အင်တာနက်အဖြတ်ခံထားရတဲ့ တစ်နှစ်အတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ၈၀၀ နီးပါး သေဆုံး

၂၀၂၁ စက်တင်ဘာ ၁၅ ရက်ကနေ အခု ၂၀၂၂ စက်တင်ဘာ ၁၅ ရက်နေ့အထိ တစ်နှစ် အတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်း ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် လူ ၈၀၀ နီးပါး သေဆုံးပြီး နေအိမ်အလုံးပေါင်း ၂၆,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒါဟာ ဒေသခံတွေရဲ့ ပြောဆိုချက်၊ လွတ်လပ်တဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက ၆၄၃ ယောက်နဲ့ မကွေးတိုင်းက ၁၃၂ ယောက် သေဆုံးရပါတယ်။ စစ်ကိုင်း တိုင်းမှာ နေအိမ် ၂၀,၅၂၄ လုံးနဲ့ မကွေးတိုင်းမှာ ၅,၄၂၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီဟာ လက်နက်ကိုင်ခုခံမှု အပြင်းထန်ဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ အရာတော်၊ ဘုတလင်၊ ဝန်းသို၊ ပင်လည်ဘူး၊ ကောလင်းမြို့နယ် တွေမှာ ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထား တာပါ။
“အင်တာနက်တွေ ပိတ်ဆို့မှုက ပထမဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုပါ"
၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့မှာတော့ ချောင်းဦး၊ မြောင်၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ ကလေးဝ၊ တမူး၊ မော်လိုက်၊ အင်းတော်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကျွန်းလှ၊ ခင်ဦး စတဲ့မြို့နယ်တွေကို အင်တာနက်ဖြတ်တောက်ပြီး အင်းအားလုံးအရင်းနဲ့ ထိုးစစ်တွေဆင်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အင်တာနက်ဖြတ်တောက်တာဟာ ဖိနှိပ်သတ်ဖြတ်တဲ့ သတင်းတွေကို ပြည်သူတွေ မသိအောင်၊ နိုင်ငံတကာက မသိအောင် ပိတ်ပင်တားဆီးတာလို့ ခင်ဦးမြို့နယ်အခြေစိုက် Khin U Support Organization-KSO အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်က ပြောပါတယ်။
“အင်တာနက်ဖြတ်ခြင်းသည် သူတို့ရဲ့ စစ်ရေးအရ အဓိကထားပြီးတော့ ဖြတ်တယ်။ စစ်ရေး၊ နိုင်ငံရေး အဓိထားပြီးဖြတ်တယ်လို့ ကျနော်တို့အနေနဲ့ ယူဆတယ်။ စစ်ရေး သတင်းတွေ ဘာတွေအလွယ်တကူ ပို့လို့ပြုလို့မရအောင် အရင်ကလို လွယ်လင့်တကူ ဆက်သွယ်လို့မရနိုင်တဲ့ အနေအထားတွေလည်း အများကြီးကြုံတွေ့ရတယ်။ သတင်း ဆက်သွယ်မှုတော့ သူတို့ အသာစီးရသွားပါတယ်။ စစ်ရေးအရတော့ အသာစီးမရဘူးလို့ ဆိုလိုလို့ရတယ်”
အင်တာနက်ဖြတ်တောက်ခံရတဲ့ နေရာတွေက ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် အသက်ဆုံးရှုံးရ၊ နေအိမ်တွေ ဆုံးရှုံးရတာအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ လှုမှုစီးပွားဘဝအလုံးစုံကိုပါ ထိခိုက်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီက လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မကွေးတိုင်းက ဂန့်ဂေါ၊ ကျောက်ထု၊ ဆော၊ မြိုင်နဲ့ ထီးလင်းမြို့နယ်တွေကိုလည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၃ ရက်ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ ကျေးရွာတွေကို တစ်လကို တစ်ကြိမ်ကနေ နှစ်ကြိမ်သုံးကြိမ်အထိ စစ်ကြောင်းထိုး စီးနင်းခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသားတစ်ဦးက ပြောပါတယ်။
