ကျောက်စိမ်းကရတဲ့ အကျိုးအမြတ်နဲ့ စစ်တပ်က အာဏာသိမ်းမှု ဆက်စပ်
2021.07.01
ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းမှုကြောင့် မြန်မာစစ်တပ်က သူတို့ရဲ့ အဓိကဝင်ငွေရင်းမြစ်တစ်ခု ဖြစ်တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ဆက်ပြီးချုပ်ကိုင်ဖို့ အခွင့်အရေးရသွားစေတယ်လို့ Global Witness အဖွဲ့က နောက်ဆုံး ထုတ်ပြန်တဲ့အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်မှာ NLD ပါတီက ပြင်ဆင်ရေးဆွဲလိုက်တဲ့ ကျောက်မျက်ဥပဒေအသစ်ကြောင့် ကျောက်စိမ်းတူးဖော်ခွင့်ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်ပိုင်ကုမ္ပဏီကြီးတွေ အရင်လို လိုင်စင်ရဖို့ မလွယ်ကူတော့ဘဲ စစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်ကို အကြီးအကျယ်ထိခိုက်စေတာဟာ စစ်တပ်က အာဏာပြန်သိမ်းရတဲ့ အကြောင်းပြချက်အမှန် ဖြစ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
မြန်မာ စစ်တပ်ဟာ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဒေါ်လာ ဘီလျံနဲ့ ချီပြီး ဝင်ငွေရရှိနေတဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေအပေါ် လက်ဝါးကြီးအုပ် ချုပ်ကိုင်မှု ဆက်လက်တည်မြဲအောင် လုပ်ဆောင်ခဲ့တယ်လို့ ဇွန်လ ၂၉ရက်က ထုတ်ပြန်တဲ့ Global Witness အစီရင်ခံစာထဲမှာ သုံးသပ်ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ထဲမှာဆိုရင် ကျောက်စိမ်းကရတဲ့ အကျိုးအမြတ်တွေကို ရယူနိုင်ဖို့ အကျင့်ပျက်ခြစားမှုတွေ ဖြစ်နေတာ ထိပ်ပိုင်း ခေါင်းဆောင်တွေ အထိ ပါဝင်ပတ်သက်နေပြီး၊ စစ်တပ်ထဲက အကြီးတန်းအရာရှိတွေဟာ ဖားကန့်ဒေသပါဝင်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ရာထူးရဖို့အတွက် ငွေကြေး အမြောက်အမြား လာဘ်ထိုးကြရတဲ့အကြောင်း၊ ဒီလို လာဘ်စားမှုတွေထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ကိုအောင်ပြည့်စုံပါ ပါဝင်ပတ်သက်နေကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ရပ်နားထားတဲ့ ဖားကန့်က ကျောက်စိမ်းတွင်းတွေမှာ ရေမဆေးကျောက် ရှာသူတွေကော အကြီးစားလုပ်ငန်းတွေပါ တူးဖော်မှုတွေ အကြီးအကျယ် ပြန်လုပ်နေကြတာတွေ့ရပြီး၊ တရားဝင် တူးဖော်ခွင့် သက်တမ်းတိုးတာ မရှိသေးတဲ့အတွက် အားလုံး တရားမဝင် တူးဖော်နေကြတာ ဖြစ်တယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဖားကန့်ဒေသခံ ကျောက်စိမ်းလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
