒဏ်ကနေစောပြီး လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာစည်းမျဉ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။
“ဒီဖြစ်စဉ်က တကယ်မှန်ခဲ့ရင်တော့ လုံးဝ သင့်တော်တဲ့ကိစ္စမဟုတ်ဘူး၊ တပ်မတော်သားတွေက လုပ်ချင်ရာလုပ်ခွင့် ရသွားတဲ့ပုံစံမျိုး သက်ရောက်သွားရင် ဒါမကောင်းဘူးပေါ့။ ဒီဟာက ဘာဘဲပြောပြော လူသတ်မှုကျူးလွန်တာဖြစ်တယ်။ နောက်ပြီးတော့ ဂျီနီဗာကွန်ဗန်းရှင်းတွေ၊ နိုင်ငံတကာစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်တယ်။ ဒီလိုလူမျိုးကို မြန်မြန်ဆန်ဆန် လွှတ်ပေးလိုက်တယ်ဆိုတာ မဖြစ်သင့်ဘူး”
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁ဝ ဦးကို ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ပစ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် အရာရှိလေးဦးနဲ့ စစ်သည်သုံးဦးကို တပ်မတော်က ထုတ်ပယ်ပြီး ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ် အရေးယူခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ… အင်းဒင်ရွာလူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ တပ်မတော်သားတွေ အကျဉ်းထောင်ထဲမှာ မရှိတော့ဘူးလို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူက ပြောခဲ့ပေမယ့်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးကတော့ ဒီတပ်မတော်သားတွေကိစ္စ မသိရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။