“အင်တာနက်ဖြတ်ပြီးရင်ပဲ ကျနော်တို့ဆီကို စစ်ကြောင်းက တစ်လကို တစ်ကြိမ်၊ တစ်လကို တစ်ခါတစ်လေလည်း နှစ်ကြိမ် ပုံမှန်ထိုးတယ်။ စစ်ကြောင်းထိုးတဲ့ အချိန်တောင်မှ သတင်းစီးဆင်းမှု မရှိတဲ့အတွက် ရုတ်တရက်ရောက်လာတဲ့အချိန်မှာ မပြေးနိုင်တဲ့လူတွေ ဖမ်းခံရတာတို့ နှိပ်စက်ခံရတာ သတ်ခံရတာတွေ ရှိတဲ့အတွက် ဖုန်လိုင်းအခက်အခဲနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် တော်တော်လေးဆုံးရှုံးမှု ပြည်သူတွေမှာ များတယ်လို့ထင်တယ်၊ ကျနော်တို့ဆီမှာ ကြုံတွေ့ရတာတော့လေ။ စစ်ကြောင်းက ထိုးချင်သလိုထိုး၊ ပြည်သူလည်း သတ်ချင်သလိုသတ် ရွာတွေလည်း မီးရှို့ချင်သလိုရှို့ ဆိုတော့လေ”
စစ်တပ်က ကျူးလွန်မှုတွေကို ဓာတ်ပုံနဲ့ ဗွီဒီယိုသက်သေ အထောက်အထားတွေရှိပေမယ့် အင်တာနက် မရတဲ့အတွက် အဲဒီသက်သေအထောက်အထားတွေကို မဖြန့်ဝေနိုင်ဘဲ ဒေသခံတွေကလည်း ဖုန်းထဲမှာ ကြာကြာမသိမ်းထားရဲတာကြောင့် ဖျက်ပစ်လိုက်လို့ သက်သေအထောက်အထားတွေ မပြည့်စုံတဲ့ အခြေနေတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အင်တာနက်ဖြတ်တောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီဟာ အင်တာနက်ဖြတ်တောက်တာကို စနစ်တကျ အမိန့်ပေးခိုင်းစေပြီး ဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးနေတာက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“အင်တာနက်တွေ ပိတ်ဆို့မှုက ပထမဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုပါ။ ဒါပေမဲ့ ဒီအင်တာနက်ပိတ်ဆို့မှုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန် တာကို ထိန်းချုပ်ဖို့ ဒါတွေကို မပေါက်ကြားဖို့အတွက် ကန့်သတ်မှုတွေ လုပ်ဆောင်တဲ့ ဟာကတော့ ပိုမိုပြီးဆိုးရွားတဲ့အဆင့်ကို ရောက်ရှိသွားတယ်လို့ ပြောနိုင်ပါတယ်။ သူတို့အနေနဲ့ သတင်းအမှောင်ချပြီး ပြည်သူတွေကို ရာဇဝတ်မှုမျိုးစုံ အကြမ်းဖက်မှုမျိုးစုံ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်ကတော့ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် အင်တာနက် ဖြတ်တောက်ခြင်းကို ဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးတဲ့အဆင့်ထိ ရောက်ရှိသွားပါ တယ်”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ရဲ့ အပိုဒ် ၁၉ မှာ ဖော်ပြ ထားတဲ့ လူတိုင်း နယ်စည်းမခြားဘဲ သတင်းတွေကို ရရှိခွင့်၊ သိုမှီးခွင့်၊ ဖြန့်ဖြူးခွင့် ရရှိရမယ်ဆိုတဲ့ အခြေခံ အချက်တွေကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ သူက ဆိုပါတယ်။