“လက်ရှိ အာဏာသိမ်းစစ်ကောင်စီက တူးဖော်ခွင့် ဘာမှတောင် မချရသေးဘူး။ ဖားကန့်မှာက လက်ရှိ ရှိတဲ့ ကုမ္ပဏီနဲ့ KIA နဲ့ စစ်တပ်နဲ့ အကုန်လုံး တူးနေတာ။ ကုန်တော့မှာပဲ။ တရားဝင် အမိန့်ရတုန်းကလိုပဲ အကြီးအကျယ်ကို တူးနေတာပေါ့နော်။ NLD အစိုးရ လက်ထက်ကလည်း တရားဝင် ပိတ်ခဲ့တယ်။ ဒီစစ်ကောင်စီ လက်ထက်မှာလည်း တရားဝင်ချပေးထားတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် အရင်က ဖားကန့်မှာ ကုမ္ပဏီလိုင်စင်သက်တမ်းနဲ့ တူးနေတဲ့ ကုမ္ပဏီယန္တရား အားလုံးကတော့ ဆက်တူးနေကြတယ်။ စက်ယန္တရားတွေကတော့ ကုမ္ပဏီပဲ ရှိတာကိုး။ အဲဒီ ယန္တရားတွေနဲ့ ဖားကန့် မှော်တစ်ခုလုံးမှာ တူးနေတာ ပြဲပြဲစင်ပဲ တူးနေတာ။ ဘယ်ကုမ္ပဏီရဲ့ လုပ်ကွက်ရယ်လို့လည်း မရှိတော့ဘူး။ အဲဒီမှာရှိတဲ့ KIA နဲ့ ပိုင်ရင်ပိုင်၊ စစ်တပ်နဲ့ ပိုင်ရင်ပိုင် တူးလို့ရတယ်”
အခုအချိန်မှာ အာဏာသိမ်း စ်ကောင်စီဟာ စစ်တပ်ပိုင်လုပ်ငန်းတွေက ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်ကို ပြိုင်ဘက်မရှိ ရယူထားတဲ့အခြေအနေကို ဆက်ထိန်းထားဖို့ အလားအလာရှိတဲ့ကြောင်း သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ NRGI အဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကိုမော်ထွန်းအောင်က ပြောပါတယ်။
“နောက်ဆုံးလိုင်စင်သက်တမ်းက ဒီသိန်းစိန် လက်ထက်မှာ သူအာဏာမလွှဲခင် တစ်ရက်အလိုမှာ ဥပဒေအရ သက်တမ်းတိုးပေးသွားတဲ့ တွင်းတွေရှိတယ်။ အဲဒါက ငါးနှစ်သက်တမ်းပေါ့။ ကြားထဲမှာ နားထားတာတွေ ဘာတွေနဲ့ ဆိုရင် ငါးနှစ်သက်တမ်း မိုင်ကုန် ပေးခဲ့တဲ့ ဟာတွေက ဒီ ၂၀၂၁ မှာ သက်တမ်းကုန်မှာပေါ့။ လိုင်စင် အများစုက စစ်တပ် ကုမ္ပဏီတွေဖြစ်တဲ့ MEC နဲ့ UMEHL ပေါ့။ သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေက ရထားတယ်။ သူတို့ ကျောက်လောကမှာ သုံးတဲ့ model အရ၊ လိုင်စင်ရှိတဲ့ သူ၊ ပစ္စည်းစိုက်မယ့်သူ၊ ငွေစိုက်မဲ့သူ အဲလိုမျိုး ပုံစံနဲ့ တူးပြီး အကျိုးအမြတ်တွေ ခွဲဝေယူကြတယ်။ အခုဆို စစ်ကောင်စီကနေ လိုင်စင်တွေ ပြန် အသစ်ချထားပေးမယ့် အနေအထားရှိတယ်။ အသစ်ချထားပေးမယ့် အနေအထားမှာ စစ်ကောင်စီက သူတို့ စိတ်ကြိုက်လုပ်သွားမယ့် သဘောရှိတယ်။ အဲဒီအတွက် သူတို့ ပြင်နေတယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ အသစ်ချပေးတာက NLD လက်ထက်က ပြဌာန်းသွားတဲ့ ကျောက်မျက် ဥပဒေအရ ဆိုရင်တော့ သူတို့ ငွေလိုအပ်မှုအခြေအနေအပေါ် မူတည်ပြီး ဖြစ်နိုင်တယ်။ သို့သော်လည်း ဒီကျောက်မျက်ဥပဒေကို သူတို့အလိုအတိုင်း၊ ဒီခရိုနီ ကုမ္ပဏီတွေရဲ့ အလိုအတိုင်း ပြင်ဦးမယ် ဆိုရင်တော့ ထပ်ပြီး ကြာနိုင်တယ်”

NLD အစိုးရက ပြင်ဆင်ရေးဆွဲပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ကျောက်မျက်ဥပဒေအရဆိုရင် အကြီးစား ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းအားလုံး ရပ်တန့်ရမှာ ဖြစ်ပါတယ်။
