နိုင်ငံတကာရဲ့ အရေးယူမှု ဟန်ချက်ညီဖို့လိုကြောင်း လေ့လာသုံးသပ်သူတွေ ပြော
2024.02.15

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦး၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ ၇၅ ခုကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့က ပိတ်ဆို့အရေးယူခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar (JFM) အဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ မလုံလောက်သေးဘူးလို့လည်း JFM က ထောက်ပြပါတယ်။
"စစ်ကောင်စီရဲ့ ဒီငွေရေးကြေးရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာ နိုင်ငံတကာရဲ့ ပံ့ပိုးမှုက မလုံလောက်ပါဘူး”
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စောင့်ကြည့်နေတဲ့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ကိုမိုက်ကတော့ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူတာတွေ မထိရောက်သေးတဲ့ အဓိကအချက်က နိုင်ငံတွေကြားမှာ ဟန်ချက်မညီသေးတဲ့အတွက်ကြောင့်လို့ သုံးသပ်ပါတယ်။
“မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ်တို့၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ်တို့ အဲဒါတွေပိတ်ဆို့တဲ့အခါမှာ အမေရိကန်က ပိတ်တယ်။ ဥရောပသမဂ္ဂ (အီးယူ) က မပိတ်ဘူး။ အီးယူက မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်တယ်။ အမေရိကန်က တစ်စိတ်တစ်ပိုင်းပဲ ဒီဘဏ္ဍာရေးဝန်ဆောင်မှုလောက်ပဲ ပိတ်တယ်။ အဲလိုမျိုးတွေဖြစ်နေတာက ပြဿနာရှိတယ်”
ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ကုမ္ပဏီတွေနဲ့ဆက်စပ်နေတဲ့ ကွန်ရက်တစ်ခုလုံးကိုပါ အရေးယူဖို့နဲ့ စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီကိုပါ ပိတ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအပြင် လုံခြုံရေးကောင်စီကလည်း အရေးယူဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ဖို့လိုအပ်ပါတယ်။ လေယာဉ်ဆီ ပိတ်ဆို့တာ၊ စစ်လက်နက်ပစ္စည်းတွေ အကြမ်းဖက်စစ်တပ်ဆီ မရောက်အောင် ပိတ်ဆို့တာ၊ အကြမ်းဖက်စစ်ကောင်စီဆီကို နိုင်ငံခြားငွေ စီးဆင်းမှု လုံးဝရပ်တန့်သွားအောင် ပိတ်ဆို့အရေးယူတာ နိုင်ငံတကာက ပူးတွဲပြီးလုပ်စေချင်တယ်။ အထူးသဖြင့် သမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုဆုံးဖြတ်ချက် ချမှတ်သင့်တယ်”
လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ချမှတ်ခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက မလိုက်နာဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း နိုင်ငံတကာက အရေးယူတာတွေ မလုံလောက်သေးဘူးလို့ သုံးသပ်ပါတယ်။
“အရေးယူမှုတွေ လုပ်ပါတယ်။ မလုံလောက်ပါဘူး။ မလုံလောက်ပါဘူးဆိုတဲ့အကြောင်းက ဒီငွေရေးကြေးရေး အရေးယူပိတ်ဆို့မှုမှာ ဥပမာ ဒေါ်လာနဲ့ပတ်သက်တဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကတော့ ထိရောက်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ဒီငွေရေးကြေးရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာ နိုင်ငံတကာရဲ့ ပံ့ပိုးမှုက မလုံလောက်ပါဘူး”
အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရန်ပုံငွေ ဒေါ်လာသန်းတစ်ထောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လွှဲပြောင်းပေးဖို့နဲ့ စင်ကာပူနိုင်ငံက ဘဏ်တွေမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရန်ပုံငွေကို ထိန်းချုပ်ပေးဖို့ ပြင်ပရောက်မြန်မာနိုင်ငံသားတွေ ဆန္ဒပြတောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။
နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူနေတာတွေကို သူတို့အနေနဲ့ မစိုးရိမ်ဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ် ဇွန်လမှာ ပြောခဲ့ဖူးပါတယ်။ အခုလက်ရှိရော ဘယ်လိုသဘောထားရှိလဲ ဆိုတာသိရဖို့ တယ်လီဖုန်းနဲ့ထပ်ပြီး ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းကတော့ အရေးယူပိတ်ဆို့တာတွေဟာ အာဏာပိုင်တွေကို မထိခိုက်ဘူးလို့ ရှုမြင်ပါတယ်။
“တကယ့်တကယ် အဲဒီလို ပိတ်ဆို့လိုက်လို့ ဒုက္ခရောက်သွားတဲ့ အာဏာပိုင်ဆိုတာ ကြားမှမကြားဖူးတာ။ သူတို့ အမေရိက မသွားရရုံပဲရှိတယ်။ အင်္ဂလန် မသွားရရုံပဲရှိတယ်။ ကျန်တာက ဘာမှကို အကျိုးသက်ရောက်မှု မရှိဘူး”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ နိုင်ငံတကာအနေနဲ့ ပြည်သူကို မထိခိုက်နိုင်တဲ့နည်းလမ်းကို ရွေးချယ်စေချင်တယ်လို့ ပြောပါတယ်။
“ပြည်သူတွေကို မထိခိုက်နိုင်တဲ့နည်းနဲ့ သွားစေချင်တယ်ပေါ့ဗျာ။ သူတို့က ဘယ်အတွက် ဆန်ရှင်ပိတ်တာလဲပေါ့။ အဲဒါကိုလည်း အဓိကရည်ရွယ်ချက်ကို နားလည်ဖို့လိုမယ်။ ကျွန်တော်တို့က ဆန်ရှင်ပိတ်တိုင်းလည်း ရှင်းရှင်းပြောရင်တော့ တိုင်းပြည်ကြီးက အရွေ့တစ်ခုရောက်လား၊ အကျိုးတရားသက် ရောက်မှုရှိလားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုမယ်လို့ပဲ ကျွန်တော် အနှစ်ချုပ်ပြောလိုတယ်ဗျ”
လတ်တလော နိုင်ငံအနှံ့ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ကုန်စည်စီးဆင်းမှု အတားအဆီးတွေ၊ ငွေကြေးဖောင်းပွမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂ဝ၂၄ ခုနှစ်မှာလည်း နာလန်ထူနိုင်ဦးမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ နိုင်ငံတကာက စစ်ကောင်စီအပေါ် တစ်ဦးချင်းတစ်ဖွဲ့ချင်း ရွေးပြီးအရေးယူတာကြောင့် ပြည်သူလူထုအပေါ် မထိခိုက်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့အရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုနေကြပါတယ်။