အင်တာနက်ဖြတ်တောက်တာက စစ်ရေးအသာစီးရဖို့အတွက် ရည်ရွယ်ချက်တစ်ခုတည်း အတွက် လုပ်ဆောင်ပေမယ့် လူထောင်သောင်းချီတဲ့ ဒေသခံတွေကတော့ စစ်ရေးတစ်ခု တည်း မဟုတ်ဘဲ လူမှုဘဝစီးပွားတွေကိုပါ ထိခိုက်ခံစားရတယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။
“ဒီဟာတွေက ထိခိုက်တယ်ဆိုတဲ့ဟာကို ဖြတ်တောက်ထားတဲ့ အာဏာပိုင်တွေက ဒီဟာကို လေးလေးနက်နက် သဘောပေါက်ဖို့လိုတယ်လို့ ယူဆတယ်။ စစ်ရေးအသာစီး ရဖို့အတွက် ဆိုပေမယ့် ဒီဒေသမှာနေတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ သူတို့ရဲ့ လူမှုရေးဘဝ ရော၊ စီးပွားရေးဘဝရော ကျန်တဲ့ ပညာရေးဘဝတွေပါ သွားပြီးတော့ ထိခိုက်တဲ့ဟာတွေ က ဒါတွေက လေးလေးနက်နက် စဉ်းစားဖို့လိုတယ်လို့မြင်တယ်။ ကမ္ဘာမှာ အင်တာနက် သုံးစွဲပိုင်ခွင့်ဆိုတာ အခြေခံအခွင့်အရေးလို့ သတ်မှတ်လာကြတဲ့အခါမှာ ဒီအချက်က ပိုပြီးတော့ အရေးကြီးလာတယ် ဒါကိုလည်း ပိုပြီးတော့ နားလည်သဘောပေါက်ဖို့ လိုတယ်လို့မြင်တယ်”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီက သူတို့ရဲ့ရာဇဝတ်မှု တွေကို ဖုံးကွယ်ချင်တဲ့အတွက် အင်တာနက်ဖြတ်တောက်တာမျိုး လုပ်ထားပေမယ့် သတင်းတွေက ဖုံးဖိလို့မရဘဲ အနှေးနဲ့အမြန် ပျံ့နှံ့မြဲဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“ပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အကြမ်းဖက်မှုတွေ ပြည်တွင်း က ပြည်သူလူထုတွေ မသိအောင်၊ နိုင်ငံတကာက မသိအောင် သူတို့ ကြိုးပမ်းနေတာပါ။ ဒီလို နည်းပညာတွေအားကိုးပြီး လူထုက မထောက်ခံတဲ့နည်းနဲ့ သတင်းပိတ်ဆို့မှုတွေ လုပ်ရုံနဲ့ ဒီနေ့ကမ္ဘာကြီးမှာ မကောင်းမှုတွေ၊ အကြမ်းဖက်မှုတွေ ပြည်သူလူထုအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ဒီသတင်းတွေကို ပိတ်ဆို့လို့မရဘူးဆိုတာတော့ လက်တွေ့ဖြစ် ပျက်နေတဲ့ အဖြစ်အပျက်တွေက ဖော်ပြနေတယ်လို့ ကျနော် ပြောချင်ပါတယ်”
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စက်တင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်း တိုင်းမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော် (၅၂၈၃၀၀ ဦး) နဲ့ မကွေးတိုင်းမှာ စစ်ဘေး ဒုက္ခသည် တစ်သိန်းနီးပါး (၉၈၁၀၀ ဦး) နေ့ရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလိုပဲ ခုခံစစ်တွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာတော့ မြို့တော် ဟားခါးကလွဲလို့ ကျန် ရှစ်မြို့နယ်စလုံးကို အင်တာနက်ဖြတ်တောက်ထားပြီး ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်နဲ့ ကယားပြည်နယ်က ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖားဆောင်း မြို့နယ်တွေမှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။