NLD အစိုးရရဲ့ ပထမသက်တမ်းအတွင်း ပြုလုပ်ခဲ့တဲ့ ကျောက်မျက်တူးဖော်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး တွေဟာ အားရစရာမရှိပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်ပြီးအနိုင်ရလိုက်တဲ့အတွက် ကျောက်စိမ်း တူးဖော်ရေးအပါအဝင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲတဲ့လုပ်ငန်းတွေကို စည်းစနစ်တကျ ဖြစ်အောင် ဆက်လက်ပြီး ကြပ်မတ်ဖို့ အခွင့်အရေးရှိခဲ့ကြောင်း၊ အခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ ဒီလို ပြုပြင်ပြောင်းလဲရေးတွေ ဆက်မလုပ်နိုင်တော့တဲ့အတွက် အကျိုးအရှိဆုံးသူဟာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကနေ တရားမဝင် ဝင်ငွေတွေ အမြောက်အမြားရနေတဲ့ တပ်မတော်သာလျှင် ဖြစ်တယ်လို့ Global Witness ရဲ့ အစီရင်ခံစာက သုံးသပ်ဖော်ပြထားပါတယ်။
စစ်တပ်ပိုင် လုပ်ငန်းတွေရဲ့ ဝင်ငွေကို ထိခိုက်လာမှာကို စိုးရိမ်ပူပန်မှုဟာ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာပြန်သိမ်းရတဲ့ အကြောင်းရင်း အမှန် တစ်ခုဖြစ်နိုင်တယ်လို့ ကိုမော်ထွန်းအောင်က သုံးသပ်ပါတယ်။
"အကြောင်းအရင်းအများကြီးထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က နိုင်ငံကြီးထဲမှာ နိုင်ငံငယ် တည်ဆောက်တဲ့ စစ်တပ်ပဲ။ သူ့စီးပွားရေးနဲ့ သူရှိတယ်။ နောက် သူ့ရဲ့ supply line တွေနဲ့ သူ့ဟာသူ self-sufficient ဖြစ်အောင် လုပ်ထားတယ်။ အထူးသဖြင့် သယံဇာတမှာ သူတို့ ယှဉ်ပြိုင်စရာ မလိုပဲနဲ့၊ ဒီလို လိုင်စင်တွေ ရထားတဲ့ ကိစ္စတွေရှိတယ်။ ဒါတွေက မက်မောစရာပေါ့နော်။ ဒါတွေကို ဒီဘက်ကနေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့အခါမှာ ယှဉ်ပြိုင်ရတာမျိုး ရှိတာတွေ၊ ဥပဒေအတိုင်း လုပ်ရတာမျိုး ရှိလာတဲ့အခါမှာ ပိုပြီး တင်းကြပ်လာမယ့် အနေအထားကို သူတို့ မြင်မိလို့ပေါ့။ နောက်တစ်ခါ လိုင်စင်ပေးတဲ့ အခါမျိုးကျရင် လက်လွှတ်ရမှာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်းရင်း တစ်ခုအနေနဲ့ ပါမယ်လို့ ထင်ပါတယ်"
စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ဖားကန့်က ထွက်တဲ့ ကျောက်စိမ်း အားလုံးရဲ့ ၇၀ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက် အထိဟာ တရုတ်နိုင်ငံဘက်ကို တရားမဝင် သယ်ယူ ရောင်းချနေကြတာ ဖြစ်တဲ့အကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် တရားဝင် ကျောက်စိမ်းလေလံပွဲတွေ ပိတ်ထားရတဲ့အတွက် ကျောက်စိမ်းကုန်သည်တွေအတွက် တရားမဝင်ရောင်းချမှုအပြင် အခြား ရွေးစရာ မရှိတဲ့အကြောင်း နဲ့ မြန်မာနိုင်ငံအရပ်ရပ်က လူပေါင်းလေးသိန်းလောက်ဟာ ဖားကန့်မှာ ရေမဆေးကျောက် ရှာသူတွေအဖြစ် ကျောက်စိမ်းတူးဖော်နေကြရပြီး၊ ဘေးကင်းလုံခြုံမှု မရှိတဲ့ အခြေအနေမှာ လုပ်ကိုင်နေကြရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်အပြင်၊ KIA, UWSA ဝတပ်ဖွဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ရခိုင့်တပ်တော် AA နဲ့ အခြား BGF တပ်ဖွဲ့အမြောက်အမြားဟာလည်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေနဲ့ တရားမဝင် ကျောက်စိမ်း ရောင်းချမှုတွေကနေ အကျိုးအမြတ်တွေ ရနေတယ်လို့လည်း Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။